Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီး၏ မှတ်ချက်စကားတချို့ကို မှန်ကန်စွာ နားလည်နိုင်စေရန် အထောက်အကူပြုမည် ရှင်းလင်းချက်မျာ
၂၀၂၀ ပြည်နှစ်၊ နိုဝင်ဘာလ (၆) ရက် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များသိစေရန်
မကြာမီက ထွက်ရှိခဲ့သော "Francesco” မှတ်တမ်းရုပ်ရှင်၌ ဖော်ပြခဲ့သည် ပုပ်ရဟန်းမင်းကြီး၏ မှတ်ချက်စကားတချို့နှင့် ပတ်သက်၍ သတင်းဌာနများအကြား အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်ကို သတိပြုမိပြီး ဖြစ်ပေလိမ့်မည်။ မှတ်ချက်စကား၏ မူလဆိုလိုရင်း အဓိပ္ပါယ်နှင့် ကွဲလွဲသော ၎င်းတို့၏ သုံးသပ်တင်ပြပုံကြောင့် အမျိုးမျိုးသော တုံ့ပြန်မှုများ၊ ရှင်းလင်းချက်များလည်း ထွက်ပေါ်လာခဲ့ကြသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သော ဗာတိကန်၏လမ်းညွှန်ချက်ကို မြန်မာနိုင်ငံ ဆိုင်ရာ ဗာတိကန်သံအမတ်ဆရာတော်ကြီး ပေါလ်ချန်အင်နမ်မှ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုထံ ပေးပို့ခဲ့ပါသည်။ အဆိုပါလမ်းညွှန်ချက်တွင် မှတ်တမ်း ရုပ်ရှင်၌ ဖော်ပြခဲ့သည် ပုပ်ရဟန်းမင်းကြီး၏ မှတ်ချက်စကားတချို့ကို မှန်ကန်စွာ နားလည်နိုင်စေရန် အထောက်အကူပြုမည် ရှင်းလင်းချက်များ ပါရှိပါသည်။
ကက်သလစ်ဘာသာဝင် သားသမီးများ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ အဆိုလမ်းညွှန်ဆွေးနွေးချက်ကို ဝေမျှလိုက်ပါသည်။
ခရစ်တော်၌
ကာဒီနယ်ချားလ်(စ်)ဘို
(ဥက္ကဋ္ဌဆရာတော်)
အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်
ဆရာတော်ကြီး Felix Lian Khen Thang
(ဥက္ကဋ္ဌဆရာတော်)
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်
"Francesco” မှတ်တမ်းရုပ်ရှင်၌ ဖော်ပြခဲ့သည် ပုပ်ရဟန်းမင်းကြီး၏ မှတ်ချက်စကားတချို့ကို မှန်ကန်စွာ နားလည်နိုင်စေရန် အထောက်အကူပြုမည် ဗာတိကန်၏ ရှင်းလင်းထုတ်ပြန်ချက်
ရုပ်ရှင်ဒါရိုက်တာ Evgeny Afineevsky ထုတ်လုပ်သည်. "Francesco” မှတ်တမ်းရုပ်ရှင်၌ ဖော်ပြခဲ့သော ပုပ်ရဟန်းမင်းကြီး၏ မှတ်ချက်စကားတချို့ကြောင့် လွန်ခဲ့သောရက်များက အမျိုးမျိုးသော တုံ့ပြန်မှုများ၊ ရှင်းလင်းချက်များ ထွက်ပေါ်လာခဲ့ပေသည်။ သို့ဖြစ်သောကြောင့် ပုပ်ရဟန်းမင်းကြီး မိန့်ဆိုခဲ့သော မှတ်ချက်စကားများအပေါ် မှန်မှန်ကန်ကန် နားလည်နိုင်စေရန် အထောက်အကူပြုမည် ရှင်းလင်းချက်တချို့ကို ပုပ်ရဟန်းမင်းကြီး၏ ညွှန်ကြားချက်အတိုင်း ကျွန်ုပ်တို့ ထုတ်ပြန်လိုက်ပါသည်။
လွန်ခဲ့သောတစ်နှစ်ကျော်အချိန်က မီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က အကြောင်းအရာမတူသော မေးခွန်းနှစ်ခုကို သီးခြားစီဖြေကြားခဲ့ပါသည်။ ယခု ဖော်ပြခဲ့သော မှတ်တမ်းရုပ်ရှင်၌မူ ထိုမေးခွန်းနှစ်ခုနှင့် အကြောင်းအရာအပြည့် အစုံကို ချန်လှပ်ထားပြီး ပုပ်ရဟန်းမင်းကြီးက မေးခွန်းတစ်ခုတည်းကို တစ်ဆက်တည်းဖြေကြားခဲ့သယောင် တည်းဖြတ်ထားပါသည်။ ယင်းအတွက်ကြောင့် ကြည့်ရှုနားဆင်သူများအကြား ရှုပ်ထွေးမှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။
ပထမဦးစွာ ပုပ်ရဟန်းမင်းကြီးက ကက်သလစ်သာသနာ၏ ရပ်တည်ချက်ကို အကိုးအကားပြု၍ မိသားစုအတွင်း၌ သားဖြစ်စေ၊ သမီးဖြစ်စေ လိင်စိတ်ကွဲပြားသူဖြစ်နေပါက ၎င်းတို့ကို ခွဲခြားဆက်ဆံသင့်ကြောင်း အောက်ပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
"လိင်စိတ်ကွဲပြားသူတွေဟာ မိသားစုဖြစ်ဖို့ အခွင့်အရေးရှိပါတယ်။ သူတို့ဟာ ဘုရားရဲ့ သားသမီးတွေဖြစ်တာကြောင့် မိသားစုထဲမှာ ပါဝင်ခွင့်ရှိပါတယ်။ ဒီအတွက်ကြောင့်မိုလို့ ဘယ်သူမှ ဖယ်ကြဉ်ခံရထားတာမျိုး၊ နာကျင်ခံစားရတာမျိုး မရှိသင့်ဘူး။"
ဗာတိကန်က ကြီးမှူးကျင်းပခဲ့သည် “မိသားစုရေးရာညီလာခံ” အပြီး ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သော ပုပ်ရဟန်းမင်းကြီး၏ စာချွန်တော် “Amoris Laetitia (မိသားစုအတွင်းရှိ ချစ်ခြင်းမေတ္တာ)” မှ ယခု ဖော်ပြမည် စာပိုဒ်ကိုဖတ်လျှင် ပုပ်ရဟန်းမင်းကြီး၏ ဖြေကြားချက်ကို ပို၍ပင် နားလည်နိုင်ပါသည်။
"လိင်တူချင်းစိတ်ဝင်စားသူများရှိနေသည် မိသားစုများ၏အခြေအနေနှင့်ပတ်သက်၍ ညီလာခံ၌ ပါဝင်ခဲ့ကြသော ဆရာတော်ကြီးများနှင့်အတူ ကျွန်ုပ်တို့ ဆွေးနွေးခဲ့ကြပါသည်။ အထက်ပါ အခြေအနေမျိုးမှာ မိဘများရော၊ သားသမီးအတွက်ပါ ခက်ခဲသော အခြေအနေမျိုးဖြစ်သည်။ ရှေးဦးစွာ ပြောလိုသည်မှာ မည်သို့ သောလိင်စိတ်မျိုးရှိနေပါစေ လူသားတစ်ဦး၏ဂုဏ်သိက္ခာကို လေးစားလျက် ၎င်းတို့ကို
ကောင်းမွန်စွာဆက်ဆံရမည်ဟု ယုံကြည်ကြောင်း ကျွန်ုပ်တို့ ထပ်မံအတည်ပြုလိုပါသည်။ “မတရား ခွဲခြားဆက်ဆံသည် အပြုအမူမှန်သမျှ”၊ အထူးသဖြင့် ၎င်းတို့ အပေါ် တိုက်ခိုက်ဝေဖန်ခြင်း၊ အကြမ်းဖက်ခြင်းကို ကျွန်ုပ်တို့ သတိပြုရှောင်ကြဉ်ရပါမည်။ ထိုသို့သော မိသားစုများကို သာသနာတော်က သင့်လျော်သော လမ်းညွှန်မှုများပေးရပါမည်။ သို့မှသာ လိင်စိတ် ကွဲပြားသူတို့ အနေဖြင့် ဘုရားသခင်၏ အလိုတော်ကို သိရှိနားလည်ပြီး ထိုအလိုတော်အတိုင်း ဘဝတွင် နေထိုင်ကျင့်ကြံနိုင်ရန် လိုအပ်သော အကူအညီများ ရရှိနိုင်ကြမည်ဖြစ်သည်။” (AL 250)
တွေ့ဆုံမေးမြန်းခန်း၌ ဖြေကြားခဲ့သည် မေးခွန်းနောက်တစ်ခုမှာ အာဂျင်တီးနားနိုင်ငံ၌ ဆယ်နှစ်ကြာ အသုံးပြုနေခဲ့ပြီဖြစ်သော "လိင်တူချင်းလက်ထပ်ခြင်းဆိုင်ရာ တန်းတူညီမျှမှုရှိရေး ဥပဒေနှင့် ဆက်ဆိုင်
သောမေးခွန်းဖြစ်သည်။ ထိုစဉ်က ပုပ်ရဟန်းမင်းကြီးသည် အာဂျင်တီးနားနိုင်ငံ၏ မြို့တော်ဖြူနိအိုင်းရစ်၏ ဂိုဏ်းချုပ်ဆရာတော်အဖြစ် အမှုတော်ထမ်းဆောင်လျက်ရှိပြီး "လိင်တူချင်းလက်ထပ်တယ်ဆိုတာ သဘာဝနဲ့ ဆန့်ကျင်နေပါတယ်” ဟု မိန့်ကြားခဲ့သည်။ ထိုသို့ ပြောဆိုပြီးနောက် ပုပ်ရဟန်းမင်းကြီးက ထိုသူတို့ အနေဖြင့် တရားဥပဒေ၏ အကာအကွယ်ပေးမှုကိုမူ ရပိုင်ခွင့်ရှိကြောင်း အောက်ပါအတိုင်း ဆက်လက်မိန့်ကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်ုပ်တို့ လုပ်ဖို့လိုတာက သူတို့ချင်းပေါင်းဖက်တာနဲ့ ပတ်သက်တဲ့ နိုင်ငံ့ဥပဒေတစ်ခုရှိရမယ်။ ဒါမှသာ သူတို့ ဟာ တရားဥပဒေရဲ့ အကာအကွယ်ကိုရရှိမှာ ဖြစ်တယ်။ အဲဒါကိုတော့ ကျွန်ုပ်ထောက်ခံပါတယ်။”
၂၀၁၄ ခုနှစ်က ဖြေကြားခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်လည်း ပုပ်ရဟန်းမင်းကြီးက ထိုကဲ့သို့ပင် ဖြေကြားခဲ့သည်ကို တွေ့ရသည်။
"လက်ထပ်ထိမ်းမြားခြင်းဆိုတာ အမျိုးသားနဲ့ အမျိုးသမီးအကြား ပြုလုပ်ရတဲ့အရာပါ။ အတူ ပေါင်းသင်း နေထိုင်တဲ့ပုံစံအမျိုးမျိုးရှိနေတာကြောင့် နိုင်ငံတွေကတော့ လိင်တူချင်းပေါင်းဖက်တဲ့ ဥပဒေကို ပြဋ္ဌန်းလိုကြတယ်။ အတူပေါင်းဖက်တဲ့သူတွေအကြား ရှိလာတဲ့ကုန်ကျစရိတ်တွေ၊ ဥပမာ ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့် အစရှိတဲ့အရေးကိစ္စတွေရဲ့ တောင်းဆိုမှုတွေကလည်း တိုးလာနေတယ်။ ဒါက ပုံစံအမျိုးမျိုးနဲ့ ပေါင်းဖက်နေထိုင်ကြသူတွေအတွက် သတ်မှတ်ရမယ့် သဘောတူညီချက်မျိုးပါ။ ဒါနဲ့ ပတ်သက်လို့ အခြေအနေက မျိုးစုံရှိနေတဲ့အတွက် ကျွန်ုပ်အနေနဲ့ ဘယ်လိုသတ်မှတ်ရမလဲဆိုတာ မသိနိုင်ပါဘူး။ မတူညီတဲ့အခြေအနေအလိုက် မှန်မှန်ကန်ကန် သုံးသပ်နိုင်အောင်တော့ လုပ်ရပါလိမ့်မယ်။”
အထက်ပါဖြေကြားချက်များကို ကြည့်ပါက ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံများ၌ လုပ်ဆောင် နေကြသော အထောက်အကူပြုဥပဒေများနှင့်ပတ်သက်၍ မိန့်ကြားနေခြင်းသာဖြစ်ပြီး ကက်သလစ် သာသနာတော်၏ အခြေခံစည်းမျဉ်းများကို ရည်ရွယ်မိန့်ကြားခဲ့ခြင်းမဟုတ်ကြောင်း ထင်ရှားလေသည်။ ထိုရပ်တည်ချက်ကိုလည်း ပုပ်ရဟန်းမင်းကြီးက လွန်ခဲ့သောနှစ်များတွင် အကြိမ်ပေါင်းများစွာ ထပ်မံ၍ အတည်ပြု မိန့်ကြားခဲ့ပြီး ဖြစ်လေသည်။
Add new comment