“ရဟန်းတစ်ပါးဟာ ဘုရားရှင်နဲ့ နီးကပ်စွာတည်ရှိနေမှသာလျှင် ကိုယ့်ရဲ့သိုးစုတွေကိုလည်း စိမ်းလန်းသည့် စားကျက်သို့ပို့ဆောင်နိုင်မယ်” ဟု ဆလေးရှင်းအသင်းဂိုဏ်းမှ ဦးပဉ္ဇင်းကြီး ရှန်းဗျက်မုန် ၏ ရဟန်းသိက္ခာတင်ခြင်းအခမ်းအနား ၌ ဆရာတော် ဂျွန်စောယောဟန် မြွတ်ကြား

“ရဟန်းတစ်ပါးဟာ ဘုရားရှင်နဲ့ နီးကပ်စွာတည်ရှိနေမှသာလျှင် ကိုယ့်ရဲ့သိုးစုတွေကိုလည်း စိမ်းလန်းသည့် စားကျက်သို့ပို့ဆောင်နိုင်မယ်”

“ရဟန်းတစ်ပါးဟာ ဘုရားရှင်နဲ့ နီးကပ်စွာတည်ရှိနေမှသာလျှင် ကိုယ့်ရဲ့သိုးစုတွေကိုလည်း စိမ်းလန်းသည့် စားကျက်သို့ပို့ဆောင်နိုင်မယ်” ဟု ဆလေးရှင်းအသင်းဂိုဏ်းမှ ဦးပဉ္ဇင်းကြီး ရှန်းဗျက်မုန် ၏ ရဟန်းသိက္ခာတင်ခြင်းအခမ်းအနား ၌ ဆရာတော် ဂျွန်စောယောဟန် မြွတ်ကြား

 

၁.၆.၂၀၂၂ (RVA Myanmar)

ဇွန်လ(၁) ရက်နေ့ ၊ နံနက်(၉း၀၀) နာရီက ဦးပဉ္ဇင်းကြီး ရှန်းဗျက်မုန် ( SDB ) အား ထာဝရ ရဟန်းသိက္ခာတင်ခြင်း အခမ်းအနားမစ္ဆားကို အနီးစခန်း ၌ ကျင်းပပူဇော်ခဲ့ပါသည်။ မစ္ဆားတရားတော်မြတ်အား ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုဦး ဆောင်ပြီး လက်ထောက်ဆရာတော်ဂျွန်စောယောဟန်၊မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် ကြီးမာကုတင်ဝင်း၊ လားရှိုးဂိုဏ်းအုပ် ဆရာတော်လုကပ်စ်ဒေါင်ဇယ် ၊နှင့်ရပ်နီးရပ်ဝေးများ ရဟန်း တော်များ၊သီလရှင်များ၊ကိုရင်များမိသားစုများနှင့်ဓမ္မမိတ်ဆွေများပါဝင်တက်ရောက်ခဲ့ကြပါသည်။

မစ္ဆားတရားတော်မြတ်၌ ရန်ကုန်ဂိုဏ်းချုပ်သာသနာ လက်ထောက်ဆရာတော် ဂျွန်စောယောဟန်က ဩဝါဒ တရားရေအေးတိုက်ကျွေးခဲ့ပါသည်။

ဆရာတော်ဂျွန်စောယောဟန်ကယနေ့ခေတ်လူအများဟာကိုယ့်ရဲ့သားသမီးတွေကိုလောကီရေးရာပိုင်းမှာတည့်တံ့စေဖို့ ထိန်းသိမ်းတတ်ကြပြီး ၊ သာသနာ့အမွေ၊ယုံကြည်ခြင်းမျိုးဆက်ရှင်သန်စေဖို့ ရဟန်း သီလရှင်ဘောင်အတွက်သားသမီးတွေကို လှူဒါန်းပေးကြမယ့်မိဘတွေဟာနည်းလာတဲ့ အကြောင်းများ ကိုရှေးဦးစွာပြောကြားခဲ့ပါသည်။

ဆက်လက်၍ဆရာတော်ကသိက္ခာခံယူမည့်ဦးပဉ္ဇင်းကြီး၏မိဘများအား ရဟန်းဘောင်သို့ လျှောက်လှမ်း နိုင်ရန်အတွက် သာသနာသို့လှူဒါန်းပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်းကို ပြောကြားရာ

“ ဒီနေ့ ကျွန်ုပ်တို့ ကက်သလစ်သာသနာအတွက် ဆလေးရှင်း ရဟန်းတစ်ပါးကို မြန်မာပြည်အတွက် ဘုရားသခင်ပေးသနားခြင်းဟာ ဘာသာဝင်များရဲ့ ဆု‌တောင်းမှု၊ မိဘများရဲ့ ရက်ရောမှု ၊ လူငယ်လေး ဦးပဉ္ဇင်းကြီး ဂျိုးဇက်မုန်ရဲ့  စွန့်လွှတ်မှုတွေကြောင့် ဘုရားသခင် နားညောင်းခြင်းဖြစ်ပါတယ်။ ဒီရဟန်း လောင်းရဲ့ မိဘ၊ ဘိုးဘွားတွေလိုဘဲ ယနေ့သိက္ခာတင်ခြင်း အခမ်းအနားမှာ လာရောက်ပြီး တဲ့နောက် ပါဝင်ဆုတောင်းပေနေကြတဲ့ ဘိုးဘွားတွေ၊ မိဘတွေထံပါးကနေလဲ သာသနာ့ဘောင်အတွက် ရဟန်း ကိုရင် သီလရှင်ဘဝတွေနဲ့  အစေခံဖို့ မိမိတို့ရဲ့ သားသမီး၊မြေး၊မြစ်တွေကို ရက်ရောပေးကြဖို့ အလှူခံလို ပါတယ်။ အဲ့လိုဘဲ ဘုရားသခင်ရဲ့ ဖိတ်ခေါ်သံကိုကြားပြီး မိမိရဲ့ဘဝကို ဘုရားနဲ့ အများအတွက် စွန့်လွှတ် ဆက်ကပ်တဲ့လူငယ်မောင်မယ်တွေဖြစ်နိုင်ကြဖို့ ဒီနေ့အခမ်းအနားမှာ ပါဝင်နေကြတဲ့ လူငယ် မောင်မယ် တွေ၊သားငယ်သမီးငယ်တွေကို အားပေးဖိတ်ခေါ်ပါတယ်။”

“ ညီအစ်ကိုမောင်နှမအပေါင်းတို့ခေါ်တော်မူခြင်းရရှိဖို့ မိဘတွေ၊လူငယ်တွေဟာ၊ ပဓာနကျ အရေးကြီးသလို ရဟန်းကိုရင် သီလရှင်ဘဝ ခေါ်တော်မူ ခြင်းရရှိထားတဲ့ ကျွန်ုပ်တို့တတွေရဲ့ ရှင်သန်မှု ပုံစံဟာလည်းပဲ အရေးကြီးလှပါတယ်။ သာသနာပြု အချင်းချင်း စည်းလုံးညီညွတ်မှု၊ ကူညီမှုတွေ ၊ အခြေအနေအမျိုးမျိုးကြားမှာ ဝမ်းမြောက်ရွှင် လန်းမှု တွေနဲ့ နေထိုင်ကြရင် ကျွန်ုပ်တို့ရဲ့ ဘဝဟာ ခေါ်တော်မူခြင်းအတွက် အားကျစရာ၊ စိတ်ဝင်စားစရာ၊ ဖြစ်ပါမယ်။သာသနာပြုဘဝမှာ ဝမ်းမြောက်မှု ကင်းမဲ့နေရင်၊ အချင်းချင်း ကွဲပြားနေမယ်ဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ ဘဝဟာ ခေါ်တော်မူခြင်းအတွက် အားတက်စရာမဟုတ်ဘဲ အားပျက်စရာ ဖြစ်နေမယ်ဆိုတာ ကိုလည်းပဲ ဒီနေ့ ခေါ်တော်မူခြင်းကို ပွေ့ပိုက်ထားကြတဲ့ ကျွန်ုပ်တို့အားလုံး သတိပြုနေကြရမှာ ဖြစ်ပါတယ်။ “

ဟေဗြဲဩဝါဒ၅း၁-၁၀ကို ကျွန်ုပ်တို့ ကြားခဲ့တဲ့ နေရာမှာ  “ယဇ်ပုရောဟိတ်သည်လည်း ကိုယ်တိုင် အားနည်းသောသူဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ယဇ်ပုရောဟိတ် ဖြစ်ဖို့လည်း အားထုတ်ရသလို ယဇ်ပုရောဟိတ်ဘဝကိုရောက်သွားတဲ့အခါမှာလည်းပဲ အားနည်းမှု တွေ မဖြစ်ရလေအောင် ရုန်းကန်နေရသေးတယ်ဆိုတာကို သတိပြုမိပါတယ်။ အဲ့လိုပါဘဲ ရဟန်းတစ်ပါး ဖြစ်ဖို့ မလွယ်ကူပါဘူး။ပြုတဲ့ကတိ၊ထားတဲ့သစ္စာ၊တည်ကြည်တဲ့ရဟန်း တစ်ပါးဖြစ်ဖို့ဆိုတဲ့ ကိစ္စကတော့ ပိုပြီးတဲ့နောက် ခက်ခဲလှပါတယ်။ ကျွန်ုပ်တို့ ရဟန်းဖြစ်သင် ကိုရင်ဘဝမှာ အကြီးအကဲတွေရဲ့ မျက်စိ အောက်၊ကျောင်းစည်းကမ်း တွေရဲ့ခေါင်းလောင်းသံတွေနဲ့ ဘဝဟာ အကာအကွယ် တွေရှိခဲ့ပေမယ့်၊ ရဟန်းဖြစ်လာတဲ့ အခါမှာတော့ မိမိကိုယ်သာကြီးကြပ်ရာ၊ မိမိကိုယ်သာမိမိ ထိန်းသိမ်းရတော့မယ့် ကိစ္စတွေဖြစ်ပါတယ်။ ကိုရင်ဘဝထက် ရဟန်းဘဝဟာ ပိုပြီးတဲ့နောက် လွတ်လပ်လာ မယ်။ လုပ်ပိုင်ခွင့် အာဏာတွေပိုရလာမယ်။ဘာသာတူတွေရဲ့ယုံကြည်မှုနဲ့ ချဉ်းကပ်နီးစပ်မှုတွေ ပိုပြီးတဲ့ နောက် ရလာပါ လိမ့်မယ်။ အဲ့ဒီအခါမှာ ကျွန်ုပ်တို့ရဲ့ နေထိုင်မှုပုံစံဟာ အကန့်အသတ်ချပြီး တဲ့နောက် နေထိုင်ရ မှာဖြစ်ပါ တယ်။ “

ကျွန်ုပ်ကိုရင်သင်္ကန်းယူတဲ့အခမ်းအနားမှာ  သင်္ကန်းပေးတဲ့ဘုန်းတော်ကြီးက ကိုရင်တွေကို ဩဝါဒချွေ ရင်း ဘာသာတူတွေကိုလဲ ဆုံးမတဲ့ သတိပေးစကားမြွက်ကြားခဲ့ တာလေးတစ်ခုကို သတိရမိ ပါ တယ်။အဲ့ဒါက ဘာလဲဆိုတော့

”ကိုရင်တို့ရဲ့ခေါ်တော်မူခြင်းခရီးမှာ သင်တို့ဟာ စူးညှောင့်ခလုတ်တွေမဖြစ်ပါစေနဲ့”ဆိုတဲ့ သတိပေး စကား ဖြစ်ပါတယ်။ဒီနေ့ သိက္ခာခံယူမယ့် ဦးပဉ္ဇင်းကြီးရဲ့ ခေါ်တော်မူခြင်းလမ်းတစ်လျှောက်မှာ သင်တို့ဟာ အကူအညီပေးခဲ့ကြတဲ့အတွက် သာသနာကိုယ်စားနှင့် ဆလေးရှင်း အသင်းဂိုဏ်း အတွက်ပါ ကျေးဇူးတင်ပါတယ်။ ဒီနေ့ သူဟာ သိက္ခာခံပြီးတာနဲ့ ရဟန်းဘဝမှာရှင်သန်ရမှာဖြစ်တယ်။ ခက်ခဲတဲ့သူ့ရဲ့ ရဟန်းဘဝမှာ ကျွန်ုပ်တို့ဟာဆက်လက်ပြီးတဲ့နောက် အကူအညီပေးတဲ့သူတွေဖြစ်ပါစေ။ အပူပေးတဲ့သူ မဖြစ်ရလေအောင်၊ သူ့အတွက် စူးညှောင့်ခလုတ် မဖြစ်ရလေအောင် ဝိုင်းဝန်းပြီးတဲ့နောက် သတိထား ပေးကြဖို့ လည်း မေတ္တာရပ်ခံပါတယ်။ “

ဆက်လက်၍ ဆရာတော်က ရဟန်းလောင်းအား “ ဒီနေ့ ကိုယ့်ရဲ့ ရဟန်း သိက္ခာခံယူပွဲမှာ ငါဟာအသင်းဂိုဏ်းနဲ့ ငါ့ကိုအပ်နှံထားမယ့် သိုးစုအတွက် ဘာအလုပ်လုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစား စေချင်ပါတယ်။ အသင်းဂိုဏ်းနဲ့သိုးစုတွေထံကနေ ဘာများရနိုင်မလဲဆိုတဲ့ အကျိုး အမြတ်မျှော်ကိုးပြီး အလုပ်လုပ်သူတစ်ဦးမဖြစ်ရလေအောင် သတိပြုရပါမယ်။ ကြားခဲ့ရတဲ့ သမ္မာကျမ်းစာမှာ ယေဇူးဘုရား ရှင်ဟာ တပည့်တော်ကြီးခရစ်ကျိတ်နှစ်ပါးကို ရွေးကောက်စဉ်မှာ လွယ်အိတ်တွေ၊၊ ငွေအိတ် တွေ၊ မလိုအပ်တဲ့အသုံးအဆောင်တွေ၊ သယ်မသွားခိုင်းပါဘူး။ တနည်းအားဖြင့် ရိက္ခာဆိုတဲ့အရာကို ထည့်မပေးလိုက်ဘူးလို့ ကျွန်ုပ် တို့ နားလည်လို့ ရပါတယ်။ဘာကြောင့်လဲဆိုတော့ တာဝန်ဝတ္တရားနဲ့ ရပိုင်ခွင့်ဟာ ပူးကပ်နေသလို တာဝန်ကျေတဲ့သာသနာပြုတစ်ဦး အတွက်လည်းပဲ ရပိုင်ခွင့်တွေ၊ လိုအပ်တဲ့အထောက်အပံ့တွေက လိုအပ်တဲ့အချိန်မှာ ရှိနေမှာပဲဖြစ်ပါတယ်။ ဆရာတော်က သိက္ခာပဲပေးတယ်။ရိက္ခာတော့မပေးဘူးလို့ တချို့က ပြောဆိုတတ်ကြပါတယ်။ ညဉ်းတွားကြပါတယ်။ တကယ်တော့သိက္ခာနဲ့ ရိက္ခာဆိုတာဟာ ခေါင်းနဲ့ပန်းလို ဒွန်တွဲနေတဲ့အရာဖြစ်တယ်။ ဟုတ်ရင် ကျော်မယ်၊ပုပ်ရင်ပေါ်မယ်ဆိုတဲ့စကားလို ကိုယ့်ရဲ့သိက္ခာသမာဓိ သီလအားကောင်းနေမယ်ဆိုရင် ဆည်းကပ်ချီးမြင့်မယ့် ဒကာ၊ဒကာမတွေဟာ ကျွန်ုပ်တို့ရဲ့  အနီးအပါးမှာ ပေါများနေမှာဖြစ်တယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ အားမကောင်းဘူးဆိုလို့ရှိရင် တော့ အကူအညီလည်းပဲကင်းမဲ့ပျောက်ဆုံးနေမှာဖြစ်တယ်။ ဒါကြောင့် ဒီနေ့ ညီလေး ရဟန်းသစ်လေးကို အားပေးချင်တာက ရိက္ခာအတွက် မပူနဲ့၊ သိက္ခာ အတွက်ပဲ ပူပါ။သိက္ခာထားရင်ရိက္ခာပွားမယ်။သိက္ခာပါးရင်ရိက္ခာရှားမယ်ဆိုတာကို နှလုံးသွင်း ထားစေချင်ပါတယ်။    “ ဟုဆိုကာ သိက္ခာရှိသော ရဟန်းတစ်ပါးဖြစ်ရန်အတွက် အားပေးလမ်း ညွှန်တိုက်တွန်းခဲ့ပါသည်။

ဆက်လက်၍ ဆရာတော်ဂျွန်စောယာဟန်က မနေ့က ကျွန်ုပ်တို့ မယ်တော်သခင်မ ဧလိဇဘက်ထံမှ အကြည့်အရှု့ အကူအညီ သွားတဲ့ပွဲကို ကျင်းပကြပါတယ်။  မယ်တော်သခင်မက ဧလိဇဘက်ကိုသွားရောက်ကူညီပါတယ်။ နှစ်ဦးစလုံးက ကိုယ်ဝန်တွေ လွယ်ထားကြရတယ်။ မယ်တော်သခင်မလွယ်ထားရတဲ့ကိုယ်ဝန်က ဘုရားရဲ့သားတော် ဧလိဇဘက် လွယ်ထားရတဲ့ကိုယ်ဝန်က ရိုးရိုးလူသား ပါဝါခြင်းယှဉ်မယ်ဆိုရင် မယ်တော်က မိခင်ပါဝါ ပိုပြီးတော့မြင့်ပါတယ်။ ကျွန်ုပ်တို့ လောကအမြင်နဲ့ အာဏာနဲ့ရှင်သန်တဲ့ အသိုင်းအဝိုင်းမှာ အာဏာ နည်းတဲ့သူက၊အာဏာရှိတဲ့သူထံပါးမှာ အလုပ်အကျွေးပြုရပါတယ်။ ဒီနေ့မယ်တော် လောက မျက်စိနဲ့ကြည့်မယ်ဆိုရင် ဧလိဇဘက်ထက် အာဏာမြင့်ပါတယ်။ သို့သော်ငြားလည်းပဲ မယ်တော်ဟာ သူ့ဆီမှာ သူများလာပြီးတဲ့နောက် အစေခံတာထက် သူ့ရဲ့အကူအညီကို လိုအပ်တဲ့ပုဂ္ဂိုလ်အတွက် သွားပြီးတဲ့နောက် အကူအညီပေးခြင်းကို  မြတ်နိုးပြီး သက်သေပြခဲ့ပုဂ္ဂိုလ်ဖြစ်တယ်။   မယ်တော်ဟာ ရှင်သန်တဲ့ဘဝမှာ အာဏာနဲ့မဟုတ်ဘဲ မေတ္တာနဲ့ အသက်ရှင်တဲ့အခါမှာ နီးစပ်တဲ့သူ လိုအပ်တဲ့ သူတွေ အတွက် အလုပ်အကျွေး အကူအညီပေးနိုင်ခဲ့ဖို့ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ ဒီနေ့လည်းပဲ ကျွန်ုပ်တို့ရဲ့ ရဟန်းလောင်း ဦးပဉ္ဇင်းကြီးကို မယ်တော်ရဲ့ ဘဝပုံစံကို လက်ကိုင်ပြုပါ။ ရှင်သန်သော ဘဝမှာ အာဏာနဲ့ မဟုတ်ဘဲနဲ့ မေတ္တာနဲ့ရှင် သန်ပါ။အဲ့ဒီအခါထားရာနေ၊စေရာသွား၊ရောက်တဲ့အရပ်မှာအကောင်းဆုံး အလုပ်အ ကျွေးပြုနိုင် မယ့် ဘုရားရဲ့အသုံးချခံတန်ဆာတစ်ဦးဖြစ်လာမယ်ဆိုတာကိုအားပေးချင်ပါတယ်။“ ဟုဆို ကာ ဦးပဉ္ဇင်းကြီး အား မေတ္တာတရားနှင့် အသက်ရှင်ကာ ဘုရားရှင်ကိုအစေခံနိုင်သော သူတစ်ဦးဖြစ်လာစေရန် အတွက် ဆရာတော်ကအားပေးလမ်းညွှန်ခဲ့ပါသည်။

ဆက်လက်၍လည်းဆရာတော်ဂျွန်စောယောဟန်က ဦးပဉ္ဇင်းကြီး အားသာသနာ့အမှုတော်ကိုထမ်း ဆောင်ရာ၌ဘုရားသခင်နှင့်နီးစပ်မှုရှိဖို့ကသာလျှင်အဓိကကျသည့်အကြောင်းများကိုတိုက်တွန်းလမ်း ညွှန်ရာ

“နုနယ်တဲ့ရဟန်းဘဝအစမှာ ဘုရားကျောင်းတွေ ၊ ဓမ္မာရုံတွေ၊ စတဲ့ ရုပ်ပိုင်းဆိုင်ရာ အ‌ဆောက်အအုံတွေကိုဆောက်ဖို့ ကြိုးစားတာထက် ကိုယ်နဲ့အတူ တာဝန်ကျတဲ့ ရဟန်းကိုရင် သီလရှင်တွေ ၊ ဘာသာသူတွေ၊ လူငယ်မောင်မယ်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ပါ။ အထူးသဖြင့် ကိုယ်နဲ့ဘုရားနဲ့ ပေါင်းစပ်ရင်းနှီးမှုကို ဦးစားပေးတည်ဆောက်ပါ။ ဘာကြောင့်လဲဆိုရင် ကိုယ့်ရဲ့ အသက်သခင်၊ ကိုယ့်ရဲ့ အလုပ်ရှင်ဖြစ်တဲ့ ဘုရားရှင်နဲ့နီးကပ်စွာ တည်ရှိမှသာ ကိုယ့်ဘဝဟာ လည်းပဲ လန်းဆန်းနေမယ်။ ကိုယ်လုပ်ဆောင်သမျှ အမှုအရာတိုင်းမှာလည်းပဲ ဘုရားသခင်ရဲ့ ကောင်းချီးတွေနဲ့ ပြည့်ဝနေမယ်။ ကိုယ့်ကိုအပ်နှံထားတဲ့  သိုးစုတွေကိုလည်း စိမ်းလန်းတဲ့စားကျက်ကို ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ ပင်စည်နဲ့ကင်းကွာတဲ့အကိုင်းက ခြောက်သွေ့သွားသလို ဘုရားနဲ့ပေါင်းစပ်မှုဟာ အားနည်းမယ်ဆိုလို့ရှိရင် အဲ့ဒီရဟန်းဟာ သာသနာပြုချင်တဲ့ စိတ်ဓာတ်တွေ ပျောက်ဆုံးပြီး ခေါ်တော်မူခြင်းဟာလည်း တဖြည်းဖြည်း ဆုံးရှုံးတတ်ပါတယ်။ ဘုရားနဲ့နီးစပ်ဖို့ အရေးပါဆုံးလမ်းကြောင်းဖြစ်တဲ့နေ့စဉ်နဲ့အမျှကိုယ်တော်မြတ်ဖူးခြင်းကိုပြုလုပ်ဖို့အထူးအား ပေးလိုပါတယ်။ ရဟန်းဘဝ Day One ကနေအစပြုပါ။ အစကောင်းမှ အနှောင်းသေချာဆိုသလို မိမိရဟန်းဘဝအစပြုတဲ့ ဒီနေ့ Day One ကစပြီး ဘုရားနဲ့နီးစပ်တဲ့ ရဟန်းတစ်ပါးဖြစ်ပါစေ။ ဘာသာသူ တွေကို ဘုရားနဲ့ နီးကပ်စေနိုင်တဲ့ ပေါင်းကူး တံတားတစ်စင်းဖြစ်ပါစေ။ ဘဝနဲ့ဆန္ဒတစ်ထပ်တည်းကျပြီး ၊ စွန့်လွှတ်စွန့်စားမှု သူရဲကောင်း စိတ်ဓာတ် တွေနဲ့ သာသနာအမှုကိုထမ်းဆောင်နိုင်ပါစေ။ နောက်ဆုံး တစ်နေ့၊ အဖဘုရားသခင်ပြင်ဆင်တဲ့ ထာဝရဘုရား နိုင်ငံတော်မှာ အမွေခံနိုင်သူတစ်ဦး ဖြစ်ပါစေလို့ ဒီနေ့ သိက္ခာတင်ခြင်းအခမ်းအနားမှာ စုဝေးနေကြတဲ့ ဆရာတော်ကြီးများ၊ ရဟန်း ကိုရင် သီလရှင်များ၊ မိဘဆွေမျိုးများနဲ့အတူကျွန်ုပ်တို့ အားလုံးဟာသင့်အတွက် ဆုမွန်ကောင်းတောင်း ပေးပါတယ်။ အယောက်ဆီတိုင်းအပေါ်မှာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာအစဉ် အမြဲသက်ရောက်ခြင်းရှိ ပါစေ။ “ ဟုဆိုကာ ဩဝါဒကို အဆုံးသတ်ခဲ့ပါသည်။

အဲ့ဒီနောက်  ရဟန်းသိက္ခာတင်ခြင်းအခမ်းအနားကိုစတင်ခဲ့ပြီး ဦးပဉ္ဇင်းကြီး ရှန်းဗျက်မုန် ( SDB ) သည် ရန်ကုန်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၏ လက်တော်မှ ထာဝရ ရဟန်းသိက္ခာကိုရရှိခဲ့ပါသည်။

ရဟန်းသစ် Fr. ရှန်းဗျက်မုန် ( SDB ) ၏ ဆောင်ပုဒ်မှာ “ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။” သံယောဟန် ၁၅း၉ ဟူ၍ ဖြစ်ပါသည်။  

News By Pinky

Photo Credit : Salesians of Don Bosco -Myanmar

Add new comment

6 + 4 =