(၄) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ညီလာခံ ဆွေးနွေးမှုမှထွက်ပေါ်လာသော လူငယ်များ၏ စကားအသံ

(၄) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ညီလာခံ ဆွေးနွေးမှုမှထွက်ပေါ်လာသော လူငယ်များ၏ စကားအသံ

(၄) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်ညီလာခံ ဆွေးနွေးမှုမှထွက်ပေါ်လာသော လူငယ်များ၏ စကားအသံ

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၊ လူငယ်ကော်မရှင်မှ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် လူငယ်များညီလာခံကို  “သင်တို့၏ ငယ်ရွယ်နုပျိုခြင်းကို ချစ်မြတ်နိုးပါ” ခေါင်းစဉ်ဖြင့် ရန်ကုန် ဂိုဏ်းချုပ် သာသနာ၊ သန်လျင်မြို့ရှိ စိန့်ဖရန်စစ် ဇေးဗီးယား ဘုရားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ညီလာခံသို့ မြန်မာနိုင်ငံ ကက်သလစ် သာသနာ (၁၆) ခုမှ လူငယ် ကိုယ်စားလှယ် (၁၆၄)  ဦး၊ လေ့လာသူ (၆) ဦး တက်ရောက်ပါဝင်ခဲ့ကြပါသည်။ ဆရာတော် ၄ ပါး၊ သာသနာ အသီးသီးမှ လူငယ်တာဝန်ခံ ဘုန်းတော်ကြီး များ အပါအဝင် ဘုန်းတော်ကြီး (၂၄) ပါး၊ စစ္စတာ (၇) ပါး၊ အစီအစဉ်များအတွက် အားဖြည့်ကူညီသူ (၂၈) ဦး နှင့် လုပ်အားပေး (၃၀) ဦး တို့လည်း ပါဝင်ခဲ့ကြပါသည်။

ညီလာခံအတွင်း လူငယ်များသည် အတူတကွ ဝတ်ပြုဆုတောင်းခြင်း၊  အလင်းပေးလမ်းပြ ပို့ချချက်များအား နာယူသုံးသပ်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အတွေ့အကြုံဝေမျှခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ညီလာခံ၏ ပထမရက်တွင် “အသင်းတော်အတွက် လူငယ်၊ လူငယ်အတွက် အသင်းတော်” ၊ ဒုတိယရက်တွင် “လူငယ်များ၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာခြင်း” ၊ တတိယရက်တွင် “ကက်သလစ် လူငယ်မောင်မယ်များ၏ အသံများ” စသည့် ဆောင်ပုဒ်များဖြင့် ဆွေးနွေးခဲ့ကြပါသည်။

တွေ့ရှိချက်များ

(အသင်းတော်အတွက် လူငယ်၊ လူငယ်အတွက် အသင်းတော်)
ကက်သလစ် အသင်းတော်သည် လူငယ်တမန်တော်လုပ်ငန်း လုပ်ဆောင်ရာတွင် နည်းလမ်းများ ကြွယ်ဝစွာ ရှိသော်လည်း ထိရောက်မှုအပိုင်းတွင် လိုအပ်ချက်များ ရှိနေပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ လူငယ်တမန်တော်လုပ်ငန်း၏ သဘောသဘာဝကို လူငယ်များ ပြည့်ဝစွာ နားလည်သဘောပေါက်မှု မရှိခြင်း၊ စိတ်ဝင်စားမှုအားနည်းခြင်း၊ နိုင်ငံရေး၊ လူမှုစီးပွားရေး အခက်အခဲများက လူငယ် တမန်တော်လုပ်ငန်းတွင် လူငယ်များ၏ ပါဝင်နိုင်မှုအား  အဟန့်အတားဖြစ်စေခြင်းများကြောင့်  ဖြစ်ပါသည်။

အသင်းတော်သည် လူငယ်များအတွက် စီမံကိန်းများ၊ အစီအစဉ်များဖြင့် အားစိုက် လုပ်ဆောင်လျက်ရှိသော်လည်း လုံလောက်မှု မရှိသေးပါ။ ဘာသာတရား လက်ဆင့်ကမ်းသွန်သင်ပေးခြင်း၊ လက်တွေ့ကျသော ပညာရေးမြှင့်တင်ခြင်းများ တိုးမြှင့်လုပ်ဆောင်ရန်လိုအပ်သကဲ့သို့ လူကုန်ကူးခံရခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းနှင့် မီဒီယာ၏ သားကောင်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးမှုနှင့် ကုသပေးမှု အစီအစဉ်များ အားနည်းနေပါသေးသည်။

အသင်းတော်၏ ယုံကြည်ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း၊ ယုံကြည်ခြင်းနှင့် နီတိရေးရာ သွန်သင်ချက်များအားဖြင့် ပြည့်ဝစုံလင်သည်။ ယုံကြည်သူတိုင်းအတွက်၊ အထူးသဖြင့် လူငယ်တို့၏ ဝိညာဉ်ရေး ခိုင်မာစေရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းများစွာရှိသည်။ သို့သော် လူငယ်များ၏ ဝိညာဉ်ရေး ဆာငတ်မှုကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်စွမ်းမရှိသောကြောင့် အသင်းတော်ကို စွန့်ခွာသည့် လူငယ်များ တိုးပွားလာလျက် ရှိသည်။

အသင်းတော်သည် လူတိုင်းအား ကယ်တင်ခြင်းဆီသို့ လက်တွဲခေါ်ဆောင်ရန်ဖြစ်သည်။ အသင်းတော်တွင် လူတိုင်းအတွက် နေရာရှိသည်။ သို့သော် သာသနာနယ်အချို့တွင် ဘုန်းတော်ကြီးနှင့် သာသနာ့ ခေါင်းဆောင်အချို့တို့သည် လူငယ်များအား ယုံယုံကြည်ကြည် နေရာပေးခြင်းမရှိပါ။

မြန်မာပြည် ကက်သလစ် အသင်းတော်တွင် ဘုန်းတော်ကြီးများ၊ ဘရာသာရ်၊ စစ္စတာများ၊ ဓမ္မဆရာ/မများ နှင့် သာသနာ အကျိုးတော်ဆောင်များ အတိုင်းအတာတစ်ခုအထိ လုံလောက်စွာရှိနေသည်ဟု ဆိုနိုင်ပါသည်။ သို့သော် အကျင့်သီလဖြင့်ဖြစ်စေ၊ နည်းပညာကျွမ်းကျင်မှုဖြင့် ဖြစ်စေ၊ ခေါင်းဆောင်မှုစွမ်းရည်ဖြင့်ဖြစ်စေ လူငယ်တာဝန်ခံများမှ လူငယ်များအား ဖေးမလက်တွဲခေါ်ယူမှု အားနည်းနေပါသေးသည်။ လူငယ်များအတွက် မားမားမတ်မတ် ရပ်တည်ပေးမည့် သူတော်စင် အသင်းဂိုဏ်းသော်လည်းကောင်း အသင်းတော်၏ ခေါင်းဆောင်သော်လည်းကောင်း ပေါ်လွင်စွာ မတွေ့ရသေးပါ။

အသင်းတော်တွင် စနစ်ကျသော စီမံအုပ်ချုပ်မှုနှင့် ဖွဲ့စည်းပုံ၊ ကျစ်လစ်ရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများရှိသော်လည်း လူငယ်တမန်တော်လုပ်ငန်းဆိုင်ရာ ရှင်းလင်းပြတ်သားသော မူဝါဒ၊ စီမံခန့်ခွဲမှုနှင့် တာဝန်ခွဲဝေမှုတို့ ရှိရန်လိုအပ်နေပါသေးသည်။

(လူငယ်များ၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာခြင်း)
လူငယ်နှင့် ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးတိုးတက်မှု

လူငယ်များသည် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်မည့် ကိုယ်ကျင့်တရားများကို တန်ဖိုးထားကြသည်။ သင်ယူလိုစိတ်ပြင်းထန်သည်။ ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ထားဖြင့် ပေါင်းသင်းဆက်ဆံလိုစိတ်ရှိသည်။ အနစ်နာခံ ဆက်ကပ်မှုဖြင့် အများအကျိုး သယ်ပိုးလိုစိတ်ရှိသည်။ လက်တွေ့ဘဝတွင်မူ မိမိတို့ တန်ဖိုးထားသည့်အတိုင်း ကျင့်ကြံနေထိုင်မှုအပိုင်းတွင် အားနည်းနေပါသေးသည်။

မျက်မှောက်ခေတ်အချိန်အခါသည် အလွန်လျင်မြန်စွာ ပြောင်းလဲနေသည်။ ထိုပြောင်းလဲမှု ရေစီးကြောင်းတွင် လူငယ်များတို့သည် မျောပါလျက် မိမိကိုယ်ကိုမိမိ ပြန်လည်သုံးသပ်နိုင်ခြင်း မရှိကြတော့ပေ။ ဤသို့သောအားဖြင့် ပြုမူပြောဆိုနေထိုင်ခြင်းတို့သည် တိမ်းချော်မှားယွင်းကြရသည်။

ပညာရေးပိုင်းတွင် လူငယ်များစွာသည် အထက်တန်းအဆင့်ကိုပင် မကျော်နိုင်ကြဘဲ ပညာ ရေးဆုံးခန်းတိုင်ခြင်းမရှိပါ။ သက်မွေးသင်တန်းများတွင်လည်း သင်ယူမှုအားနည်းနေကြပါသည်။ နောက်ဆက်တွဲအနေဖြင့် ကောင်းမွန်သော အလုပ်အကိုင်မရကြဘဲ ကြုံရာကျပန်း အလုပ်ဖြင့် အသက်မွေးနေကြရသည်။ ထိုသို့ မိသားစု၏ စားဝတ်နေရေး ကိစ္စအတွက်သာ လုံးပန်းနေရသောကြောင့် မိမိတို့ဘဝ မြှင့်တင်ရေးကို အာရုံထား စဉ်းစားနိုင်စွမ်း၊ လူငယ် အဖွဲ့အစည်းများတွင် ပါဝင်နိုင်စွမ်း အားနည်းလာနေသည်။ ထို့အပြင် အများအကျိုးပြုအသင်းအဖွဲ့များတွင် ပါဝင်ခြင်း၊ လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်းများလည်း မလုပ်နိုင်ကြတော့ပါ။

 (လူငယ်နှင့် မိသားစုအသက်တာ)
မိသားစုများသည် လူမှုရေး၊ စီးပွားရေး ကျပ်တည်းမှုများကြောင့်  ပုံမှန်ရပ်တည်နိုင်ရန်ပင် ရုန်းကန်နေကြရသည့်အတွက် သားသမီးများအား ပညာသင်ကြားပေးရန်၊ လူ့အသိုင်းအဝိုင်းအတွင်း အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရုန်းကန်နေကြရသည်။

အချို့သောမိဘများ၏ ယုံကြည်ခြင်း ခိုင်မာမှု မရှိခြင်း နှင့် ရှေးရိုးစွဲ အယူအဆများ ကြောင့် သားသမီးများသည် ဘာသာရေးလုပ်ငန်းများတွင် ပါဝင်ခွင့်မရ ဖြစ်ကြရသည်။ မိသားစုအတွင်း ယုံကြည်ခြင်းခိုင်မာမှု၊ ချစ်ခြင်းမေတ္တာ၊ စည်းလုံးမှုနှင့် အပြန်အလှန်နားလည်မှု အားကောင်းလာစေရေးအတွက် ကျောင်းထိုင်ဘုန်းတော်ကြီး၊ လူငယ်တာဝန်ခံ ဘုန်းတော်ကြီး၊ စစ္စတာတို့နှင့် မိဘတို့အကြား ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရန် လိုအပ်ပါသည်။ မိဘနှင့် သားသမီးများအကြား ယုံကြည်မှု တည်ဆောက်ပေးရန်လည်း လိုအပ်ပါသည်။

 အနာဂတ်တွင် မိသားစုထူထောင်မည့်သူများ ဖြစ်ကြသော လူငယ်များအတွက် ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ သိသင့်သိထိုက်သော နည်းလမ်းများကို အသင်းတော်မှ ကောင်းစွာသင်ကြားပေးရန် လိုအပ်ပါသည်။

(လူငယ်နှင့် ယနေ့ကက်သလစ် အသင်းတော်)

ဆုတောင်းခြင်းအမှု၌ ပါဝင်ရန်၊ စက္ကရမင်းတူးများ ပုံမှန်ခံယူရန် စသော အသင်းတော်၏ သန့်ရှင်းမြင့်မြတ်ခြင်း၌ လူငယ်များ ရှင်သန်နိုင်ရန် သွန်သင်ပဲ့ပြင်မှု လိုအပ်သကဲ့သို့ လူငယ်များမှလည်း အားထုတ်ပါဝင်ရန် လိုအပ်သည်။

 လောကီပူပန်မှုများဖြစ်သော လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေးနှင့် လုံးပန်းနေရလျက် ဝိညာဉ်ရေးကို အားထုတ်နိုင်စွမ်း မရှိကြသော လူငယ်များ၊ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း၊ လူကုန်ကူးခံရခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ မီဒီယာ၏ သားကောင်ဖြစ်ခြင်း စသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော လူငယ်များအတွက် အသင်းတော်သည် ကူညီပံ့ပိုးဖြေရှင်းပေးရန် လိုအပ်ပါသည်။

လူငယ်တမန်တော်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသင်းအဖွဲ့အတွင်း ပဋိပက္ခများ ဖြစ်ခြင်း၊ စည်းလုံးမှု ပြိုကွဲခြင်း၊ နားလည်မှုလွဲခြင်းများ မရှိစေရေးအတွက် လူငယ်တမန်တော်လုပ်ငန်းဆိုင်ရာ ခိုင်မာသော မူဝါဒရှိရန် လိုအပ်ပါသည်။

လူငယ်တမန်တော် လုပ်ငန်းတွင် ဆက်ကပ် လုပ်ဆောင်နေကြသူများ၏ အနာဂတ်ဘဝရပ်တည်မှု မရေမရာ မဖြစ်စေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပြင်ဆင်ချိတ်ဆက်ပေးရန် လိုအပ်ပါသည်။

(လူငယ်နှင့် ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေခြင်း)
အသင်းတော်သည် သတင်းကောင်းဖြန့်ဝေခြင်းအတွက် လူငယ်များအား အထူးအားကိုး အားထား ပြုသကဲ့သို့ တမန်တော်လုပ်ငန်းများတွင် ရက်ရောစွာ ဆက်ကပ်နေကြသော လူငယ်များစွာလည်း ရှိပါသည်။

မိမိတို့၏ ယုံကြည်ခြင်းကို သေချာစွာ သိနားလည်ခြင်း မရှိကြသောကြောင့် သက်သေခံများ မဖြစ်နိုင်ကြသလို အနည်းငယ်မျှသော အခက်အခဲရင်ဆိုင်ရသည်နှင့် ပျောက်ကွယ် သွားကြသော လူငယ်များ ရှိပါသည်။ လူငယ်များသည် ဘာသာရေးတွင် စိတ်အားထက်သန်မှု လျော့နည်းနေကြပြီး အပျော်အပါးလိုက်စားခြင်း၊ ဘာသာကွဲ လက်ထပ်ခြင်း တို့ကြောင့်လည်း အသင်းတော်ပြင်ပသို့ ရောက်သွားကြသည်များလည်း ရှိပါသည်။

 (လူငယ်နှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း)
လူငယ်များသည် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ဆုတောင်းခြင်း၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စည်းလုံးခြင်းအတွက် ကြိုးစားအားထုတ်မှုတွင် ပါဝင်ဆုတောင်းခြင်းနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ကြသည်။

စစ်ဘေးရှောင်များ၊ သဘာဝဘေး အန္တရာယ်ခံစားနေရသူများအား ကူညီထောက်ပံ့ရေး တို့တွင် အားတက်သရော ပါဝင်လုပ်ဆောင်ကြသည်။

ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နိုင်ရန်မူ နိုင်ငံရေး အသိပညာများကို စနစ်တကျ လေ့လာသင်ယူရန် လိုအပ်နေသေးသည်။

                                             

                                                - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အကြံပြုချက်များ

    မြန်မာပြည် ကက်သလစ်အသင်းတော်မှ လူငယ်တမန်တော်လုပ်ငန်းဆိုင်ရာ စနစ်ကျသော မူဝါဒများ ချမှတ်ပြီး လူငယ်တာဝန်ခံများအား အရည်အသွေး မြှင့်တင်ပေးခြင်း၊ လူငယ်ရေးရာ စင်တာများအား သာသနာအလိုက် ဖွဲ့စည်းတည်ထောင်ပေးခြင်းများ ဆောင်ရွက်ပေးပါရန်။

    လူငယ်တာဝန်ခံ ဘုန်းတော်ကြီးများအား အခြားလုပ်ငန်းများနှင့် ပူးတွဲ တာဝန်ခန့်အပ်ခြင်း မရှိဘဲ လူငယ်တမန်တော်လုပ်ငန်း တစ်ခုတည်းကိုသာ တစိုက်မတ်မတ် ထမ်းဆောင်စေရန်။

    လူငယ်များ ယုံကြည်ခြင်းခိုင်မာစေရန်၊ စိတ်ဓာတ်ရေးရာ ရင့်ကျက်သူများ ဖြစ်လာစေရန်အတွက် ဘာသာတရား (သမ္မာကျမ်းစာ၊ ဘုရားစကား)ကို အသက်အရွယ်အလိုက် နည်းစနစ်မှန်ကန်စွာ သင်ကြားပို့ချပေးပါရန်။

    အသင်းတော်၏ အသက်တာနှင့် လုပ်ငန်းစဉ်များတွင် လူငယ်များအား လက်ကမ်းကြိုဆို နေရာ ပေးပြီး လက်တွဲခေါ်ကာ လမ်းပြကူညီ သွန်သင်ပေးပါရန်။

    သာသနာအချင်းချင်း လူငယ်မိတ်သဟာယအစီအစဉ်များကို အသင်းတော်မှ ဦးဆောင်ပြုလုပ်ပေးပါရန်။

    လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်လျက် အောင်မြင်သော ဘာသာတူမိသားစုဘဝ ထူထောင်နိုင်ရေးအတွက်သွန်သင်လမ်းပြ ပေးပါရန်။

    လူငယ်တာဝန်ခံ ဘုန်းတော်ကြီး၊ ကျောင်းထိုင်ဘုန်းတော်ကြီး နှင့် စစ္စတာများမှ လူငယ်များ၏ မိသားစုနှင့် ရင်းနှီးစွာဆက်ဆံလျက် ဝိညာဉ်ရေးလမ်းညွှန်ခြင်းဖြင့် လူငယ်များနှင့် မိဘများအကြား နားလည်မှုတည်ဆောက်ပေးကာ  လူငယ်များ၏ အသက်တာကို အဖော်ပြု လမ်းညွှန်ပေးပါရန်။

    လူငယ်များ၏ ပညာရေးကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများရှာဖွေကာ ဘွဲ့ဒီဂရီအပ်နှင်းသောသင်တန်း/ကျောင်းများ၊ သက်မွေးပညာသင်တန်း/ကျောင်းများဖွင့်လှစ်ခြင်း၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းတို့ဖြင့် ဘဝရပ်တည်နိုင်အောင် လမ်းညွှန်ကူညီ ပေးပါရန်။

    လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် လူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးအသိပညာမြှင့်တင်ပေးခြင်း၊ လမ်းညွှန်ပေးခြင်း၊ ရပ်တည်ပေးခြင်းများဖြင့် ပံ့ပိုးကူညီပေးပါရန်။

    မူးယစ်ဆေးဝါး၊ အရက်သေစာ၊ မီဒီယာနှင့် အင်တာနက် ဂိမ်းများ စွဲလန်းနေသော လူငယ်များအား ကုသပေးခြင်း၊ ထိုကဲ့သို့ စွဲလန်းမှုများ မဖြစ်စေရန် ကာကွယ်ပေးခြင်း အစီအစဉ်များအား အသင်းတော် ၏မဟာဗျူဟာစီမံကိန်းများ ရေးဆွဲရာတွင် ထည့်သွင်းလုပ်ဆောင်ပေးပါရန်။

    လူငယ်တာဝန်ခံဘုန်းတော်ကြီးနှင့် လူငယ်ခေါင်းဆောင်များအကြား၊ လူငယ်ခေါင်းဆောင်နှင့် လူငယ်များအကြား၊ ကျစ်လစ်ခိုင်မာသော ဆက်သွယ်ဆက်ဆံရေးနှင့် ဒိုင်ယာလော့ အားကောင်းစေရန်အတွက် အသင်းတော်မှ ပံ့ပိုးကူညီပေးပါရန် ” ဟူ၍ လူငယ်ညီလာခံဆွေးနွေးမှုများမှ ထွက်ပေါ်လာခဲ့ပါသည်။

Add new comment

1 + 14 =