အသေအချာ စဉ်းစားသုံးသပ်၍ မဲပေးကြပါ

Catholic Archbishop's House 289 Theinbyu Road Botahtaung P.O. 11161 Yangon,

MYANMAR Tel: 95-1-392517 / 392667/245167, Fax: 95.1.379059

၂၈၉၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်စာတိုက် ၁၁၁၆၁၊ ရန်ကုန်မြို့။ Email: [email protected]

 

ရက်စွဲ။ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်

 

ပြည်သူပြည်သားအပေါင်းသို့ မေတ္တာရပ်ခံချက် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ၌ အသေအချာ စဉ်းစားသုံးသပ်၍ မဲပေးကြပါ

ကာဒီနယ် ချားလ်စ်မောင်ဘို၊

ရန်ကုန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကျွန်ုပ်၏ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊

မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်လိုက်ပါတယ်။

ဒီကာလဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ကာလဖြစ်ပါတယ်။ ကပ်ရောဂါကို ရင်ဆိုင်ကြုံ တွေ့နေရတဲ့ သင်တို့တစ်ဦးစီအတွက် ကျွန်ုပ်ဆုတောင်းပေးနေပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ နိုင်ငံကို ကာကွယ်စောင့်ရှောက်တော်မူပါစေ။

လာမယ့်နိုဝင်ဘာလမှာ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပကြတော့ မှာဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံသားတိုင်းရဲ့ တာဝန်တစ်ရပ်အနေနဲ့ ကျွန်ုပ်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ကျွန်ုပ်တို့ ရွေးကောက်တင်မြှောက်ကြရမှာပါ။ ဒီလိုသမိုင်းဝင်အချိန်မှာ ကျွန်ုပ်အနေနဲ့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ သင်တို့အားလုံးကို မေတ္တာရပ်ခံလိုပါတယ်။ သင်တို့ရဲ့ ညီအစ်ကိုတစ်ဦး အနေနဲ့ မြန်မာနိုင်ငံရဲ့ ကောင်းကျိုးနဲ့ တိုင်းပြည်တစ်ခုလုံးသာယာဝပြောဖို့အတွက် ကျွန်ုပ်အခုလို မေတ္တာရပ်ခံရခြင်းဖြစ်ပါတယ်။

၁။ မဲပေးခြင်းဟာ ကျွန်ုပ်တို့ရဲ့ မွန်မြတ်တဲ့တာဝန်ဖြစ်ပါတယ်။

မဲပေးခြင်းဟာ မွေးရာပါအခွင့်အရေးဖြစ်ပါတယ်။ ပိုပြီးစုံလင်အောင် ပြောရမယ်ဆိုရင် အခွင့်အရေးသက်သက်သာမဟုတ်ဘဲ မွန်မြတ်တဲ့တာဝန်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီခရီး လမ်းမှာ မရှိမဖြစ် လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် မဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ စစ်ဆေးဖို့နဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံကို အရောက်သွားပြီး မဲပေးကြဖို့ ကျွန်ုပ်တိုက် တွန်းလိုပါတယ်။ ပြည်သူပြည်သားတွေတက်တက်ကြွကြွပါဝင်ခြင်းဟာ ဒီမိုကရေစီလမ်းစဉ်မှာ အရမ်းကို အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

၂။ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောလမ်းကြောင်းဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ရှင်သန်ဖွံ့ဖြိုးခြင်းဟာ ပြည်တွင်းပဋိပက္ခတွေနဲ့ ထိခိုက်နာကျင်နေရတဲ့ ဒီ နိုင်ငံကို ကုစားဖို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ပါတယ်။ ရွှေနိုင်ငံရဲ့ချစ်သားသမီးတွေဖြစ်ကြတဲ့ ကျွန်ုပ်တို့ဟာ ငြိမ်းချမ်းရေးအသီးအပွင့်ကိုခံစားဖို့ရာ ထိုက်တန်ကြပါတယ်။ လက်နက်ကိုင်ဖြေရှင်တဲ့နည်းလမ်းကြောင့် နိုင်ငံသားများစွာသေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာဟာ လည်း စစ်ဘေးဒုက္ခသည်တွေအဖြစ်နဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပါတယ်။ ဒီလိုဆိုးဝါးတဲ့ ခေတ်ကာလကြီးကို အဆုံးသတ်ဖို့ အချိန်တန်နေပါပြီ။ ယခုပြည်တွင်းစစ်မှာ ဘယ်သူကမှ အနိုင် မရခဲ့ကြပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ရနိုင်ပါတယ်။ ငြိမ်းချမ်းရေးသည်သာလျှင် တစ်ခုတည်းသော လမ်းစဉ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဘာသာတရားအဆုံးအမတွေကလည်း ငြိမ်းချမ်းရေးလမ်း စဉ်ကို အားပေးကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် မဲပေးကြဖို့ သင်တို့ကို ကျွန်ုပ်တိုက် တွန်းပါတယ်။

၃။ အားနည်းသူတွေရဲ့ အသံကိုကြားရအောင် ဒီမိုကရေစီလမ်းစဉ်ကတစ်ဆင့် လုပ်နိုင် ပါတယ်။

 ကျွန်ုပ်တို့နိုင်ငံသားတွေဟာ ဖော်ရွေပျူငှာသူ၊ မေတ္တာတရားကြီးမားသူတွေအဖြစ် ကမ္ဘာက သိရှိပြီး ကျက်သရေမင်္ဂလာနဲ့ပြည့်တဲ့လူမျိုးဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ဖြစ်သမျှကို တစ်ခွန်းမှ မပြောဘဲ ကြိတ်မှိတ်နေလာခဲ့တာ အတော်ကြာခဲ့ပါတယ်။ ဒီမိုကရေစီစနစ်က အားနည်းသူ၊ ထိ ခိုက်လွယ်သူတွေကို များစွာအထောက်အကူပြုပါတယ်။ ဆင်းရဲချို့တဲ့သူတွေဟာ အုပ်ချုပ်သူ အစိုးရကို ရွေးချယ်နိုင်တဲ့အတွက် ရွေးကောက်ပွဲဟာ အရေးပါလှပါတယ်။ ဆင်းရဲချို့တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ မဲမထည့်လိုက်ရတာမျိုး အဖြစ်မခံပါနဲ့။ အခြေခံလူတန်းစားတွေရဲ့ ဘဝတိုးတက်ဖို့ လုပ်ဆောင်တဲ့ပါတီကို မဲပေးရွေးချယ်ကြပါ။

၄။ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးမှာ တရားမျှတမှုကို ဖော်ဆောင်ပေးပါတယ်။

တရားမျှတမှုမရှိဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူးဆိုတာကို ဘာသာတရားအားလုံးက သွန်သင်ထားပြီး ဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ သယံဇာတတွေကို နိုင်ငံသားအားလုံးရဲ့ ကောင်းကျိုးအတွက်၊ အထူးသဖြင့် ဆင်းရဲချို့တဲ့သူတွေနဲ့ အစွန့်ပစ်ခံလူတန်းစားတွေအတွက် မသုံးစွဲသရွေ့ အဘက် ဘက်က ချွတ်ခြုံကျနေတဲ့ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးပန်းတိုင်ဟာ ဝေးနေအုံးမှာပါ။ ကျွန်ုပ်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အသေအချာစီစစ်ရွေးချယ်ကြပါ။ ကျွန်ုပ်တို့ရဲ့ သယံဇာတတွေကို မတရားလုယူ၊ ခြယ်လှယ်ခဲ့ကြပြီး ကျွန်ုပ်တို့ကို ဆင်းရဲအောင် လုပ်ခဲ့ကြတဲ့သူတွေ ကို မဲမပေးကြပါနဲ့။ သူခိုးတွေဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်စားလှယ်တော်တွေဖြစ်ဖို့ မထိုက်တန်ပါဘူး။ ၅။ အမုန်းတရားပြန့်ပွားအောင် လုပ်နေတဲ့သူတွေကို ဖော်ထုတ်ပါ။

အဖွဲ့အစည်းစိတ်ဓာတ်နဲ့ အများကောင်းကျိုးသယ်ပိုးလိုတဲ့စိတ်ဓာတ်တွေဟာ ဒီမိုကရေစီ ဆက်လက်ရှင်သန်ဖို့ လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ ပြည်သူလူထုအကြား အမုန်းတရားပြန့် ပွားအောင် လုပ်ဆောင်တာ၊ တစ်ပါးသူအပေါ် အပြစ်ပုံချတာမျိုးကို ရွေးကောက်ပွဲကာလမှာ လက်နက်သဖွယ် အသုံးပြုလာကြပါတယ်။ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက် သယောင်နဲ့ ဖေ့စ်ဘုတ်လူမှုကွန်ယက်ကို အသုံးချပြီး အမုန်းစကားပျံ့နှံ့အောင် သွေးထိုးလှုံ့ဆော် နေကြတာတွေကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်တဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ဒီ လူတွေဟာ ကာကွယ်စောင့်ရှောက်သူတွေမဟုတ်ဘဲ နိုင်ငံအပေါ် ခြယ်လှယ်အမြတ်ထုတ်နေကြ တဲ့လူတန်းစားနဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ရှိနေကြတဲ့သူတွေပါ။ သူတို့ကို ဖော်ထုတ်ပြီး သမိုင်းမှတ်တမ်းဆိုးနဲ့ ဖယ်ထုတ်ပစ်ရပါလိမ့်မယ်။

၆။ တိုင်းတစ်ပါးသားနဲ့ပေါင်းပြီး နိုင်ငံအပေါ် အမြတ်ထုတ်မယ့်သူတွေကို ရှောင်ကြပါ။

ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့လာပြီး ပြည်သူပြည်သားတွေအတွက်လည်း ရေရှည်တည် တံ့တဲ့အနာဂတ်ကို ဖော်ဆောင်ပေးမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက လက် ကမ်းကြိုဆိုနေပါတယ်။ ဒါပေမဲ့ ပြည်တွင်းခရိုနီတွေနဲ့ပေါင်းပြီး မြန်မာနိုင်ငံကို အလွယ်တကူ ကုတ်သွေးစုပ် အမြတ်ထုတ်ဖို့ ကြံစည်နေကြတဲ့ ပြည်ပအရင်းရှင်တွေလည်း ရှိနေကြပါတယ်။ အဲဒီလို တိုင်းပြည်အပေါ် စေတနာမထားတဲ့သူအတော်များများဟာလည်း အခုရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမှာပါ။ သူတို့တွေဟာ ဘယ်သူတွေလဲဆိုတာ သိအောင် လုပ်ကြပါ။ ဒီမိုကရေစီအစိုးရ ထဲမှာ သူတို့ကို နေရာမပေးဖို့ လိုပါတယ်။

၇။ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ဖို့ ရင်းနှီးလုပ်ဆောင်ပါ။

ငယ်ရွယ်တက်ကြွတဲ့လူ့စွမ်းအားအရင်းအမြစ် ပေါများလှတဲ့နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို အပြည့်အ၀ကျင့်သုံးနိုင်အောင် ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မယ့်အချိန် က ရောက်လာမှာပါ။ အုပ်ချုပ်သူအစိုးရအနေနဲ့ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံကျ တဲ့အခွင့်အရေးတစ်ခုအနေနဲ့ လက်ခံတတ်ဖို့ လိုအပ်ပါတယ်။ ယခင်အာဏာရှင်အစိုးရအဆက် ဆက်က လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ဖို့ကို မျက်ကွယ်ပြုခဲ့တဲ့အတွက် တစ်ချိန်က ချမ်းသာခဲ့တဲ့ နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့နိုင်ငံအဖြစ်ကို ရောက်ခဲ့ရပါတယ်။ အဲဒါကြောင့်မို့လို့ လူ့စွမ်းအားဖွံ့ဖြိုးတိုး တက်ရေးကို ပီပီပြင်ပြင်ဖော်ဆောင်ပေးမယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မဲပေးကြပါ။

၈။ ဉာဏ်ရည်ပြည့်ဝနေရုံနဲ့မပြီးဘဲ ရိုးသားဖြောင့်မတ်မှုလည်း ရှိပါစေ။

မြန်မာနိုင်ငံမှာ ဉာဏ်ရည်ပြည့်ဝတဲ့ခေါင်းဆောင်တွေအများကြီးလိုအပ်နေပါတယ်။ ဒါပေမဲ့ အဲဒီခေါင်းဆောင်တွေဟာ ပြည်သူကို အလုပ်အကျွေးပြုလိုတဲ့ခေါင်းဆောင်တွေ၊ ရိုးသားဖြောင့်မတ်စိတ်၊ တာဝန်ယူတာဝန်ခံလိုစိတ်၊ ပွင့်လင်းမြင်သာစိတ်နဲ့ ပြည့်ဝတဲ့ခေါင်းဆောင်တွေ လည်း ဖြစ်ဖို့လိုပါတယ်။ အုပ်ချုပ်မှုအာဏာဟာ အလုပ်အကျွေးပြုလိုတဲ့စိတ်ကနေ လာတာပါ။ မြန်မာနိုင်ငံမှာ ခေါင်းဆောင်လုပ်ချင်တဲ့သူတွေအများကြီးကြုံခဲ့ရပြီးပါပြီ။ အခုလိုအပ်နေတာက ပြည်သူကို အလုပ်အကျွေးပြုလိုတဲ့ခေါင်းဆောင်တွေပါပဲ။

၉။ များပြားလှတဲ့ကပ်ဆိုးတွေကို တိုက်ဖျက်ပေးမယ့်ခေါင်းဆောင်တွေလိုအပ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ဆောင်ချက်တွေကိုလေ့လာကြည့်ရင် တည် ကြည်ခိုင်မာတဲ့အစိုးရတွေဟာ နိုင်ငံအတွင်း ရောဂါဒဏ်ကြီးကြီးမားမားမခံစားရအောင် စွမ်း ဆောင်နိုင်ကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ ငတ်မွတ်ခေါင်းပါးတဲ့ကပ် ဘေး၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ကပ်ဘေး၊ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ကပ်ဘေး၊ တိုင်း တစ်ပါးမှာ ဘဝလုံခြုံမှုမရှိဘဲ အသက်မွေးရတဲ့ကပ်ဘေး၊ နိမ့်ကျတဲ့ပညာရေးကပ်ဘေး အစရှိတဲ့ ကပ်ဘေးမျိုးစုံကို ကြုံတွေ့ခဲ့ကြရပါတယ်။ ဒီလိုကပ်ဘေးတွေကို ရှေ့တန်းကနေ မားမားမတ်မတ် ရပ်ပြီး တိုက်ဖျက်ပေးမယ့်သူတွေကို ဒီရွေးကောက်ပွဲက မွေးထုတ်ပေးနိုင်ပါစေ။

၁၀။ စစ်မှန်တဲ့ နိုင်ငံရေး၊ စီးပွားရေး ဖက်ဒရယ်လမ်းစဉ်တွေ ထွက်ပေါ်လာဖို့ မဲပေးကြပါ။

မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်မှန်တဲ့ နိုင်ငံရေး၊ စီးပွားရေး ဖက်ဒရယ်လမ်းစဉ်ထွက်ပေါ်လာဖို့ ကြိုးစားလှုပ်ရှားခဲ့ပြီး အဲဒီအတွက်ပဲ အသက်ပေး ဆပ်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးမယ့်သူတွေ ကို မဲပေးကြပါ။

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရောင်နီသစ်ပေါ်ထွန်းလာပါစေ။

Add new comment

1 + 13 =