အဘယ်ကြောင့် စနေနေ့ကိုမယ်တော့်နေ့ဟု ကက်သလစ်သာသနာတော်ကြီးကသတ်မှတ်ထားရပါသလဲ

အဘယ်ကြောင့် စနေနေ့ကိုမယ်တော့်နေ့ဟု ကက်သလစ်သာသနာတော်ကြီးကသတ်မှတ်ထားရပါသလဲ

            အမိကက်သလစ်သာသနာတော်ကြီးသည် တစ်ပတ်တာ၏ (၇) ရက်ကို နေ့စဉ်အလိုက် ဘာသာတူများ၏ ၀ိညာဉ်ရေးအတွက်ရည်စူး၍ ပူဇော်အပ်နှံထားသည်။

-         တနင်္ဂနွေနေ့သည် ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းကို မျက်မှောက် ပြုထောက်ရှု့ရမည့်နေ့၊

-         တနင်္လာနေ့သည် ကွယ်လွန်သွားကြသော၀ိညာဉ်များအတွက်ဆုတောင်းပေးရမည့်နေ့၊

-         အင်္ဂါနေ့သည် ဘုရားသခင်၏ သိကြားတမန်တော်များနေ့၊

-         ဗုဒ္ဓဟူးနေသည် ယေဇူးသခင်၏အထိန်းတော်၊ မယ်တော်ခင်ပွန်းတော် စိန့်ဂျိုးဇက်၏နေ့၊

-         ကြာသပတေးနေ့သည် ကြာသပတေးနေ့ကြီးည၌ကျင်းပခဲ့သော  ယေဇူးသခင်နောက်ဆုံး ညစာစားပွဲကိုအမှတ်ရသောအားဖြင့် ကိုယ်တော်မြတ်နေ့၊  

-         သောကြာနေ့သည် ထိုနေ့၌ပင်လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ‌ကျော်က ယေဇူးသခင်၏ ကယ်တင်ခြင်းလမ်း၌ခံထမ်းခဲ့သောဒုက္ခနှင့်ရရှိခဲ့သောဒဏ်ရာတော်ကိုပြန်လည်အမှတ်ရ ဆင်ခြင် ထောက်ရှု့သောနေ့၊

-         စနေနေ့သည် အမိမယ်တော်အား အပ်နှံထားသောနေ့ဟူ၍သတ်မှတ်ထားပါသည်။

            အခြားနေ့များနှင့်ပတ်သက်၍ မေးခွန်းများမရှိလှသော်လည်း စနေနေ့နှင့်ပတ်သက်၍ ဘာသာတူ များက အဘယ်ကြောင့်စနေနေ့ကိုမယ်တော်အားအပ်နှံထားသည်ကိုမေးမြန်း လာကြပါသည်။ စာရေးသူကိုယ်တိုင် လည်းအကြောင်းအရင်းကိုမသိဖြစ်နေခဲ့ပါသည်။

ထို့ကြောင့် အားလုံးကိုဖြေကြားသည့်အနေဖြင့်လိုက်လံရှာဖွေဖတ်ရူရာအောက်ပါအတိုင်းသိခဲ့ရသည်ကိုပြန်လည်‌ဝေမျှ လိုက်ပါသည်။   

            ဤအစဉ်အလာသည် အမိသာသနာ၏ ရာစုပေါင်းများစွာ အထူးသဖြင့် အလယ်ခေတ်၏ ကြည်ညိုမူ တစ်ခုဖြစ်ကြောင်း ‘ကက်သလစ်စွယ်စုံကျမ်း’ (Catholic Encyclopedia) တွင်ဖော်ပြထားသည်။ စနေ နေ့များ၌ အမိသာသနာကသတ်မှတ်ကျင်းပသောပွဲနေ့မရှိပါက ရဟန်းတော်များသည် အမိမယ်တော်အား ကြည်ညိုသော ဆုတောင်းမေတ္တာများဖြင့်မစ္ဆားပူဇော်လေ့ရှိကြသည်။ လွန်ခဲ့သည့် (၁၀) စုနှစ်၏ မစ္ဆားလမ်း ညွှန်စာအုပ် (Leofric Missal) ၌ စနေနေ့၌အမိမယ်တော်အားဂုဏ်ပြုသော 

မစ္ဆားပူဇော်ရန်သတ်မှတ်လမ်း ညွှန်ထားသည်ကိုတွေ့နိုင်သည်။    

            အမိမယ်တော်၏အကြောင်းကိုဖွင့်ဆိုသော ‘မယ်တော့်အဘိဌာန်’ စာအုပ်၌လည်း ဤကြည်ညိုခြင်း သည် (အေဒီ ၇၃၅-၈၀၄) ကာလက Alcuin ဆိုသူမှမယ်တော်အားကြည်ညိုသူများ တစ်ပတ်တစ်ကြိမ် မယ် တော်အား ဂုဏ်ပြုညိုစွာဖြင့် မစ္ဆားကိုဆုတောင်းပူဇော်နိုင်ရန် သီကုံးခဲ့သောအစဉ်အလာမှစခဲ့သည်။ Alcuin ဆိုသူမှာ ယောခ့်မြို့မှဖြစ်ပြီး၊ အင်္ဂ လိပ်လူမျိုး ပညာရှင်လည်းဖြစ်သကဲ့သို့ ဘုန်းတော်ကြီး၊ ကဗျာဆရာ၊ ဆရာလည်းဖြစ်သည်။ သူ့အား (အေဒီ ၇၂၄) တွင်မွေးဖွားခဲ့ပြီး (၈၀၄၊ မေလ ၁၉) ၌‌ပျံလွန်သွားခဲ့သည်။ ဤသို့စနေနေ့ကိုရွေးချယ်သတ်မှတ်ခဲ့သော်လည်း အဘယ်ကြောင့်စနေနေ့ကိုရွေးချယ်သတ်မှတ်ခဲ့သည်ကိုမူ ရှင်းပြမထားပေ။             

            သာသနာ၏ဖခင်ကြီး ဓမ္မပညာရှင်စိန့်သောမတ်စ်အကွီးနပ်စ်၏သုံးသပ်ချက်ကား ယေဇူးသခင်ရှင် ပြန်သော တနင်္ဂနွေနေ့နှင့်ဆက်စပ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမိမယ်တော်သည် ယေဇူးသခင်၏ ပထမဦးဆုံးတပည့်တော်ကြီးလည်းဖြစ်လေရာ ယေဇူးသခင်၏မိန့်ကြားချက်များကို ခိုင်မာစွာယုံကြည်သကဲ့ သို့ ထိုအကြောင်းအရာအလုံးစုံတို့ကို သူ၏စိတ်နှလုံးတွင်စဉ်းစားဆင်ခြင်လျက် သိမ်းထားသူဖြစ်သည်။ (သံလုကာ ၂း၁၉၊ ၅၁ခ) ဆိုလိုသည်မှာ ယေဇူးသခင်သက်တော်ကုန်ဆုံးခဲ့သည်မှာ သုံးရက်ပြည့်ပြီဖြစ်၍ ပြန် ရှင်ပြန်မည်ကိုယုံကြည်သောကြောင့် ကိုယ်၊ စိတ်၊ နှလုံးသုံးပါးကိုပြင်ဆင်ထားခဲ့သည်။ (သံမာတေဦး ၁၇း၂၂-၂၃၊ သံမာကု ၉း၃၀-၃၂၊ သံလုကာ ၉း၄၃-၄၅) နောက်ပိုင်း၌ ခရစ်ယာန်များသည် စနေနေ့ကို ဥပုသ်နေ့အဖြစ်မသတ်မှတ်တော့ဘဲ ၄င်းတို့၏ကယ်တင်ရှင်ယေဇူးဘုန်းတော်ဖြင့်ပြန်လည်ရှင်ပြန်သော နေ့ထူးနေ့မြတ်ဖြစ်သည့် တနင်္ဂနွေနေ့ကိုဥပုသ်နေ့အဖြစ်သတ်မှတ်လာခဲ့ကြသည်။ တနင်္ဂနွေနေ့ကို ယေဇူး သခင်၏နေ့အဖြစ်သတ်မှတ်ထားသောကြောင့်လည်း ထိုနေ့နှင့်အနီးစပ်ဆုံး စနေနေ့ကိုမယ်တော့်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုလိုက်ခြင်းဖြစ်မည်ဟုယုံကြည်ပါသည်။  

            စိန့်ပီတာဒါမာရှင်းကလည်း စနေနေ့အားမယ်တော်နေ့အဖြစ်သတ်မှတ်ခြင်းနှင့်စပ်လျင်း၍ ဘုရားသ ခင်သည် ဖန်ဆင်းခြင်းလုပ်ငန်းကို (၆) ရက်တာပြုလုပ်ခဲ့သည်။ (၇) ရက်မြောက်နေ့၌ ငြိမ်၀ပ်စွာနေတော်မူ ၏။ အမိမယ်တော်သည် လူအဖြစ်ကိုယူတော်မူသောသားတော်ငြိမ်၀ပ်စွာနေရန်ရွေးချယ်ခဲ့သည့် သန့်ရှင်း သောနေရာဖြစ်သည်ဟုရေးသားခဲ့သည်။ (St Peter Damian, Opusculum 33, De Bono Suffragorum, PL 145, 566)။

            သို့သော် အထောက်အထားပိုမိုခိုင်လုံသောသာဓကကား ဖာတီမာမြို့၌ မယ်တော်ထင်ရှားပြစဉ်က မိန့်ကြားခဲ့ သောစကားများမှဆင့်ပွားလာခြင်းဖြစ်သည်ဟုဆိုပါသည်။ (၁၉၂၅၊ ဒီဇင်ဘာ ၁၀) ရက်နေ့က အမိမယ်တော်သည် စပိန်နိုင်ငံ၊ Pontevedra မြို့ရှိ သီလရှင်ဘ၀ကိုခံယူ၍ သီလရှင်ကျောင်း၌သီတင်းသုံးနေသော စစ္စတာရ်လူချီးယာထံ ပေါ်လာခဲ့သည်။ စစ္စတာရ်လူချီးယာသည် ပေါ်တူဂီနိုင်ငံ၊ ဖာတီမာမြို့၌မယ်တော်ကိုဖူးတွေ့ခဲ့ရသော သိုးကျောင်းသား လေး (၃) ဦးအနက်တစ်ဦးဖြစ်သည်။ ယခုသီလရှင်ဘ၀၌ခံယူလိုက်ရသော ရူပါရုံသည် ဖာတီမာ၌ရူပါရုံခံယူရရှိပြီး (၈) နှစ်မြောက်တွင်ဖြစ်သည်။ ဤရူပါရုံ၌ အမိမယ်တော်သည် အပြစ်ဒဏ်ဆပ်ဖြေရန်အတွက် သူ၏အလွန်စင်ကြယ်တော် မူသောနှလုံးတော်အား လစဉ်ပထမစနေ (၅) လဆက်တိုက်ကြည်ညိုခြင်းပြုရန်တိုက်တွန်းခဲ့ရာမှနောက်ပိုင်း၌ လစဉ် ပထမစနေနေ့ကိုသာကြည်ညိုခြင်းပြုသည်မဟုတ်ဘဲ စနေနေ့တိုင်းကို အမိမယ်တော်အားကြည်ညိုခြင်းပြုသည့်အ စဉ်အလာသန္ဓေတည်မွေးဖွားလာခဲ့သည်။ ဤကြည်ညိုခြင်းသည် ခရစ်ယာန်တို့အား ယေဇူး၏ချစ်တပည့်ဖြစ်ရန် မယ် တော်ကဲ့သို့ကျင့်ကြံအားထုတ်ရန် တရားအလင်းကိုရစေခဲ့သည်။ စနေနေ့သည် ရှင်ပြန်ထမြောက်သော ယေဇူးသခင် ကိုဖူးတွေ့ရန်ပြင်ဆင်ရသောနေ့ဖြစ်သည်။ အမိမယ်တော်သည် ပြင်ဆင်ပေးသူဖြစ်သည်။ သို့မှသာ တနင်္ဂနွေနေ့၌ ၀ိညာဉ်ရေးအသီးအပွင့းများစွာကိုဆွတ်ခူးနိုင်မည်ဖြစ်သည်။  

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်     

https://bit.ly/3tSKOZc

Add new comment

2 + 5 =