အင်ဒိုနီးရှားရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် မေတ္တာပန်းတနင်္ဂနွေနေ့က ဗုံးဖောက်ခွဲမှုကြောင့် လူအချို့ဒဏ်ရာရခဲ့သည်

အင်ဒိုနီးရှားရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် မေတ္တာပန်းတနင်္ဂနွေနေ့က ဗုံးဖောက်ခွဲမှုကြောင့် လူအချို့ဒဏ်ရာရခဲ့သည်

*************************************

အသေခံဗုံးခွဲသမားဟုသံသယရှိသူသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝီစီကျွန်း၌ မေတ္တာပန်းတနင်္ဂနွေနေ့၏ မစ္ဆားတရားအပြီးတွင် ဘုရားကျောင်းမှပြန်ထွက်လာကြသည့် ကက်သလစ်များကိုပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့သည်။

သန့်ရှင်းသောရက်သတ္တပတ်၏အစဖြစ်သော "Palm Sunday” မတ်လ (၂၈) ရက်က ဆူလာဝီစီပြည်နယ်တောင်ပိုင်း၏ မြို့တော်မက္ကာဆာရှိ ယေဇူးရွှေနှလုံးတော်ကာသီဒြယ်ဘုရားကျောင်း၏အပြင်ဘက်တွင် ကက်သလစ် ဘာသာဝင်များစုဝေးနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ကနဦးအစီရင်ခံစာများအရ မက္ကာဆာဂိုဏ်းချုပ်သာသနာတော်၏ ကာသီဒြယ်ကျောင်းတွင် ထိုပေါက်ကွဲမှုကြောင့် ဝတ်ပြုသူများထဲက အနည်းဆုံး (၁၀) ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

မစ္ဆားတရားပူဇော်သူ Fr. Wilhelmus Tulak က ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် မနက် (၁၀ း ၃၀)နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း၊ သံသယရှိသူသည် မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာခဲ့ပြီး ဘုရားကျောင်းအတွင်းသို့ဝင်ရောက်ရန်ကြိုးစားသော်လည်း လုံခြုံရေးအစောင့်များကခွင့်မပြုသဖြင့် လှည့်ပြန်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။ အခြားအစီရင်ခံစာများတွင် ပြစ်မှုကျူးလွန်သူနှစ်ဦးရှိသည်ဟု ဖော်ပြခဲ့သည်။

The Associated သတင်းဌာနက ဘုရားကျောင်းဂိတ်ရှေ့၌ လောင်ကျွမ်းနေသည့် မော်တော်ဆိုင် ကယ်တစ်စီးအနီးတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပြသသည့် ဆယ်လူလာဗွီဒီယိုတစ်ခုကို ရရှိခဲ့သည်ဟု အစီရင်ခံခဲ့ပြီး၊ ဘီဘီစီသတင်းဌာနကလည်း ဗုံးဖောက်ခွဲမှုသည် ဘုရားရှိခိုးကျောင်း၏ ဘေးတံခါးဝ၌ ဖြစ်ပျက်ခဲ့ကြောင်း ဖော်ပြထား သည်။

မက္ကဆာမြို့တော်ဝန် Danny Pomanto မှ တိုက်ခိုက်သူသည် အဓိကဝင်ပေါက်တွင်တိုက်ခိုက်မိလျှင် ထိခိုက်ဒဏ်ရာရမှုအများအပြားရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

မက္ကဆာမြို့သည် အင်ဒိုနီးရှားနိုင်ငံ၏ ပဉ္စမအကြီးဆုံးမြို့ဖြစ်၍ ကမ္ဘာပေါ်တွင် မွတ်စလင်အများစု နေထိုင်သောနိုင်ငံဖြစ်သည်။

ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်၊ မေလတွင် အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Surabaya ရှိ အပြစ်မဲ့ သန္ဓေယူတော်မူသောစိန့်မေရီဘုရားကျောင်းအပါအဝင် ဘုရားရှိခိုးကျောင်းသုံးကျောင်းကို အသေခံဗုံးခွဲသမားမိသားစုတစ်စုမှ တိုက်ခိုက်ခဲ့သည်။

Credit to CBCM OSC

Source:cbcpnews.net

Add new comment

6 + 11 =