သင်သည် မြေမှုန့်မှ လာ၍ မြေမှုန့်သို့ သွားရမည်။

“သင်သည် မြေမှုန့်မှ လာ၍ မြေမှုန့်သို့ သွားရမည်။”

ကက်သလစ်အသင်းတော်၏ ၀ါကြီးဝင်သည့်နေ့ ပြာခံပွဲနေ့ မစ္ဆားတရားတော်မြတ်အား (၂၆.၂.၂၀၂၀) ရက်နေ့ တွင် တစ်ကမ္ဘာတစ်လုံးရှိ ကက်သလစ်သာသနာ ဘုရားကျောင်းများ၌ ကျင်းပပူဇော်လျှက်ရှိပါသည်။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ရွှေနှလုံးတော်ကက်သီဒြယ် ဘုရားကျောင်း၌ လည်း ယနေ့နံနက် (၆းဝဝ) နာရီက လက်ထောက်ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Richard ကျော်မျိုးလှိုင်မှ မစ္ဆားတရားကို  ဦးဆောင်ကာ ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင် (ငြိမ်း) နှင့် Fr. Ivan ရှိုင်းကိုတို့နှင့်အတူတကွ ပူဇော်ခဲ့ပါသည်။

မစ္ဆားတရားတော်မြတ်၌ Fr.Richard ကျော်မျိုးလှိုင်မှ သြဝါဒတရားရေအေးတိုက်ကျွေးရာ၌

“ ၀ါတွင်းကာလကို ပြာခံခြင်းနှင့်အစပြု၍ ကက်သလစ်သာသနာ၌ ၀ါတွင်းကာလကို ရက်ပေါင်း(၄၀) သတ်မှတ်ပေးထားပါတယ်။၀ါတွင်းကာလအား  ရက်ပေါငး်(၄၀)  အချိန်ပေးရခြင်း ရည်ရွယ်ချက်သည်  ကျွနု်ပ်တို့တတွေ သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်းမှာ အတူတကွပါ၀င်နိုင်ကြဖို့ရန်အတွက် ၀ါတွင်းကာလအား  ရက်ပေါင်း(၄၀) အချိန်ပေးထားခြင်းဖြစ်တယ်။ ၀ါတွင်းကာလမှာ  ကျင့်ကြံရမယ့် အချက် (၃) ချက် ရှိပါတယ်။ ပထမအချက်က ဆုတောင်းခြင်းဖြစ်တယ်။  ဆုတောင်းမေတ္တာဆို ခြင်းဟာ ဘုရားနှင့်ဆက်သွယ်ခြင်း ပေါင်းစပ်ခြင်းဖြစ်တယ်။၊ ဆုတောင်းခြင်းဟာ မိမိအားသူတစ်ပါး အထင်ကြီးအောင်ပြုလုပ်ခြင်းမဟုတ်ဘဲ ဆုတောင်းသည့်အခါ နှိမ့်ချခြင်းဖြင့် ဆုတောင်းရမှာဖြစ်ပါတယ်။ ဆုတောင်းခြင်းအမှုကိုပြုတဲ့အခါမှာ စိတ်ကွယ်ရာမှာဆုတောင်းခြင်းပြုရမည်ဟု သခင်ခရစ်တော်ကိုယ်တို်င် လည်း သင်ကြားပေးခဲ့သည်” ဟု  ဆုတောင်းခြင်းနှင့် ပတ်သက်၍ မြွက်ကြားခဲ့ပါသည်။

ဆက်လက်၍လည်း “ ဒုတိယအချက်မှာ အလှူဒါနပြုခြင်းဖြစ်တယ် ။  အလှူဒါနပြုလုပ်သည့်အချိန်၌လည်း  လက်ယာလက်ကလှူသည့်အရာကို လက်ဝဲ လက်ကမသိအောင် လှူဒါန်းဖို့လိုအပ်တယ်။ နာမည်ကြီးဖို့ရာအတွက် လှူဒါန်းခြင်းမဟုတ်ပါဘူး။ အလှူဒါနလုပ်သည့်အချိိန်၌ လက်နွေးနွေးနဲ့ပေးပါ။ လက်အေးအေးနဲ့မပေးပါနဲ့လို့ တောင်ကြီးဂိုဏ်းချုပ်ဆရာတော်လဲ မြွတ်ကြားခဲ့ဖူးပါတယ်။ လှူဒါန်းခြင်းကိုပြုလုပ်တဲ့အခါမှာ အတွင်းနှလုံးသားထဲကနေ​အလှူဒါနကို ပြုလုပ်ခြင်းကို ဘုရားရှင်နှစ်သက်တော်မူတယ် ” ဟု အလှူဒါနပြုခြင်းနှင့်ပတ်သက်၍  မြွတ်ကြားခဲ့ပါသည်။

ဆက်လက်၍လည်း ဘုန်းဘုန်းက “ တတိယအချက်အနေဖြင့် ချိုးခြံခြင်း၊ အစာရှောင်ခြင်း ၊ ၀ါရှောင်ခြင်းကိုုပြုလုပ်ရမည်ဖြစ်ကြောင်း  ချိုးခြံခြင်း၊ အစာရှောင်ခြင်း၊ ၀ါရှောင်ခြင်း  ပြုလုပ်ခြင်းသည်  မိမိတို့၏  စိတ်နှလုံးသားကို ထိန်းချုပ်နိုင်ဖို့ရန်ဖြစ်တယ်။ တချို့သောသူတွေဟာ  အစားအသောက်တွေကို အဓိကထားရှောင်ကြတဲ့လူတွေရှိတယ်။ ၀ါတွင်းကာလမှာ ကျွန်ုပ်တတွေ  ကိုယ်ပြုလုပ်နေကြ ဖြစ်တဲ့ တစ်ပါးသူကို  မကောင်းပြောတဲ့အရာတွေ၊  အပြစ်တင်တဲ့အရာတွေ၊ အတ္တကြီးမှုတွေ ၊ လောဘကြီးမှုတွေ ၊ စတဲ့ အရာတွေကို မရှောင်ဘဲ ၊ အစားအသောက်ကို ရှောင်ရုံ ဖြင့် မရပါဘူး။  အစားအသောက်ထက် အရေးကြီးတဲ့အရာ များကို ရှောင်ဖို့ရန်အတွက်  လိုအပ်တယ်” ဟု ၀ါတွင်းကာလအတွင်း ကျင့်ဆောက်တည်ရမည့် အဓိက အချက်များကို မစ္ဆားတရားအတွင်း သြဝါဒတရားရေအေးတိုက်ကျွေး၍  မြွတ်ကြားခဲ့ပါသည်။ 

Add new comment

13 + 4 =