လူ့အသက်ကိုတန်ဖိုးထားကြရန်ရည်ရွယ်ချက်ဖြင့် ညလုံးပေါက် ဝတ်ပြုဆုတောင်းခြင်း

လူ့အသက်ကိုတန်ဖိုးထားကြရန်ရည်ရွယ်ချက်ဖြင့် ညလုံးပေါက် ဝတ်ပြုဆုတောင်းခြင်း

***********************************

အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ်ပြုလုပ်မြဲဖြစ်သော လူ့အသက်တာအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ညလုံးဆုတောင်းခြင်းအစီအစဉ်ကို Covid-19 ဆိုင်ရာအခက်အခဲများကြောင့် ယခုနှစ် ဇန်နဝါရီလ (၂၈-၂၉) ရက်များတွင် အွန်လိုင်းဖြင့် ကျင်းပသွားမည်ဖြစ်သည်။

၎င်းအစီအစဉ်ကို အမေရိကန်ပြည်ထောင်စု ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (U.S. Conference of Catholic Bishops - USCCB) မှ ဇန်နဝါရီလတွင် ဦးဆောင်ကျင်းပလေ့ရှိသည်။

(၁၉၇၃) ခုနှစ်တွင် အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ခွင့်ပြုခဲ့သည်။ ထိုသို့ခွင့်ပြုလိုက်သည့်အချိန်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ပြုလုပ်သူများ သန်းပေါင်း (၆၀) ကျော်ရှိနေပြီဖြစ်သည်။ ထိုအမိန့်ကို ပြန်လည်ရုပ်သိမ်းပေးရန်တောင်းဆိုသည့်အနေဖြင့် ဆန္ဒပြချီတက်ကာ ဆုတောင်းခြင်းများကို နှစ်စဉ်ကျင်းပလာခဲ့ကြသည်။

ပုံမှန်အခြေအနေများတွင် ဝတ်ပြုဆုတောင်းခြင်းကို ဝါရှင်တန်ဒီစီရှိ အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မဘာစီလီကာတွင် ကျင်းပကြသည်။ ထို့နောက် ကိုယ်ဝန်ဖျက်ချခြင်းအဆုံးသတ်ရေးနှင့် လူ့အသက်တာကို ပိုမိုလေးစားမှုရှိကြရန်အတွက် ထောင်ပေါင်းများစွာသောဘုရားဖူးဧည့်သည်များ မြို့တော်အတွင်း ဆန္ဒပြချီတက်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်ခြင်းကို အလှည့်ကျတာဝန်ယူမည်

ကိုရိုနာကူးစက်ရောဂါကြောင့် ဒေသအတွင်းကန့်သတ်ချက်များအရ ဘုရားကျောင်းဝင်းကို

ယခုနှစ်တွင် ပိတ်ထားမည်ဖြစ်သည်။ ထို့ကြောင့် (၁၉၇၄) ခုနှစ်မှအစပြုခဲ့သည့် ဤအစီအစဉ်ကို ပထမဆုံးအကြိမ်အဖြစ် ရုပ်မြင်သံကြားဖြင့် မစ္ဆားတရားနာယူကြရပေမည်။ နိုင်ငံတစ်ဝန်းမှ ဆရာတော်ကြီးများ အလှည့်ကျဦးဆောင်၍ အဆက်မပြတ် ကိုယ်တော်မြတ်ဖူးမြော်ခြင်းများကို တစ်ညလုံး ပြုလုပ်သွားကြမည်ဖြစ်သည်။

USCCB ဝက်ဘ်ဆိုက်တွင်ဖော်ပြထားချက်အရ ဝတ်ပြုဆုတောင်းခြင်းကို ဇန်နဝါရီလ (၂၈) ရက်၊ ကြာသပတေးနေ့၊ ည (၈း၀၀) နာရီတွင် ဝါရှင်တန်ဒီစီရှိ အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မဘာစီလီကာ၌ စိပ်ပုတီးစိပ်ခြင်းနှင့် အဖွင့်မစ္ဆားတရားတော်ဖြင့် စတင်ထုတ်လွှင့်မည်ဖြစ်၍ အစီအစဉ်ကို USCCB ၏ Pro-Life လှုပ်ရှားမှုများဆိုင်ရာကော်မတီ၏ ဥက္ကဌဖြစ်သူ Kansas ဂိုဏ်းချုပ်ဆရာတော်ကြီး Joseph Naumann မှ ဦးဆောင်သွားမည်။ မစ္ဆားတရားတော်အပြီးတွင် နိုင်ငံတစ်ဝန်းလုံးရှိ ဂိုဏ်းအုပ်သာသနာအသီးသီးမှ ဆရာတော်ကြီးများ အလှည့်ကျဦးဆောင်သော ညလုံးပေါက် ကိုယ်တော်မြတ်ဖူးမြော်ခြင်းအစီအစဉ်များကို USCCB ၏ဝက်ဘ်ဆိုက်မှ ထုတ်လွှင့်ပေးသွားမည်။ ဤဝတ်ပြုဆုတောင်းခြင်းအစီအစဉ်ကို Baltimore ဂိုဏ်းချုပ်ဆရာတော်ကြီး William E. Lori ဦးဆောင်ကာ ဇန်နဝါရီလ (၂၉) ရက်၊ နံနက် (၈ း ၀၀) နာရီတွင် အဆုံးသတ်မည်ဖြစ်သည်။ ဂိုဏ်းချုပ်ဆရာတော်ကြီး Naumann က ဤဆုတောင်းခြင်း၌ပါဝင်ကြရန် ကက်သလစ်ဘာသာဝင်များ အားလုံးကို ဖိတ်ခေါ်ပြီး၊ “အခုဆိုရင် ကျွန်ုပ်တို့ရဲ့နိုင်ငံတော်မှာ မမွေးဖွားလာသေးတဲ့ကလေးတွေနဲ့ လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် အရင်ကထက်ပိုပြီး ဆုတောင်းကြဖို့လိုအပ်နေပြီ” ဟူ၍ မိန့်မြွက်ခဲ့သည်။

သမိုင်းအကျဉ်း

လူပေါင်း (၂၀,၀၀၀) ပါဝင်သည့် ဝတ်ပြုဆုတောင်းခြင်းနှင့် ဆန္ဒပြချီတက်ခြင်းကို (၁၉၇၄) ခုနှစ်တွင် ပထမဦးဆုံး စတင်ခဲ့သည်။ (၂၀၁၁) ခုနှစ်တွင် လူဦးရေ (၃၀၀,၀၀၀) အထိ အဆက်မပြတ် တိုးပွားလာခဲ့ပြီး၊ ၎င်းသည် အမေရိကန်ပြည်ထောင်စုရှိ ဘဝပြဿနာများနှင့်ပတ်သက်၍ သတိပြုမှုများ တိုးပွားလာသည့်အမှတ်လက္ခဏာပင်ဖြစ်သည်။ (၂၀၁၃) ခုနှစ်တွင်မူ နိုဗီနားနှင့် အပြစ်ဒဏ်ဆပ်ဖြေခြင်း အစီအစဉ်များထည့်သွင်းလျက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

credit to CBCM

Source: vaticannews.va

Photo: 2020 National Prayer Vigil for Life

Add new comment

2 + 3 =