လက်ရှိအချိန်မှာ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ကိုဘယ်သူတွေ ပြုစုစောင့်ရှောက်နေသလဲ။

လက်ရှိအချိန်မှာ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ကိုဘယ်သူတွေ ပြုစုစောင့်ရှောက်နေသလဲ။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ဟာ တာဝန်မှ အနားယူပြီးကတည်းက ဗာတီကန်မြို့၊ ရဟန်းမင်းကြီး အိမ်တော်ရာ အနောက်ဘက်က ကုန်းလေးပေါ်က Mater Ecclesiae Monastery မှာ နေထိုင်ပါတယ်။
ရဟန်းမင်းကြီး ဖရန်စစ်ကလည်း ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ လူထု တွေ့ဆုံပွဲ အပြီးမှာ နေထိုင်မကောင်း ဖြစ်လာတဲ့ သက်တော် ၉၅ နှစ်ရှိတဲ့ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ကို အနားမယူခင် ကတည်းကနေ လက်ရှိအချိန်အထိ တောက်လျှောက် အနီးကပ် စောင့်ရှောက်ပေးသူကတော့ ရဟန်းမင်းကြီးရဲ့ ကိုယ်ရေးအရာရှိ ဖြစ်သူ ဂိုဏ်းချုပ်ဆရာတော်ကြီး Georg Gänswein ‌ဂျော့ဂန်းဆဝိုင်း ဖြစ်ပါတယ်။ ရဟန်းမင်းကြီး ဘက်နဒစ် ကိုယ်စား၊ သူ့ရဲ့ ထုတ်ပြန်ချက်များကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားရတဲ့ သူလည်း ဖြစ်ပါတယ်။
ဂိုဏ်းချုပ်ဆရာတော်ကြီး Georg Gänswein ‌ဂျော့ဂန်းဆဝိုင်းက ရဟန်းမင်းကြီး ဘက်နဒစ်နဲ့ ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အိမ်တော်ထိန်း အရိုက်အရာ တာဝန်ထမ်းဆောင်ရသူလည်း ဖြစ်ပါတယ်။
လက်ရှိ ကျန်းမာရေး အခြေအနေ ဆိုးရွားလာချိန်မှာတော့ ဂိုဏ်းချုပ်ဆရာတော်ကြီး Georg Gänswein ‌ဂျော့ဂန်းဆဝိုင်းနဲ့ အတူ ရဟန်းမင်းကြီးရဲ့ ကိုယ်ရေး ဆရာဝန်လည်း အနီးကပ် စောင့်ကြည့်ပေးနေပါတယ်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သီတင်းသုံးရာ ကျောင်းတော်မှာ Memores Domini association အသင်းအဖွဲ့မှ အဖွဲ့ဝင် အမျိုးသမီးကြီး လေးဦးက ရဟန်းမင်းကြီးရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ ဝေယာဝိစ္စ အထွေထွေကို တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ သူတို့က ကက်သလစ် ဘာသာဝင် လူဝတ်ကြောင် အမျိုးသမီးများသာ ဖြစ်ပြီး သစ္စာသုံးပါးကို တရားဝင် ခံယူခြင်း မရှိသလို သင်္ကန်းလည်း မဝတ်ကြပါဘူး။ ဒါပေမယ့် သူတို့ဟာ ဖြူစင်ခြင်း၊ နာခံခြင်းနဲ့ အသိုက်အဝန်းနဲ့ ရှင်သန်နေထိုင်ကြသူများ ဖြစ်ကြပါတယ်။

Memores Domini အဖွဲ့ဝင် အမျိုးသမီးများဟာ ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ လက်စွပ်နဲ့ စိပ်ပုတီးလိုမျိုး စတဲ့ ရဟန်းမင်းကြီးရဲ့ ပိုင်ဆိုင်မှုများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ပေးရသူများ ဖြစ်ပါတယ်။
အခုတလော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ရဲ့ ပုံတူပန်းချီကို ရေးခြယ်ခဲ့တဲ့ Natalia Tsarkova ဆိုတဲ့ အမျိုးသမီး ဆိုရင် ရဟန်းမင်းကြီး ဘက်နဒစ်ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ Memores Domini အဖွဲ့ဝင် အမျိုးသမီးများရဲ့ အကူအညီ ရယူခဲ့ရကြောင်း ပြောပါတယ်။

“ကျွန်မက ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ပုံတူပန်းချီ ရေးဆွဲဖို့ အတွက် ရဟန်းမင်းကြီးရဲ့ အရိုက်အရာ လက်စွပ်ကို သူ့ရဲ့ စာကြည့်ခန်းမှာ သွားရောက်လေ့လာခွင့်ကို အထူးတလည် ရရှိခဲ့ပါတယ်။ ရဟန်းမင်းကြီးရဲ့ စိပ်ပုတီးကို လေ့လာလိုတယ်လို့ ပြော‌တော့ (Memores Domini အဖွဲ့ဝင် ဖြစ်သူ) Carmela က ဒါတော့ မဖြစ်နိုင်ဘူး၊ ရဟန်းမင်းကြီး ဘက်နဒစ်က သူ့စိပ်ပုတီးကို သူနဲ့ မကွာအမြဲ ‌ဆောင်ပြီး စိပ်လေ့ရှိတယ်။”လို့ Natalia Tsarkova က ပြန်လည် ပြောပြပါတယ်။

Lawrence Jangma Mung Song

https://bit.ly/3C85sK0

Add new comment

1 + 1 =