ရောမသာသနာမှ ပုပ်ဘက်နဒစ် ကျန်းမာရေးအတွက် မစ္ဆားပူဇော်ဆုတောင်းပေးမည်

ရောမသာသနာမှ ပုပ်ဘက်နဒစ် ကျန်းမာရေးအတွက် မစ္ဆားပူဇော်ဆုတောင်းပေးမည်

 

သောကြာနေ့၊ ၃၀ ရက်၊ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် မွန်းလွဲပိုင်းတွင် ရောမ သာသနာနယ် အတွင်း Basilica of St. John Lateran စိန့်ဂျွန်း လက်တရန် ကျောင်းတော်ကြီးအတွင်း အနားယူသွားသော ရဟန်း မင်းကြီး ဘက်နဒစ် ၁၆ အတွက် အထူး မစ္ဆားတစ်ရပ် တင်ပူဇော်၍ ဆုတောင်းပေးမှာ ဖြစ်ပါတယ်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ကျန်းမာ ရေး အခြေအနေ ဆိုးရွားလာသည့် သတင်းကို ကြားသိရသည့် အတွက် ကာဒီနယ် အန်ဂျလို ဒီ ဒိုနာတစ်က မစ္ဆားတရား ကျင်းပ ပေးမည့် အကြောင်းအား ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကြေညာခဲ့ခြင်း ဖြစ်တယ်။

“အသင်းတော်ကို ဆိတ်ငြိမ်စွာ ထိန်းသိမ်းထားတဲ့” ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ဟာ “အလွန် နေမကောင်း” ဖြစ်လာတာကြောင့် သူ့အတွက် ဆု‌တောင်းပေးဖို့ ရဟန်းမင်းကြီး ဖရန်စစ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ လူထုတွေ့ဆုံပွဲမှာ တောင်းဆိုခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဗာတီကန် သတင်းပြန်ကြား ရေးကလည်း ရဟန်းမင်းကြီး ဘက်နဒစ်ကို ကျန်းမာရေး ဆိုးရွားနေကြောင်း၊ လက်ရှိအချိန်မှာ ကျန်းမာရေး အနီးကပ် စောင့် ရှောက်ပေးနေကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

ကြာသပတေးနေ့မှာတော့ ဗာတီကန် ပြန်ကြားရေး အဖွဲ့ ဒါရိုက်တာ ဖြစ်သူ မာတေးရို ဘရူနီ Matteo Bruni က“ရဟန်းမင်းကြီးဟာ မနေ့ညက ကောင်းစွာ အနားယူနိုင်ခဲ့ကြောင်း၊ ကြည်ကြည်လင်လင်၊ နိုးနိုးကြားကြား ရှိနေကြောင်း၊ ဒီနေ့မှာတော့ သူ့ကျန်းမာရေး အခြေအနေက အထူးဂရုပြုရမယ့် အခြေအနေ ရှိပေမယ့်လည်း အခြေအနေက လက်ရှိအချိန်မှာ တည်ငြိမ်နေပြီ ဖြစ်ကြောင်း” ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ကျန်းမာရေး အခြေအနေကို လူသိ ရှင်ကြား အသိပေး ထုတ်ပြန်ပါတယ်။

ကြာသပတေးနေ့ မနက်ပိုင်းမှာတော့ ရောမမြို့ ဆရာတော်ချုပ် ဖြစ်သူ ကာဒီနယ်
De Donatis က အသင်းတော်ရှိ ဘာသာတူ သားသမီးများကို ရောမမြို့သို့ ဖိတ်ခေါ်ခဲ့ကာ ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ နှိုးဆော်တိုက်တွန်းချက်နဲ့ အညီ “ပုပ်ဘက်နဒစ် ၁၆ အတွက် အတူတကွ ဆုတောင်းရာမှာ ပါဝင်ကြဖို့” ဖိတ်ခေါ်ခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ရဟန်း မင်းကြီး ဘက်နဒစ်ရဲ့ ဒုက္ခဝေဒနာ ခံစားချိန်၊ အခက်အခဲတွေ့ချိန်မှာ ကျွန်တော်တို့ အတူတကွ ရှိဖို့ ဒီနေ့နဲ့ ရှေ့လာမယ့် နေ့တိုင်းမှာ သန့်ရှင်းသော မစ္ဆားတရားတော်မြတ် ကျင်းပခြင်းဖြင့် ဆုတောင်းပေးကြပါစို့။”လို့ ကာဒီနယ်ကြီးက မိန့်မြွက်ပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ညနေ ၅ နာရီခွဲမှာ ကာဒီနယ် ဒီ ဒိုနာတစ်က ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ကျန်းမာရေး အတွက် အထူး ပြု ဆုတောင်းပေးမယ့် ဝတ်ပြုကိုးကွယ်ခြင်း မစ္ဆားတရားတော်ကို ဦးစီးမှာ ဖြစ်ပါတယ်။

Basilica of St. John Lateran စိန့်ဂျွန်းလတ်တရန် ကျောင်းတော်ကြီးဟာ ရောမ ကက်သီဒြယ် ကျောင်းတော်ကြီး ဖြစ်ပြီး ရောမသာသနာယ်ရဲ့ ဥသျှောင်ဖြစ်တဲ့ ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ အရိုက်အရာ ကျောင်းတော်ကြီးလည်း ဖြစ်ပါတယ်။

အာဗီအေဘာသာပြန် - Lawrence Jangma Mung Song

http://bit.ly/3vmTfNJ

Add new comment

5 + 0 =