ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ပကတိ အခြေအနေနဲ့ အသင်းတော် အတွင်း အကျိုးဆက် အခင်းအကျင်း

ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ပကတိ အခြေအနေနဲ့ အသင်းတော် အတွင်း အကျိုးဆက် အခင်းအကျင်း

ဗာတီကန်၊ ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်

ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံပွဲ အတွင်း ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဆက်စပ်ပြီး ဆုတောင်းဖို့ ဖိတ်ခေါ်ပြီးနောက်မှာ ကမ္ဘာတလွှား စိုးရိမ်ပူပန်မှု ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ရဲ့ ကျန်းမာရေး အခြေအနေများနဲ့ ဆက်စပ်ပြီး အသေးစိတ် တွေ့ရှိချက် သတင်းများ နာရီနဲ့ အမျှ တဖြည်းဖြည်း ထွက်လာပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဗာတီကန်ရှိ ရဟန်းမင်းကြီး ပေါလ် (၆) ခန်းမအတွင်း အပတ်စဉ် ကျင်းပလေ့ရှိတဲ့ ရဟန်းမင်းကြီးနဲ့ လူထု တွေ့ဆုံပွဲမှာ ရဟန်းမင်းကြီး ဖရန်စစ်က “အသင်းတော်ကို တိတ်ဆိတ်စွာ ပံ့ပိုးပေးနေသူ” ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ဟာ “အလွန်အမင်း ဖျားနာနေ”တာကြောင့် သူ့အတွက် ဆုတောင်းပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

နေ့လည် ၁၁ နာရီခွဲမှာတော့ ဗာတီကန် ပြောရေးဆိုခွင့်ရှိသူ Matteo Bruni မာတေးရို ဘရူနီက ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ကျန်းမာရေးဟာ “အသက်အရွယ် အလွန် ကြီးရင့်လာခြင်းကြောင့်” “လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း” အခြေအနေ အလွန် ဆိုးရွားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ “အခြေအနေ ပုံမှန်ပြန်ဖြစ်အောင်” ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ဆရာဝန်များက အနီးကပ် စောင့်ရှောက်ပေးနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ရဟန်းမင်းကြီး ဖရန်စစ်က ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံပွဲ အပြီးမှာ ဗာတီကန်ရှိ ရဟန်းမင်းကြီး ဘက်နဒစ် သီတင်းသုံးရာ Mater Ecclesiae ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း Bruni က ထည့်သွင်းပြောကြားသွားပါတယ်။

ယုံကြည်စိတ်ချရတဲ့ ဗာတီကန် သတင်းရင်းမြစ်တစ်ခုရဲ့ ပြောဆိုချက် အရ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ နာမကျန်းဖြစ်တဲ့ ရဟန်းမင်းကြီး ဘက်နဒစ်က “စိုးရိမ်စရာကောင်းလောက်တဲ့ ရောဂါ တစ်ခုခု” ကြောင့် နာကျင်ခံစားရတာမျိုး မဟုတ်ဘဲ “သူ့ရဲ့ အသက်ကြီးရင့်လာမှုကြောင့် တဖြည်းဖြည်း အားကုန် ဆုတ်ယုတ်လာကာ အခြေအနေ ဆိုးရွားလာကြောင်း” Catholic Herald ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ နှလုံးခုန်စက်ကိုလည်း မွမ်းမံအစားထိုးထားပြီး လက်ရှိအချိန်မှာ ကျောက်ကပ် အားနည်းလာကြောင့် နေထိုင်မကောင်း ဖြစ်လာရတာပါ။ ကျောက်ကပ်အားနည်းတာကလည်း ရောဂါ တစ်ခုခုကြောင့် မဟုတ်ဘဲ “အသက်အရွယ် အလွန်ကြီးရင့်လာခြင်း”ကြောင့် ဖြစ်ပါတယ်။

“နောက်ဆုံးအဆင့်”

သတင်းရင်းမြစ်များရဲ့ ရှင်းပြချက် အရ ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ကျန်းမာရေး အခြေအနေက အင်္ဂါနေ့၊ ၂၇ ရက် ဒီဇင်ဘာမှာ သိသိသာသာ ဆိုးရွားခဲ့ပြီး သတိ‌မေ့မြောသွားတဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။ ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတဲ့ အခြေအနေအား ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံပွဲ မတိုင်ခင် ရဟန်းမင်းကြီး ဖရန်စစ်ကို အသိပေးခဲ့ပါတယ်။

ရဟန်းမင်းကြီး ဘက်နဒစ်ဟာ များမကြာမီ သတိပြန်လည်လာပြီး “နိုးနိုးကြားကြား” ပြန်ရှိလာပေမယ့် ဗုဒ္ဓဟူးနေ့ ညပိုင်းမှဦ အခြေအနေ ပြန်ဆိုးလာပါတယ်။ ဗုဒ္ဓဟူးနေ့ညနေ အခြေအနေ ဆိုးရွားချိန်မှာတော့ ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ နောက်ဆုံး အချိန်နာရီတွေ ရောက်လာပြီလို့ သူ့အနားက စောင့်ရှောက်သူများက ထင်မှတ်ခဲ့ကြပါတယ်။ ကြာသပတေးနေ့ မနက်ပိုင်းမှာတော့ သူ့အခြေအနေက ပြန်လည်တည်ငြိမ်လာပါတယ်။
သို့ပေမယ့် အသက်အရွယ် အလွန်ကြီးရင့်လာသူများက နာမကျန်းဖြစ်ပြီး ဒီလိုမျိုး ပြန်လည် လန်းဆန်းတက်ကြွလာတာတွေက ဘဝရဲ့ နေဝင်ချိန်မှာ ကြုံရတတ်တဲ့ “နက်နဲဖွယ်ရာများ”ရဲ့ အစိတ်အပိုင်း ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

“ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ နောက်ဆုံးအပိုင်းကို ကျွန်တော်တို့ မြင်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြင်ဆင်ထားရမှာ ဖြစ်ပြီး ရဟန်းမင်းကြီး ဘက်နဒစ် အတွက်၊ အသင်းတော် အတွက် ပြင်ဆင်ထားရပါမယ်။ ရဟန်းမင်းကြီးရဲ့ နောက်ဆုံးအချိန်ကိုတော့ ဘုရားပဲ သိမှာပါ။ ဒီညနေလား၊ မနက်ဖြန်ညလား၊ နောက်ရက်တွေမှာလား၊ ဒါမှမဟုတ် ဆယ်ရက်အတွင်းလားပါပဲ။ ရဟန်းမင်းကြီး နောက်လပေါင်းများစွာ အသက်ရှင်မယ်တော့ ကျွန်တော် မထင်တော့ဘူး။ အခုအချိန်ကတော့ အရင်ကထက်စာရင် ရဟန်းမင်းကြီးရဲ့ ကျန်းမာရေးကို ဘုရားလက်ထဲမှာပဲ အပ်ထားရတော့မှာပါ။”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ရဟန်းမင်းကြီး ဘက်နဒစ်ကိုတော့ ပရိတ်တော် ဆီလူးခြင်း စက္ကရမင်တူး ပေးထားပြီ ဖြစ်တယ်လို့ ယူဆရပေမယ့် ဒီသတင်းကိုတော့ အတည်ပြုရပါဦးမယ်။

၂၀၁၃ ခုနှစ်မှာ ရဟန်းမင်းကြီး တာဝန်ကနေ နှုတ်ထွက်သွားပြီး “အနားယူသွားပြီ ဖြစ်တဲ့ ရဟန်းမင်းကြီး” (Pope Emeritus) ဘွဲ့အမည်ကို ယူထားတဲ့ ရဟန်းမင်းကြီး ဘက်နဒစ် အနေနဲ့ အကယ်၍ သူကွယ်လွန်သွားခဲ့ရင် ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်းတွေ အများကြီး ရှိနေပါတယ်။ သူကွယ်လွန်ရင် ရဟန်းမင်းကြီး အဆင့်၊ နိုင်ငံတော် အဆင့် သို့မဟုတ် ရိုးရှင်းတဲ့ အသုဘ အခမ်းအနား ကျင်းပပေးမလား။ ရဟန်းမင်းကြီး ဘက်နဒစ်က သူ့ရဲ့ အသုဘ အခမ်းအနား အတွက် ညွှန်ကြားချက် ရေးပေးခဲ့မလား။ အကယ်၍ ညွှန်ကြားခဲ့တယ် ဆိုရင်လည်း သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မလား။

ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန် ပေါလူးရဲ့ ဇာပန အခမ်းအနားကို ၂၀၀၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး ဒီအခမ်းအနားကြီးမှာတော့ ကုလသမဂ္ဂ အဖွဲ့ဝင်များ၊ နိုင်ငံ့ အကြီးအကဲ ခေါင်းဆောင်များ၊ ခရစ်ယာန် အမြောက်အများ စုစည်းခဲ့တဲ့ သမိုင်းဝင် ဇာပန အခမ်းအနား တစ်ခု ဖြစ်ခဲ့ပါတယ်။ ပုပ်ဂျွန်ပေါလ် ၂ ၁၉၉၆ ခုနှစ်မှာ ရဟန်းမင်းကြီး တစ်ပါးရဲ့ ဇာပန အခမ်းအနား၊ မြေမြုပ်ခြင်း စတဲ့ စည်းမျဉ်းစည်းကမ်းများကို Universi Dominici gregis အမည်ရ စာချွန်တော်နဲ့ ထုတ်ပြန်ပြင်ဆင်သတ်မှတ်ခဲ့ပြီး ၎င်းစည်းမျဉ်းစည်းကမ်းများ အတိုင်း သူ့ရဲ့ ဇာပန အခမ်းအနားကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရဟန်းမင်းကြီး ဂရီဂိုရီ ၁၂ က အေဒီ ၁၄၁၅ ခုနှစ်မှာ နှုတ်ထွက်ခဲ့တဲ့ ပထမဆုံး ရဟန်းမင်းကြီးနောက်မှာ ပြုလုပ်ရမယ့် ပထမဆုံး ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ရဲ့ ဇာပန အခမ်းအနားမို့ အသင်းတော် တစ်ရပ်လုံး အနေနဲ့ မကြုံဖူးတဲ့ ရေပြင်ကြီးဆီ သွားတာနဲ့ တူပါတယ်။

လက်ရှိ ဗာတီကန်ရဲ့ အုပ်ချုပ်ရေး အကြီးအကဲများဟာ ကြာသပတေးနေ့က ဖြစ်လာနိုင်မယ့် ဇာပန အခမ်းအနားအတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက Catholic Herald ကို ပြောပါတယ်။ ရဟန်းမင်းကြီး ဖရန်စစ်ကတော့ ပုပ်ဘက်နဒစ် ကွယ်လွန်သွားရင် ရဟန်းမင်းကြီး အဆောင်အယောင်နဲ့ ဇာပန အခမ်းအနား ကျင်းပပေးမယ်လို့ ယူဆသူ အချို့ ရှိပေမယ့် တချို့ကတော့ ရဟန်းမင်းကြီး ဘက်နဒစ်နဲ့ သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှုများ သေးသိမ်အောင် ကြိုးပမ်းလိုသူတွေလည်း ရှိနေပါတယ်။

ကာဒီနယ် Óscar Rodríguez Maradiaga နဲ့ “အလွန်အမင်း ရင်းနှီးသော” ဗာတီကန် ဒုတိယ ဝန်ကြီးချုပ် ရာထူးယူထားသူ ဗင်နီဇွဲလား ဂိုဏ်းချုပ်ဆရာတော် Edgar Peña Parra က ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ဈာပန အခမ်းအနားကို “ဖြစ်နိုင်လျှင် အရိုးရှင်းဆုံးပုံစံနဲ့သာ” ကျင်းပဖို့ တိုက်တွန်းအားပေးနေကြောင်း သတင်းရင်းမြစ် တစ်ခုက Catholic Herald ကို ပြောပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ဈာပန အခမ်းအနား အစီအစဉ်ကိုတော့ ရဟန်းမင်းကြီး ဖရန်စစ်ကသာလျှင် အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။

အသင်းတော် အတွင်း ဂျာမနီ အသင်းတော်လိုမျိုး လစ်ဘရယ် ပုံစံနဲ့ချည်း သွားလိုတဲ့ ခေတ်ရေစီးကြောင်း အခင်းအကျင်းမှာ ရဟန်းမင်းကြီး ဘက်နဒစ်ကို “အတားအဆီး” အဖြစ် ရှုမြင်နေကြပြီး သူသာ ကွယ်လွန်သွားရင် အသင်းတော် အတွင်း ဘာဖြစ်လာမလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒါတွေကိုတော့ လာမယ့် အပတ်၊ လအတွင်း မြင်ရမှာပါ။

၂၉ ဒီဇင်ဘာ ကြာသပတေးနေ့ ညနေ ၂ နာရီ ၁၅ မှာတော့ ဗာတီကန် ပြောရေးဆိုခွင့် ရှိသူ Matteo Bruni က “ရဟန်းမင်းကြီး ဘက်နဒစ်ဟာ မနေ့ညက ကောင်းစွာ အနားယူနိုင်ခဲ့ပြီး ဒီနေ့မှာတော့ နိုးနိုးကြားကြား၊ လန်းလန်းဆန်းဆန်း ရှိနေပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်နေရဆဲ ဖြစ်ပေမယ့် အခြေအနေကတော့ တည်ငြိမ်နေပါပြီ။ ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရဟန်းမင်းကြီး ဘက်နဒစ် အတွက် ခက်ခဲတဲ့ ဤအချိန်အခါမှာ ဆုတောင်းခြင်းနဲ့ အဖော်ပြုပေးဖို့ အားလုံးကို တောင်းဆိုထားပါတယ်။”

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song
https://bit.ly/3vJJOsd

Add new comment

1 + 0 =