မြန်မာနိုင်ငံတွင် ပြည်သူများအားသတ်ဖြတ်ခြင်းကို ချက်ချင်းရပ်တန့်ရန် ကာဒီနယ်ချားလ်စ်ဘိုမှ တောင်းဆိုခြင်း

မြန်မာနိုင်ငံတွင် ပြည်သူများအားသတ်ဖြတ်ခြင်းကို ချက်ချင်းရပ်တန့်ရန် ကာဒီနယ်ချားလ်စ်ဘိုမှ တောင်းဆိုခြင်း

မြန်မာနိုင်ငံတွင် ပြည်သူများအားသတ်ဖြတ်ခြင်းကို ချက်ချင်းရပ်တန့်ရန် ကာဒီနယ်ချားလ်စ်ဘိုမှ တောင်းဆိုခြင်း

******************************

တနင်္ဂနွေနေ့က ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုသည် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ရက်စက်ကြမ်းကြုတ်မှုကို ရှုတ်ချကာ ငြိမ်းချမ်းရေးကိုတောင်းဆိုလိုက်သည်။ ၎င်းတို့၏ သတ်ဖြတ်မှုများကြောင့် တစ်ရက်တည်းတွင် ပြည်သူ (၃၈) ဦးနှင့်အထက် သေဆုံးခဲ့ရပြီး၊ ဖေဖော်ဝါရီ (၁) ရက်က စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံ၏ သွေးမြေကျမှုအများဆုံးနေ့ဖြစ်ခဲ့သည်။

သွေးချင်းညီအစ်ကိုမောင်နှမများ

တနင်္ဂနွေနေ့က ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုမှ “မြန်မာနိုင်ငံ ကက်သလစ်သာသနာတော်ကြီးရဲ့ခေါင်းဆောင်အနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများက ငြိမ်းချမ်းရေးကိုရှာဖွေကြရန် တိုက်တွန်းအပ်ပါသည်” ဟူ၍ ဖမ်းဆီးထိန်းသိမ်းခံရသော ရွေးကောက်တင်မြှောက်ခံခေါင်းဆောင်များနှင့် စစ်တပ်အပါအဝင် မြန်မာနိုင်ငံသား အားလုံးထံသို့လိပ်မူကာ အိတ်ဖွင့်စာတစ်စောင် ရေးသားခဲ့သည်။

“အခုလိုပစ်ခတ်သတ်ဖြတ်မှုတွေက ဒီအကျပ်အ တည်းကိုဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး၊ သတ်ဖြတ်မှုတွေ ကို ချက်ချင်းရပ်တန့်ပါ၊ လူပေါင်းများစွာ သေကြေပျက်စီးကုန်ကြပြီ။ မြေကျသွားခဲ့ရတဲ့သွေးတွေက ရန်သူရဲ့သွေးမဟုတ်ဘူး။ ကျွန်ုပ်တို့ရဲ့ နိုင်ငံသားတွေ၊ ကျွန်ုပ်တို့ရဲ့ညီအစ်ကို မောင်နှမတွေရဲ့သွေးတွေပါ” ဟု ပြောကြားခဲ့သည်။

ကာဒီနယ်ဘိုသည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (Catholic Bishop’s Conference of Myanmar - CBCM) ၏ ဥက္ကဌဖြစ်၍ ဆန္ဒပြသူများထဲမှသေဆုံးသူအရေအတွက် ပိုမိုများပြားလာခြင်းအပေါ် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများက နိုဝင်ဘာရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်မှ ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။ သူမနှင့်အတူ ရွေးကောက်တင်မြှောက်ခံခေါင်းဆောင်များသည် မည်သည့်​​နေရာတွင်ထိန်းသိမ်းခံနေရသည်ကိုမူ အတိအကျမသိရပါ။ ​ဒေါ်အောင်ဆန်းစုကြည်သည် သူမအားလုပ်ကြံစွပ်စွဲချက်များစွာနှင့် ရင်ဆိုင်နေရသည်။ အင်တာနက်ပြဿနာများကြောင့် တနင်္လာနေ့တွင် ပြုလုပ်မည့်တရားရုံး၏အမှုကြားနာခြင်းကို မတ်လ (၂၄) ရက်အထိ ရွှေ့ဆိုင်းခဲ့ ကြောင်း သူမ၏ရှေ့နေက ပြောကြားခဲ့သည်။

တစ်ရက်တည်း၌ အနည်းဆုံး (၃၈) ဦး သေဆုံး

တနင်္ဂနွေနေ့က နိုင်ငံရေးနှင့်အကျဉ်းသားများအားကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ “အကြမ်းဖက်မှုနှင့် မတရားဖမ်းဆီးမှုများကြောင့် ယခုချိန်ထိ လူပေါင်း (၁၂၆) ဦး သေဆုံးပြီး၊ ယနေ့သေဆုံးသူ အနည်းဆုံး (၃၈) ဦး အထိရှိလာသည်” ဟူ၍ ရေးသားဖော်ပြခဲ့သည်။ သတ်ဖြတ်မှုအများစုမှာ တိုင်းပြည်၏အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင်ဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံက စစ်အစိုးရကိုငွေကြေးထောက်ပံ့နေသည်ဟု လူအများကရှုမြင်နေပြီး၊ အဆိုပါနေ့၌ တရုတ်ပိုင်စက်ရုံများစွာလည်း မီးလောင်ပျက်စီးခဲ့သည်။ ၎င်းမီးလောင်မှုကြောင့် တရုတ်နိုင်ငံ၏ စိုးရိမ်မှုမြင့်တက်ခဲ့ပြီး အပြင်းထန်ဆုံးသောတောင်းဆိုမှုအဖြစ် ရန်ကုန်ရှိတရုတ်သံရုံးက မြန်မာ့လုံခြုံရေး တပ်ဖွဲ့များအား အကြမ်းဖက်မှုများကိုရပ်တန့်ရန်နှင့် ပြည်သူလူထုနှင့် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် တောင်းဆိုလိုက်သည်။

အေအေပီပီမှပြောကြားချက်အရ စုစုပေါင်း ပြည်သူ (၂၁၅၆) ဦးကို ဖမ်းဆီးခဲ့ပြီး၊ စွဲချက်တင်ခြင်း၊ စီရင်ချက်ချခြင်းများပြုလုပ်ကာ (၁၈၃၇) ဦးကို ထိန်းသိမ်းထားဆဲဖြစ်သည်။ အာဏာသိမ်းစစ်အစိုးရသည် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၆) ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

အပြစ်မဲ့ပြည်သူများကို လွှတ်ပေးပါ

အာရှကက်သလစ်ဆရာတော်များကြီးများအဖွဲ့ချုပ် (FABC) ၏ဥက္ကဌလည်းဖြစ်သော ကာဒီနယ်ဘိုသည် လုံခြုံရေးတပ်ဖွဲ့များအား အကြမ်းဖက်မှုနှင့်သတ်ဖြတ်မှုများကိုရပ်တန့်ရန်၊ “ရက်စက်ယုတ်မာသည့် လမ်းကြောင်းကိုစွန့်လွှတ်ရန်” တိုက်တွန်းခဲ့သည်။ “အပြစ်မရှိတဲ့ပြည်သူတွေကို လွှတ်ပေးပါ၊ သူတို့က ကျွန်ုပ်တို့ရဲ့လူမျိုးတွေပဲ” ဟု သူကပြောသည်။ လူငယ်များသည် မျှော်လင့်ချက်ဖြင့်အသက်ရှင်သန်နေကြကြောင်းကိုထောက်ထားပြီး “ကျွန်တော်တို့ဟာ အသိဉာဏ်မဲ့ပြီး စိတ်ပျက်စရာကောင်းတဲ့ လူမျိုးတစ်မျိုးမဖြစ်စေရဘူး” ဟု တောင်းဆိုခဲ့သည်။

ရဟန်းမင်းကြီး၏ တစ်လုံးတစ်ဝတည်းရှိမှု

အသက် (၇၂) နှစ်ရှိ ဆလေးရှင်းအသင်းဝင်ကာဒီနယ်ကြီးသည် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏သတင်းစကားကိုပြန်ပြောပြကာ တိုင်းပြည်အတွင်းရှိကက်သလစ်သာသနာတော်အား ငြိမ်းချမ်းရေးတည်ဆောက်ရာ၌ မိမိကိုယ်ကိုဆက်ကပ်ရန် အားပေးခဲ့သည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ရဟန်းမင်းကြီးက တနင်္ဂနွေနေ့ “အန်ဂျေလူးမေတ္တာ ရွတ်ဆိုဆုတောင်းခြင်း” ၌ အများကောင်းကျိုးအတွက်အစေခံရန်၊ လူမှုရေးဆိုင်ရာတရားမျှတမှုနှင့် အမျိုးသားရေးတည်ငြိမ်မှုကိုမြှင့်တင်ရန်အတွက် စိတ်ရင်းမှန်ဖြင့်ဆန္ဒရှိကြောင်းကိုပြသကြရန် နိုင်ငံတော်၏ အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

နောက်တစ်နေ့၌ ရဟန်းမင်းကြီးသည် သံအမတ်များအားမိန့်ခွန်းပြောကြားရာတွင် မိမိသည် မြန်မာပြည်သူလူထုနှင့်ရင်းနှီးမှုရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး၊ အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီလမ်းစဉ်သည် အကြီးအကျယ်ပြတ်တောက်သွားကြောင်း၊ အကျဉ်းချခံခေါင်းဆောင်များကို တိုင်းပြည်၏ကောင်းကျိုးအတွက် ပြန်လွှတ်ပေးရန်မျှော်လင့်ကြောင်းကို ပြောကြားခဲ့ပြီး၊ ထပ်မံ၍ မတ်လ (၃) ရက်နေ့တွင်လည်း အကြမ်းဖက်မှုများကိုရပ်တန့်ရန်၊ ပဋိပက္ခများအပေါ် တွေ့ဆုံဆွေးနွေးရန်နှင့် သဘောထားကွဲလွဲမှုများအပေါ်သဟဇာတရှိစေရန်အတွက် စစ်အစိုးရအား တောင်းဆိုခဲ့သည်။

ရဟန်းမင်းကြီး၏ လုပ်ပိုင်ခွင့်နှင့် အားပေးမှုကြောင့် မြန်မာနိုင်ငံကက်သလစ်သာသနာတော်သည် တိုင်းပြည်အတွင်း အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ပါဝင်ကူညီရန် တာဝန်ရှိကြောင်း ကာဒီနယ်ဘိုက ပြောကြားခဲ့သည်။

Source: vaticannews.va

Credit: CBCM-OSC

Add new comment

3 + 6 =