မန္တလေး ဂိုဏ်းချုပ်သာသနာအဆင့် ကောလိပ် (၁၀) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း။

မန္တလေး ဂိုဏ်းချုပ်သာသနာအဆင့် ကောလိပ် (၁၀) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပခြင်း။

၂၈၊ ၈၊ ၂၀၂၄။ အာဗီအေမြန်မာ။ မန္တလေးမြို့။

မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာသနာ အဆင့် မန္တလေးမြို့ စိန့်ဂျွန်း သာသနာစီရင်စုတွင် ဖွင့်လှစ်ထားသော Higher Education College( H.E.C ) ၏ (၁၀) ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားကို (၂၈၊ ၈.၂၀၊ ၂၄) နေ့ နံနက် ၈းဝဝ နာရီတွင် စိန့်ဂျွန်း ဘုရားကျောင်း၌ Fr. Eamonsheridan မှ မစ္ဆား တရားဉီးဆောင်ပူဇော်ပြီးကျင်းပခဲ့သည်။

Mandalay Archdiocese Higher Education College( H.E.C) သည် ၂၀၁၀ခုနှစ်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး နေရာဒေသအသီးသီးမှ ပညာရေးကိုအမှန်တကယ်လိုလားပြီး ငွေကြေးအားနည်းသော လူငယ်များကို အဓိကပြု စုပျိုးထောင်ပေးသော ကောလိပ်ကျောင်းတစ်ခုဖြစ်ကာ ယခု အခါ ၁၀ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခြင်းဖြစ်သည်။

လက်ရှိတွင် တာဝန်ခံဘုန်းတော်ကြီးများ အဆင့်ဆင့် ဉီး ဆောင်မှုဖြင့် အပတ်စဉ် (၁၀) အထိ လူငယ်များကိုပညာအမွေပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနား၌ ဤကျောင်း၏ လက်ရှိတာဝန်ခံ Fr. Richard Hla Min Oo (Director) မှ ဘွဲ့ယူမည့် ကျောင်းသူ၊ ကျောင်းသားများကို အားပေးစကားပြောခဲ့သည်။

“ဒီအဖွဲ့ကတော့ တော်တော်လေး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ် ။ Covid ပြသနာ၊ လက်ရှိကျွန်ုပ်တို့ နိုင်ငံရဲ့ အခြေအနေ တွေကြားကနေ စိတ်ဓာတ်မကျပဲ ဆက်ကြိုးစားလို့ ဒီနေ့ဒီလိုရလာဒ် ရရှိလာတာဖြစ်ပါတယ်။ တို့တွေဒီမှာရှိနေတာက ဘုရား ရဲ့ ခေါ်ယူခြင်းကြောင့် ရောက်ရှိလာခြင်းဖြစ်တယ်။ ဘဝမှာပြောင်းလဲခြင်းတွေအများကြီးရှိတယ် အထူးသဖြင့်ဒီလို့ ခက်ခဲတဲ့ကာလမှာ မသေချာမှုတွေ၊ မရေရာမှုတွေ၊ စိုးရိမ်မှုတွေရှိတယ်။ ရှေ့မှာဘာတွေလုပ်ရမလဲဆိုတာမသေချာဘူး၊ စိတ်ရှည်ရမယ်၊ စောင့်ရမယ်။ ဒီကနေ မိဘတွေကိုလည်းမှာကြားချင်ပါတယ် ငါတို့ငယ်ငယ်ကတည်းက မင်းကိုကျောင်းထားပေးတယ် ခုမင်း အချိန် ရောက်ပြီ ငါတို့ကိုပြန်လုပ်ကျွေးတော့ ပြန်လုပ်ပေးတော့ အဲ့လိုမျိုးမတောင်းဆိုပါနဲ့ သူတို့ရဲ့ဝါသနာကဘာလဲ ၊ သူတို့ ဖြစ်ချင်တာက ဘာလဲ၊ သူတို့ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း ဆက်ပြီးသွားနိုင်အောင် မိဘတွေအနေနဲ့ အားပေးခြင်းဖြင့် ကူညီရမယ်။ ရတဲ့အလုပ်လုပ်ပြီးတော့ ပိုက်ဆံရှာဖို့ မတိုက်တွန်းစေချင်ဘူး ပိုက်ဆံဆိုတာ တစ်သက်လုံးရှာလို့ရပါတယ်။ ဒါမဲ့သူဝါသနာပါတာကဘာလဲ ၊ သူ့ဘဝရည်ရွယ်ချက်ကဘာလဲ ၊ သူ့အပေါ်ဘုရားရဲ့ ညဏ် စီမံကိန်းကဘာလဲ ၊ စတာ တွေ ကို မိဘတွေအနေနဲ့ စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းပြီးတော့ သူတို့ကိုခွင့်ပြုပေးစေချင်ပါတယ်။ သင်တို့သည် (H.E.C) Community မိသားစုရဲ့ အစိတ်အပိုင်းအဖြစ် ဆက် လက်ပြီးတော့ တည်ရှိနေမှာဖြစ်တယ်။ အမြဲတမ်းလည်း ဆု တောင်း ပေးနေပါတယ်။ နောက်ပြီးတော့ သင်တို့ တစ်ဉီးစီရဲ့ ချမှတ်ထားတဲ့ လမ်းကို အမှန်ကန်ဆုံးရွေးနိုင်အောင် ဆုတောင်း ပေးပါတယ်။" လို့ တာ၀န်ခံဘုန်းတော်ကြီးမှ ဆိုပါတယ်။

ယနေ့ဘွဲ့ယူကြတဲ့ ကျောင်း သားကျောင်းသူ တစ်ချို့ကလည်း သူတို့၏ ရင်တွင်းခံစားချက်တွေကို ခုလိုပြောပြခဲ့သည်။

Stephen ကျော်လင်းထိုက် (မန္တလေးသာသနာ)။

“ကျွန်တော် ဒီကျောင်းမရောက်ခင်အချိန်တုန်းက တစ်ကိုယ် ကောင်းဆန်စိတ်တွေ အရမ်းဖြစ်တယ်။ အဲ့ဒီစိတ်တွေကို ပြောင်း လဲချင်တဲ့စိတ်ရယ် ဒီကျောင်းကသင်ပေးတဲ့ပညာရပ်တွေ အင်္ဂလိပ်စာ၊ ကွန်ပျူတာ နှင့် အခြား ဘာသာရပ် တွေကိုလည်း စိတ်ဝင်စားလို့ ဒီကျောင်းကို တက်ဖြစ်ပါတယ်။ အခုတော့ တစ်ကိုယ်ကောင်းစိတ်တော့ မရှိတော့ဘူး။ ကျွန်ုပ်မှာ ညီအစ်ကိုလည်းမရှိဘူး တစ်ဉီးတည်းသောသားဆိုတော့ ဆိုးခဲ့တယ်။ ဒီရောက်မှ ဒီကသူငယ်ချင်းတွေနဲ့ တစ်ယောက် ကိုတစ်ယောက် ညီအစ်ကိုတွေလို အချင်းချင်း ဘယ်လိုရိုင်းပင်းကူညီကြရမယ် ဘယ်လိုချစ်ချစ် ခင်ခင် နေရမယ် ဆိုတဲ့ မေတ္တာတရားတွေကိုလည်း သင်ယူရရှိပါတယ်။”

Agatha နွယ်နွယ်လွင် (ဟားခါးသာသနာ)။

“ ဒီကျောင်း ကသင်ပေးတဲ့ ဘာသာရပ်တွေတော့ အများကြီးရှိပါတယ်။ ဒီမှာက ဒီဘာသာရပ်တွေပဲသင်တာမဟုတ်ပဲနဲ့ လက်တွေ့မှာ လူ့အဖွဲ့အစည်းနဲ့ ဘယ်လိုနေရမလဲ၊ ပြီးတော့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ တွေကိုလည်းသင်ပေးတယ်။ စစချင်းဆိုညီမက ဒီလိုလူတွေအများကြီးနဲ့ စကားပြော ဖို့မပြောနဲ့ တစ်ယောက်နဲ့တစ်ယောက် သွားမိတ်ဆက် စကား ပြောရမှာတောင်ရှက်တယ်။ ဒါပေမဲ့ ဒီကျောင်းရောက်ပြီးနောက်ပိုင်းလူ အများနဲ့လည်းပေါင်း သင်းဆက်ဆံတတ်လာတယ် ၊ Activity တစ်ခုခုလုပ်မယ်ဆိုလည်း ဉီးဆောင်လုပ်ရဲလာတယ်၊ မိမိကိုယ်မိမိ ပိုရင့်ကျက်လာတယ် လို့ခံစားရတယ်။ ဖြစ်ချင်တဲ့ဆန္ဒကတော့ နိုင်ငံခြားကိုပညာတော်သင်ဆက်လက်သွားချင်တယ်။ ဒါမဲ့အခုလော လောဆယ်တော့ ရွာကို ပြန်ပြီး ရွာမှာ ကျောင်းမတက်ရတဲ့ကလေးတွေလည်းအများကြီးရှိတယ် အဲ့တော့ ကိုယ်တတ်ခဲ့တဲ့အင်္ဂလိပ်စာနှင့် အခြားပညာရပ်တွေကို ကလေးတွေကိုပြန် လည် သင်ကြားပေးချင်တယ်။”

ကျောင်း၏သင်ကြားမှုအပိုင်းတွေနဲ့ ဒီကျောင်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များကို တာဝန်ခံ ဘုန်းတော်ကြီး Fr. Ricard Hla Min Oo ( Director) မှလည်းခုလိုရှင်းပြခဲ့သည်။

“Mandalay Archdioses Higher Education College( H.E.C ) သည် လက်ရှိမှာတော့ ကိုယ်တော်ကနေပြီးတော့ ဒါရိုက်တာ တာဝန်ယူပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီကျောင်းကိုစဖွင့်တာက ၂၀၁၀ မှာစဖွင့်ဖြစ်ပါတယ် ဒါပေမဲ့ ကြားထဲမှာ Covid ‌ကြောင့် သုံးနှစ်နှီးပါးပိတ်လိုက်ရတယ် အခုဒီနေ့မှာ ဆိုရင် ဆယ်ကြိမ်မြောက် ကျောင်းဆင်းဘွဲ့ ပေးနိုင် ခဲ့ခြင်းဖြစ်ပါတယ်။

အဓိက ကတော့ အထက်တန်းအောင်ထားပြီး ကျောင်းဆက်တက်ဖို့ အခက်အခဲဖြစ်တယ်၊ ပြီးတော့ပညာ ကလည်း တကယ်လိုလိုလားလားသင်ချင်စိတ်ရှိတဲ့ လူငယ်တွေ၊ တစ်ချို့ကမိဘတစ်ယောက်ပဲရှိတယ် တစ်ချို့က မိဘမရှိတာတို့ အဲ လိုမျိုး အခက်အခဲဖြစ်နေတဲ့လူငယ်တွေ ဆိုရင်တော့ပိုဉီးစားပေးတယ်။

အဓိကစံနှုန်းကတော့ ပညာကို လိုလိုလားလားဖြစ်ရမယ်၊ ပြီးတော့ မိဘက ငွေကြေးတတ်နိုင်တဲ့ မိသားစု မဖြစ်ရဘူး၊ ငွေကြေးအားနည်းသူ မိသားစုမှ ပညာလိုချင်တဲ့လူငယ်များကို ဉီးစားပေးခေါ်တယ်။ ဒီကျောင်းမှာက English 4Skills ၊ Grammer ၊ Computer ၊ နှင့် အခြားဘာသာရပ်များလည်းသင်ပေးတယ်။ ပထမနှစ်မှာ ဘုရားစကားအကြောင်း၊ ဒုတိယနှစ်မှာဆိုရင် Catholic Social Teaching သင်တယ်၊ တတိယနှစ်မှာ Catholic Social Science နှင့် Music တွေ ကို သင်ကြားပေးပါတယ်။ ပြီးတော့ ဒီမှာက ဖုန်းကို များများစားစားမသုံးခိုင်ဘူး စနေ၊ တနင်္ဂနွေ လောက်ပဲသုံးတယ်။ ဖုန်းမသုံးတော့ တစ်ယောက်နဲ့တယောက် ပိုမိုခင်မင်ရင်းနှီးစွာ စကားပြောဖို့အချိန်ရမယ်၊ ပြီးတော့ group work တွေကိုလည်း ပိုလုပ်နိုင်တယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် အများနဲ့အတူပူပေါင်းလုပ်ဆောင်တတ်လာမယ်၊ တစ်ယောက် ချင်းစီးရဲ့ အာနည်းချက်အာသာချက်တွေကို လေ့လာသင်ယူပြီး ပိုမိုကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

ဒီကျောင်းကိုစိတ်ဝင်စားတယ်ဆိုရင် သက်ဆိုင်ရာသာသနာအသီးသီးမှ ပညာရေးရုံး မှာဖောင်ယူပြီးဖြည့်လို့ရတယ် ခါ တိုင်းဆိုရင်တော့ ဒီမှာပဲ အင်တာဗျူး ဖြေရတယ်၊ ခုတော့အခြေအနေအရ သက် ဆိုင်ရာသာသနာ ပညာရေးရုံးတွေမှာ ဆက်သွယ်စုံစမ်းပြီး အင်တာဗျူးဖြေရမှာဖြစ်ပါတယ်။” လို့ရှင်းပြခဲ့ပါတယ်။

မစ္ဆားတရားအပြီး ဘွဲ့နှင်း သဘင်အခမ်းအနားကို စိန့်ဂျွန်း H.E.C ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနား၌ လာရောက် အားပေးသော ဆရာ/မများ၊ မိဘများ၊ မိတ်ဆွေများကို ကျောင်းသားကျောင်းသူများက အကများဖြင့်ဖျော်ဖြေကြ သည်။ ထိုနောက် တာဝန်ခံ Fr. Richard Hla Min Oo မှ ကျောင်းသားကျောင်းသူများကို ဘွဲ့လက်မှတ်များပေးအပ် ခြင်း အမှာစကားပြောကြားခြင်း ပြုလုပ်ခဲ့သည်။ ဒါ့အပြင် ရဟန်တော်များ၏ ကောင်းကြီးခံယူကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

#localnews #rvapastoralcare
#rvamyanmar

Add new comment

15 + 4 =