မန္တလေးသာသနာ၌ ကမ္ဘာ့မိသားစုများနေ့အထိမ်းအမှတ်မစ္ဆားတရားပြုလုပ်

ကမ္ဘာ့မိသားစုများနေ့အထိမ်းအမှတ်မစ္ဆားတရားသို့တက်ရောက်လာသော မိသားစုများနှင့်ဘုန်းတော်ကြီးများ(Photo-Pinky)

 

မန္တလေးသာသနာ၌ ကမ္ဘာ့မိသားစုများနေ့အထိမ်းအမှတ်မစ္ဆားတရားပြုလုပ်

 

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ မိသားစုကော်မှရှင်မှ ဦးစီး၍ ကမ္ဘာ့မိသားစုများနေ့အထိမ်းအမှတ်မစ္ဆားတရားကို ဇူလိုင်လ(၃၀) ရက် နေ့၊ နံနက် (၈း၀၀မှ၁း၀၀) နာရီထိ ၊ရွှေနှလုံးတော် ကက်သီဒြယ် ဘုရားကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့ပါသည်။

မစ္ဆားတရားတော်မြတ်အား မွန်ဆီညော် ပီတာ စိန်လှိုင်ဦးမှ ဦးဆောင် ကာပူဇော်ခဲ့ပြီးမန္တလေးမြို့ပေါ်ရှိသာသနာအုပ်စုအသီးသီးမှကျောင်းထိုင်ဘုန်းတော်ကြီးများနှင့်အတူမိသားစုဝင်များပါဝင်တက်ရောက် ခဲ့ပါသည်။

မွန်ဆီညော် ပီတာ စိန်လှိုင်ဦးမှ ဩဝါဒတရားရေအေးတိုက်ကျွေးရာ၌ Family  ဆိုသည့် စကားလုံးအား ၎င်းအနေဖြင့် တစ်လုံးစီ အဓိပွါယ် ပြန်လည်ခွဲခြားရာတွင်  ( Father and Mother I Love You )ဟု  အဓိပ္ပါယ်ဖော်ဆောင်မိကြောင်းကို ဝေမျှခဲ့ပြီး မိသားစုများတွင်  မိဘများဟာပုံသက်သေကောင်းများဖြစ်ဖို့ရန်လိုအပ်ကြောင်းများကိုမြွက်ကြားခဲ့ပါသည်။

“ကမ္ဘာ့မိသားစုများနေ့အထိမ်းအမှတ်မစ္ဆားတရားကိုပြုလုပ်ရခြင်းရည်ရွယ်ချက်က ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်က မိသားစုများ ဟာ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို သူ့ရဲ့ မိန့်ခွန်းတွေမှာ မိန့်ကြား လေ့ရှိတယ်။ဒီနှစ်မှာလည်း တစ်ကမ္ဘာလုံး ဆိုင်ရာ မိသားစုများ တွေ့ဆုံပွဲကို ကျင်းပဖို့ ညွှန်ကြားခဲ့တယ်။ရဟန်းမင်းကြီးရဲ့ ညွှန်ကြား ချက်နှင့် ဗာတီကန်ကအဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက် တွေကြောင့်နဲ့  မြန်မာနိုင်ငံက မိသားစုတွေဟာ ကပ်ရောဂါနှင့်နိုင်ငံ့အခြေအ နေများကြောင့်မဆုံနိုင်ကြဘူး။ဒါကြောင့်ပထမဆုံးအကြိမ်အနေနဲ့မိသားစုများအတူတကွဆုံဆည်းနိုင်အောင်၊အတူတကွခွန်အားပေးနိုင်အောင်၊အတူတကွဝတ်ပြုကိုးကွယ်နိုင်အောင်၊အတူတကွတွေ့ဆုံနိုင်အောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။”ဟုမန္တလေးကက်သလစ် သာသနာ လုံးဆိုင်ရာ မိသားစုကော်မရှင် ဒါရိုက်တာ ဖရယ်ဒီ ဦးစိုးနိုင်က အာဗီအေ ကို ပြောပြပါသည်။

 

“ သာယာပျော်ရွှင်တဲ့ မိသားစု တစ်စုဖြစ်ဖို့ဆိုရင် မိဘကိုယ်တိုင်က ဘာသာတရားကိုင်းရှိုင်းတယ်၊မိဘတွေကိုယ်တိုင်က အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်၊ကြင်ကြင်နာနာနဲ့နေတယ်ဆိုရင် သားသမီးတွေဟာ အင်မတန်ပျော်ပြီး တော့ သူတို့ကိုယ်တိုင်က ဒါကိုကြည့်ပြီးတော့ ဝမ်းသာကြတယ်။ပျော် ရွှင်ကြတယ်။မိသားစုအတူတကွပုတီးစိပ်တယ်။မစ္ဆားတရားအတူတကွနာယူကြတယ်။မိသားစုအပေါ်မှာမေတ္တာတရားတွေပေးတယ်။တခြားအရာတွေထက် ယုံကြည်ခြင်းခိုင်မာဖို့သွန်သင်တယ်။ “ ဟု ဓမ္မဆရာတစ်ဦးလည်းဖြစ် မိသားစုကော်မရှင်၏ ဒါရိုက်တာလည်း ဖြစ်သည့် ဦးစိုးနိုင်က ၎င်း၏ မိသားစုအပေါ် ဖခင်တစ်ဦး၊ အိမ်ထောင်ဦးစီးတစ်ဦးအနေဖြင့် ဦးဆောင်လမ်းညွှန်ပြသည့် အရာကို အာဗီအေကိုပြောပြခဲ့ပါသည်။

“မိသားစုမှာအတူတကွစိပ်ပုတီးစိပ်ခြင်းအားဖြင့်မိသားစုတစ်စုဟာ အတူတကွနေထိုင်ရတယ်။ပျော်ရွှင်တယ်။အန္တာရာယ်ကင်းတယ်။အေးချမ်းတယ်။“ဟုယုံကြည်လက်ခံကြောင်းကိုမိခင်တစ်ဦးဖြစ်သည့် မစင်သီယာက အာဗီအေကိုပြောပြပါသည်။

ဦးဖရယ်ဒီစိုးနိုင်နှင့် မစင်သီယာတို့သည် အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်ခဲ့သောဆယ်ကြိမ်မြောက်ကမ္ဘာ့မိသားစုများနေ့အခမ်းအနားကိုမန္တလေးသာသနာကိုယ်စားပြုအနေဖြင့်တတ်ရောက်ခွင့်ရရှိခဲ့သည့်ဇနီးမောင်နှံလည်းဖြစ်ပါသည်။

ဦးစိုးနိုင်က“နိုင်ငံအသီးသီးကမိသားစုတွေအတူတကွတက်ရောက်လာကြတာတွေ့တယ်။တချို့ဆိုသားသမီးတွေနဲ့အတူတကွတက်ရောက်လာကြတာကိုတွေ့ခဲ့ရတယ်။မိသားစုတွေရဲ့ဝေမျှခြင်းတွေကိုအဓိကထားပြီးပြုလုပ်ခဲ့တာကိုလည်းတွေ့ရတယ်။လေးရက်တာအတွင်းမှာကမ္ဘာ့နိုင်ငံအသီးသီးရဲ့မိသားစု၊မိသားစုတွေရဲ့တွေ့ကြုံဖြတ်သန်းနေရတဲ့အရာတွေကိုဝေငှတဲ့အစီအစဉ်တွေပဲလုပ်ဆောင်ခဲ့ကြရတယ်။မိသားစုတွေရဲ့မတူညီတဲ့ရှု့ထောင့်တွေ၊ မတူညီတဲ့‌ဝေမျှချက်တွေဟာ အင်မတန်ခွန်အားရခဲ့ပါတယ်။သူတို့ရဲ့ ဝေမျှချက်တွေဟာ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့မိသားစုတွေနဲ့လည်းမကွာဟပါဘူး။ သူတို့တွေဟာ မိသားစုတွေပေါ်မှာ ဘယ်လိုပြုစုစောင့်ရှောက်ရမယ်။ဝိညာဉ်ရေး၊ ကာယရေး၊စသဖြင့်အရာတွေကိုဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာကိုသားသမီးတွေကိုလမ်းညွှန်ပေးတယ်၊ခွန်အားပေးတယ်။ရင် ဆိုင်ရတဲ့ပြဿနာတွေနဲ့တွေ့လာရရင်လည်း၊ဘုရားနဲ့အတူ ကျော်လွှားတယ်ဆိုတဲ့အကြောင်း၊ မိသားစုတစ်စုနဲ့တစ်စု မတူညီတဲ့ အခက်အခဲ ဒုက္ခပြဿနာတွေကြားထဲမှာ ၊ သူတို့တွေဟာ ဘုရားနဲ့ အတူ ရင်ဆိုင်ကျော်လွှားခဲ့ကြတယ်။မိသားစုတွေဟာ ဒီပွဲတော်ကြီး မှာစိတ်အားထက်သန်စွာနဲ့တက်ကြွစွာပါဝင်ခဲ့ကြတာကိုလည်းတွေ့မြင်ခဲ့တယ်။ဒီပွဲတော်မှာထူးခြားတာက ကပွဲ၊ပျော်ပွဲတွေမပါဝင်ဘဲနဲ့ ဝိညာဉ်ရေးရာသက်သက်နဲ့မိသားစုရေးရာကဏ္ဍတွေကိုသာ အဓိက ဦးစားပေးပြီးတော့မှလုပ်ဆောင်ခဲ့ကြတယ်။ဒီလိုမျိုးတက်ရောက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့တွေဟာ ကမ္ဘာ့မိသားစုဆိုတဲ့ အရာကြီးကိုတွေ့မြင်လာရတယ်။အများကြီးသင်ခန်းစာတွေရရှိခဲ့ရပါတယ်“ဟုရောမတွင်ပြုလုပ်ခဲ့သောဆယ်ကြိမ်မြောက်ကမ္ဘာ့မိသားစုနေ့အခမ်းအနားတွင်ပါဝင်တက်ရောက်ခွင့်ရရှိခဲ့သည့်အတွေ့အကြုံများကို အာဗီအေကို ပြောပြခဲ့ပါသည်။

“မန္တလေးသာသနာ မိသားစုရေးရာကော်မရှင်အနေဖြင့်အများကြီး လုပ်ဆောင်သွားဖို့ စီမံကိန်းတွေဆွဲထားပါတယ်။ ဒီအရာတွေကို လုပ်ဆောင်နေရင်းကနေမှ ကမ္ဘာ့မိသားစုများနေ့ ပွဲတော်ကြီးကို  တက်ရောက် ခွင့်ရခဲ့အခါမှာ ပိုပြီးတော့မြင်လာပါတယ်။အထူးသဖြင့် လူငယ်တွေအတွက်၊သက်ကြီးရွယ်အိုတွေ၊အဘိုးအဘွားတွေဟာ ဒီလူငယ်တွေကိုယုံကြည်ခြင်းလက်ဆင့်ကမ်းဖို့အရမ်းအရေးကြီး တယ်။ အဘိုးအဘွားတွေရဲ့ကဏ္ဍ၊မိဘတွေရဲ့ ကဏ္ဍဟာ လက်ဦးဆရာ မိနှင့်ဘဆိုသလိုဒီသားသမီးတွေကိုပြုစုပျိုးထောင်ဖို့ယုံကြည်ခြင်းခိုင်မာအောင်လမ်းညွှန်ပေးဖို့၊သင်ကြားပေးရမယ်ဆိုတာကိုလည်းသိပါတယ်။ဒါကြောင့်မို့လိုမိသားစုရေးရာကော်မရှင်အနေနဲ့ယုံကြည်ခြင်း ခိုင်မာဖို့သင် ပေးသလို၊လက်ထပ်ထိမ်းမြားခြင်းဟာလည်းအရမ်းအ‌ရေးကြီးတယ်။ ရဟန်းမင်းကြီးကိုယ်တိုင်ကလည်း မိန့်ကြားခဲ့တာက လူငယ်တွေကိုလွှတ်မထားပါနဲ့၊ပစ်မထားပါနဲ့၊လက်ထပ်ထိမ်းမြား ခြင်းဟာအင်မတန်အရေးကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူငယ်တွေကိုလက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်ပေးတာတွေ၊ အသိပေးတာတွေ ၊Sex Education တွေနဲ့ပတ်သတ်ပြီးတော့မှလုပ်ဆောင်ရမယ့်အရာတွေကို ပညာပေးသင်တန်းတွေ လုပ်ပေးဖို့ နှောင့်နှေးမနေပါနဲ့လုပ်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ ဒီဘက်ခေတ်လူငယ်တွေကြားမှာ Living Together နေကြတာဟာ အတော်လေးကိုခေတ်စားနေပါတယ်။ လက်ထပ်ရမယ့်အရာကိုအချို့ကကြောက်ရွံ့ကြတယ်။သို့သော်လည်း တစ်ယောက်နဲ့တယောက်အတူနေချင်ကြတယ်။အဲ့တော့ လက်မထပ်ဘဲနဲ့အတူနေတဲ့အခါမှာကျနော်တို့ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့အတူကက်သလစ်အသင်းတော်ကြီးရဲ့သွန်သင်ချက်တွေနဲ့ဆန့်ကျင်တာတွေကိုလည်းဖြစ်စေပါတယ်။ဒါဟာအပြစ်ကြီးတွေဖြစ်ပါတယ်။အဲ့တော့ကျနော်တို့တတွေအနေနဲ့နောက်လာနောက်သားလူငယ်သားသမီးတွေကိုဒီလိုမျိုးဘာသာတရားနဲ့ပတ်သက်ပြီးတော့မှလက်ထပ်ထိမ်းမြားခြင်းအကြောင်းတွေ၊အပြစ်ရဲ့အကြောင်းတွေကို ကောင်းမွန်စွာ သင်ကြားပေးပြီးတော့မှ ဒီအရာတွေကို လူငယ်တွေကို အပတ်စဉ်သော်လည်းကောင်း၊ လစဉ်သော်လည်းကောင်း၊ Marriage Preparation Program  လုပ်ဖို့ကျနော်စီစဉ်နေပါတယ်။ “ဟု မန္တလေးသာသနာမိသားစုကော်မရှင်၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်ပြီး ဦးစိုးနိုင်က အာဗီအေကို ပြောပြခဲ့ပါသည်။

 

မန္တလေးသာသနာ Pastoral Care Sector ၏ Director Fr. Paul Thet Khaing ကလည်း “မိသားစုတွေတစ်ဦးနှင့် တစ်ဦးအပြန် အလှန်ချစ်ခင်ကြဖို့၊တစ်ဦးနဲ့တစ်ဦးသစ္စာရှိကြဖို့၊တစ်ဦးနဲ့တစ်ဦးတန်ဖိုးထားဖို့၊တစ်ဦးကိုတစ်ဦးချစ်မယ်၊တန်ဖိုးထားမယ်၊အပြန်အလှန်သစ္စာရှိမယ်၊တစ်ဦးနှင့်တစ်ဦးအချိန်ပေးကြမယ်အဲ့ဒါဆိုရင်မိသားစုကြီးဟာအရမ်းပျော်စရာကောင်းမှာ၊တစ်ခါတစ်လေမှာအချိန်မပေးတဲ့အတွက်ချစ်ခြင်းမေတ္တာပျက်ကွက်တဲ့အတွက်ကြောင့်မို့သာလျှင် မိသားစုတွေဟာ ပျော်ရွှင်စွာ မရှိကြတာ။တကယ်တမ်းကြတော့ မိသားစုတွေမှာ အရေးကြီးဆုံးက ချစ်ခြင်းမေတ္တာပဲ။ ချစ်ခြင်း မေတ္တာနဲ့ဆက်ပြီးထိမ်းသိမ်းကြဖို့တိုက်တွန်းချင်ပါတယ်“ဟု မိသားစုတစ်စုတွင်ချစ်ခြင်းမေတ္တာရှိမှသာလျှင်ပျော်ရွှင်သည့် မိသားစု ဘဝများကိုပိုင်ဆိုင်ရမည့်အကြောင်းကိုအာဗီအေကိုပြောပြခဲ့ပါသည်။

 

မိသားစုကော်မရှင်ကိုဆရာတော်ကြီးမာကုတင်ဝင်းဆရာတော်ဖြစ်လာပြီးနောက် ဦးစိုးနိုင်အား မိသားစုကော်မရှင်တာဝန်ခံအနေဖြင့် တာဝန်ပေးအပ်ခဲ့သော်လည်းကိုဗစ်ကပ်ရောဂါကြောင့်မိသားစုကော်မရှင်အနေဖြင့်လုပ်ငန်းများလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသေးဘဲ ယခုကမ္ဘာ့မိသားစုများအနေ့အထိမ်းအမှတ်မစ္ဆားတရားပြုလုပ်ခြင်းဖြင့်မိသားစုကော်မရှင်၏ပထမဦးဆုံးလှုပ်ရှားမှုတစ်ခုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ယနေ့ပြုလုပ်ခဲ့သောကမ္ဘာ့မိသားစုများအနေ့အထိမ်းအမှတ်အနေဖြင့်မိသားစုများအတူတကွမစ္ဆားပူဇော်ခြင်း၊သာသနာအုပ်စုအသီးသီးမှစုံတွဲအတွက်မိသားစုဘဝအတွေ့အကြုံများ၊အခက်အခဲများကိုရင်ဆိုင်ဖြေရှင်းခဲ့ပုံများအကြောင်း၊သားသမီးများအား လမ်းညွှန် ပြပုံများ အကြောင်းများကိုစုံတွဲများအတူတကွသက်သေခံဝေမျှခဲ့ကြပါသည်။အဲ့ဒီနောက်မိသားစုများအတွက်ဆုတောင်းမေတ္တာကိုအတူတကွရွတ်ဆိုဆုတောင်းကြပြီး၊ We Believe In One သီချင်းသီဆိုကာ အခမ်းအနားကို ကျင်းပပြီးစီးခဲ့ပါသည်။

News By - Pinky

#rvamyanmar #rvapastoralcare #ArchdioceseofMandalayFamilyCommission #WorldFamilyDayMass2022

Add new comment

6 + 5 =