မန္တလေးကက်သလစ် ကချင်မိသားစုမှ ကချင်ဓမ္မဆရာအားဂုဏ်ပြုပွဲကျင်းပပေး

မန္တလေးကက်သလစ် ကချင်မိသားစုမှ ကချင်ဓမ္မဆရာအားဂုဏ်ပြုပွဲကျင်းပပေး

မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာအတွင်းရှိ ကချင်မိသားစုများမှ အောက်တိုဘာ ၃၀ ရက်နေ့တွင် စိန့်ဇေးဗီးယားဘုရားကျောင်း၌ ကချင်ဓမ္မဆရာဖြစ်တဲ့ ဆရာ Michael Malang Zau Seng အားဂုဏ်ပြုခြင်းအစီအစဉ်ကို Fr. Hkum Myat ဉိးဆောင်သော အဖွင့်မစ္ဆားတရားပူဇော်ခြင်းနဲ့စတင်ပြုလုပ်ခဲ့ကြသည်။

ဆရာသည် ၂၀၁၄ ခုနှစ်တွင် မန္တလေးသို့ရောက်ရှိလာပြီး မန္တလေးသာသနာတွင်းမှာရှိသည့် ကချင်မိသားစုများတွက် လိုအပ်သည့် ဝိညာဉ်ရေးလမ်းညွှန်မှုများကို သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းတော်ကြီးများနဲ့အတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ ယနေ့ချိန်ထိဖြစ် ပါသည်။

Fr.Hkun Myat မှအားပေးစကားပြောကြားရာတွင် "ဒီနေ့ဆရာ့ကို ကျေးဇူးတင်ဂုဏ်ပြုပွဲလုပ်ပေးခြင်းသည် ကောင်းမွန်တဲ့အလုပ်ဖြစ်တယ်။ ကျွန်တော်တိုဟာ ကျေးဇူးတရားကိုသိတတ်တဲ့ သူတွေဖြစ်ရပါမယ်။ ဒီခွန်အားတွေနဲ့ ဆရာလည်းသာသနာ့အမှုကို ပိုမိုထမ်းဆောင်နိုင်ပါစေ။ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်း၊ ကျွန်တော်တို့ရဲ့ရိုရာယဉ်ကျေးမှုတွေကို တိုင်းတစ်ပါးလူတွေကတောင် အရမ်းတန်ဖိုးထားပေးပါတယ်။ ကျွန်တော်တို့လည်းတန်ဖိုးထားရပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာကျေးဇူးတရားသိတတ်တယ်၊ ကျေးဇူးတော်ကို ချီးမွမ်းတတ်တဲ့ ဘုရားသခင်ရဲ့ သားသမီးတွေဖြစ်တဲ့အတွက် ဆက်လက်ပြီးတော့လဲ သာသနာ့အမှုတော်မှာ ဆရာနဲ့ဘာသာတူများအတူတကွ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဓမ္မဆရာ Michael Zau Seng မှကျေးဇူး တင်စကားပြောကြားရာတွင်လည်း "ယနေ့ချိန်ထိဘုရားအမှုတော်ကို တတ်နိုင်တဲ့ဘက်က ထမ်းဆောင်နိုင်တဲ့အတွက် ဘုရားသခင်အားကျေးဇူးတင်ပါတယ်။ မိဘနှစ်ပါး၊ အသိပညာ အတတ်ပညာ သင်ကြားပေးသော ဆရာ/မများ၊ မိတ်ဆွေများနှင့် အဖက်ဖက်မှကူညီပေးကြသောသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

ဒီလိုသာသနာ့အမှုတော်ကို လိုအပ်တဲ့အချိန်တိုင်း ကောင်းမွန်စွာထမ်းဆောင်နိုင်အောင် အနီးကပ်ကူညီပေးသော ဇနီးကိုလဲကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဓမ္မဆရာများကလည်း အရမ်းသိကျွမ်း တတ်မြောက်လို့ ထမ်ဆောင်နေတာတော့မဟုတ်ပါဘူး။ အိမ်ထောင်တစ်ဖက်နဲ့ သာသနာ့အမှု ထမ်းဆောင်နေတဲ့အချိန်မှာ အခက်အခဲတွေက တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။ ဒါပေမဲ့ ဒီနေ့ဒီချိန်ထိ ဓမ္မဆရာဘ၀နဲ့ ပါ၀င်ဆက်ကပ်နိုင်တာဟာ ဘာသာတူများ၏ ကူညီထောက်ပံ့တဲ့ကျေးဇူးကြောင့်ဖြစ်ပါတယ်။ ဓမ္မဆရာအားလုံးကိုယ်စားလည်း ဘာသာတူများကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။

တော်လို့တတ်လို့မန္တလေးကိုရောက်လာတာတော့မဟုတ်ပါဘူး။ ဒီမန္တလေးမှာရှိတဲ့ ဘာသာတူမိသားစု၀င်များ လိုအပ်တာတွေကိုဝိုင်း၀န်းကူညီဖို့ရောက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက်ပြီးလဲ အကြံညာဏ်ပေးပြီး လုပ်ငန်းဆောင်တာများကို အတူလက်တွဲလုပ်ဆောင်သွားပါမယ်" လို့ဆိုပါတယ်။

မစ္ဆားတရားအပြီးမှာ ဂုဏ်ပြုပွဲအစီအစဉ် ကိုဆက်လက်ကျင်းပရာ လူငယ်နဲ့မိဘများမှ သီချင်းဖြင့်ဂုဏ်ပြုခြင်း၊ လက်ဆောင်

ပစ္စည်းများပေးအပ်ခြင်း။ ကချင်အဆို တော် Nkoi Tu Hkawng မှလည်း သီချင်းတစ်ပုဒ်ဖြင့်သီဆိုဂုဏ်ပြုခဲ့သည်။ ထို့နောက် Fr. Hkun Myat ထံမှ ကောင်းကြီးခံယူကာ ပြင်ဆင်ထားသော နေ့လည်စာများကိုသုံးဆောင်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ Paul Jone Khaung, RVA Myanmar

#rvamyanmar #catechist #catholic

Add new comment

5 + 4 =