မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအဆင့် ဘိုးဘွားများပွဲနေ့ကျင်းပ

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအဆင့် ဘိုးဘွားများပွဲနေ့ကျင်းပ

၂၂ ၊ ၇ ၊ ၂၀၂၃ စနေနေ့

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ မိသားစု နှင့် CFC ကော်မရှင်တို့မှ ဉီးစီးစီမံပြီး ဂျူလိုင်လ ၂၂ ရက်နေ့ ၊ နံနက် ၇ နာရီ မစ္ဆားတရားတော်ဖြင့်ဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်၀င်း မှဉီးဆောင်ကာ ရဟန်းတော်များပါ၀င်ပူဇော်တဲ့ မစ္ဆားတရားဖြင့် ပထမအကြိမ်ဘိုးဘွားများပွဲနေ့ကိုစတင်ခဲ့ပါတယ်။

အဖဂိုဏ်းချုပ်ဆရာတော်ကြီးက ၎င်းရဲ့ ဩ၀ါဒမှာ မယ်တော်နှင်ဧလိဇဘက်တို့ကို ပုံအတုယူ တရားယူပြီး လူငယ်များမှ သက်ကြီးများအား လေးစားတန်ဖိုးထားတတ်ရန် ၊ စောင့်ရှောက်ပေးရန်၊ သူတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရန်၊ အလွယ်တကူ စွန့်ပစ်တတ်ခြင်း တန်ဖိုးမသိခြင်း တရားကို ပယ်ကာ ၊ သက်ကြီးများ ဘိုးဘွားများအား ချစ်ခင်မြတ်နိုးတတ်ရန်၊ လူကြီးများသည်လည်း လူငယ်များအား မျှော်လင့်ခြင်းဖြင့် လက်ခံကြိုဆိုတတ်ရန်၊ နားလည်မှုများပေးကာ ပူးပေါင်းနေထိုင်ရန် စသဖြင့်တရားပေးခဲ့ပါတယ်။

မစ္ဆားအပြီး၌ CFC တာ၀န်ခံ ဉီးဖရက်ဒီစိုးနိုင်မှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး ပထမဉီးစွာ ကော်ဖီနှင့်မုန့်တို့ဖြင့် နံနက်စာဧည့်ခံခြင်း၊ မိတ်ဆုံ စကားပြောနုတ်ဆက်ခြင်းတို့ဖြင့် ကာသီဒြယ်ကျောင်းတော်၀င်းအတွင်း အပြုံးမျက်နှာများဖြင့်ပြည့်၀နေခဲ့ပါတယ်။

နံနက်စာအပြီးမှာတော့ မိသားစု ကော်မရှင်တာ၀န်ခံ ဘုန်းတော်ကြီး၊ ဖာသာရ်ပေါလ်သက်ခိုင် မှ ကြွရောက်လာသောမိဘ ဘိုးဘွားများအား ဟာသအစုံနှောကာ နူတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ ဒီနောက်မှာတော့ မွန်ဆီညော်ဖာသာရ်ပီတာစိန်လှိုင်ဉီး မှ ခွန်အားဖြည့်တရား ရေအေးတိုက်ကျွေးခဲ့ရာတွင် ဓမ္မဟောင်း၊ ဓမ္မသစ် ၊ ကျမ်းထဲမှ ကြားနာခဲ့ရတဲ့ တရားများကို မိမိဘ၀နဲ့ ပြန်လည်ချင့်ချိန်သုံးသပ်ပြီး တရားယူနိုင်ဘို့အတွက် ဆိုပြီး အာဒံဧ၀ ၊ ဧနောက်၊ နောဧ ၊ ယောဘ၊ အာဗြံဟံ၊ ယောသပ်၊ မိုးဇယ်၊ အာရုန် ၊ ပရောဖက်အီဇာရိယ၊ ဆီမေအုန် ၊ ယေဇူးချစ်သောတပည့်တော်ယောဟန် နှင့် ဉပမာပေးခဲ့တာဖြစ်ပါတယ်။

ထို့အပြင် ပုပ်ရဟန်းမင်းကြီး၏မင်္ဂလာသတင်းစကားဖတ်ကြားခြင်းနှင့် အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား သက်ငယ်သူများ မှ ကန်တော့ခြင်းနှင့် လက်ဆောင်ပေးအပ်ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ရဟန်းမင်းကြီးရာထူးတာ၀န်စတင်ထမ်းဆောင်ပြီး နောက်တနှစ်တွင် ဘိုးဘွားများနေ့သည် နှစ်စဉ္ စိန့်ဂျော်ကင်းနှင့်စိန့်အာနား ပွဲတော် မတိုင်ခင် ဂျူလိုင်လ ၂၅ ရက်နေ့မှာဖြစ်တဲ့အကြောင်း ကိုကြေငြာခဲ့သည့်အတွက် ပါပါးကြေငြာအပြီး စတင်ရေတွက်ပါက ယခု ၂၀၂၃ ခုနှစ်ဟာ တကမ္ဘာလုံးအတိုင်းအတာ အနေဖြင့် ဘိုးဘွားများနေ့ကို တတိယအကြိမ်အဖြစ်၎င်း၊ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအနေဖြင့် ပထမအကြိမ်အဖြစ်၎င်းကျင်းပတာဖြစ်ပါတယ်။

ဂျူလိုင် ၂၅ ရက်နေ့ဟု သတ်မှတ်ထားသော်လည်း ပါပါးဖရန်စစ်က ယခုနှစ်မှာ ဂျူလိုင် ၂၃ ရက် တနင်္ဂနွေနေ့ကျင်းပဘို့ ကြေငြာခဲ့ပြီး ပါပါးကိုယ်တိုငိလည်း စိန့်ပီတာရင်ပြင်တော်မှာ ရောမစံတော်ချိန် နံနက် ၁၀ နာရီမှာ ကမ္ဘာတ၀ှမ်းမှ ကိုယ်စားလှယ်ဘိုးဘွား ၆၀၀၀ နှင့်အတူ မစ္ဆားတရားကို ပူဇော်မှာဖြစ်တဲ့အပြင် ကမ္ဘာ့တိုက်ကြီး ၅ တိုက် ကိုယ်စားပြု ဘိုးဘွား ၅ ဉီးမှ လူငယ် ၅ ဉီး ကို ကမ္ဘာ့လူငယ်များနေ့ လက်ဝါးကားတိုင်တော်ကို လက်ဆင့်ကမ်းလွှဲပြောင်းပေးမဲ့ အခမ်းအနားလည်းရှိမှာပါ။ ဒါဟာဆိုရင် ရာစုအဆက်ဆက်မှသက်ကြီးမျိုးဆက်တို့မှသက်ငယ်မျိုးဆက်များထံသို့ယုံ ကြည်ခြင်းလက်ဆင့်ကမ်းပေးခြင်းဖြစ်တဲ့ အမှတ်သင်္ကေတဖြစ်တယ်လို့ ပါပါး ဖရန်စစ်က ဆိုထားပါတယ်။

အဆိုပါ ပထမအကြိမ်ကျင်းပတဲ့ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာရဲ့ ဘိုးဘွားများနေ့ဟာ ဂျူလိုင် ၂၃ ကျင်းပမည်ဟု ပါပါးဖရန်စစ် ကြေငြာခဲ့သော်လည်း မြန်မာပြည်သာသနာ အသီးသီးတွင် မိဘများပွဲနေ့ကို တချို့သော သာသနာများမှာ နီးစပ်ရာတနင်္ဂနွေ နေ့တို့၌ ကျင်းပလေ့ရှိတဲ့အတွက် တရက်ကြိုကာ ဂျူလိုင် ၂၂ ရက်မှာကျင်းပတာပါ။ ဘိုးဘွားပွဲနေ့အစီအစဉ် တွင် မန္တလေးမြို့ပေါ်နှင့် အနီးတဝိုက် စီရင်စုများမှ ဘိုးဘွားများနှင့် ဘာသာ၀င်များစွာတက်ရောက်ခဲ့ကြပြီး အစီအစဉ်ကို နံနက် ၁၁း၃၀ နာရီတွင် အဆုံးသတ်ကာ နေ့လည်စာ ထမင်းဗူးများလည်း​ ဝေငှပေးခဲ့ပါတယ်။

သတင်း။ ။ စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

ဓာတ်ပုံ ။ ။ ပေါလ်ဂျုံးခေါင်

Add new comment

14 + 2 =