ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ထံ မြန်မာနိုင်ငံအမြန်ဆုံးကျန်းမာလာရန်ဆုတောင်းခဲ့ကြ

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ထံ မြန်မာနိုင်ငံအမြန်ဆုံးကျန်းမာလာရန်ဆုတောင်းခဲ့ကြ

ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော်ထံ မြန်မာနိုင်ငံအမြန်ဆုံးကျန်းမာလာရန်ဆုတောင်းခဲ့ကြ

စက်တင်ဘာ ၈ ရက်၊၂၀၂၂ခုနှစ် (RVA Myanmar)

စက်တင်ဘာလ(၈) ရက်နေ့သည် ဘုရား၏မိခင်မယ်တော်မာရီယား၏မွေးနေ့ဖြစ်သည်။ ကျန်းမာခြင်းမယ်တော်ဟု လူအများက ယုံကြည်ကိုးစား၍ နိုဗီနားကိုးရက်ပြုလုပ်ကာ ဆုတောင်း၍ မယ်တော်၏ မွေးနေ့ပွဲတော်ကိုကျင်းပကြသည်။

မန္တလေးဂိုဏ်းချုပ်သာသနာ ၊ စိန့်ဇေးဗီးယား သာသနာအုပ်စု ၌ ဗေလန်ကန်နီကျန်းမာခြင်းမယ်တော်ပွဲကို ဩဂုတ်လ ၂၈ ရက်နေ့မှ စတင်ကာ နိုဗီနားကိုးရက်ပြုလုပ်ခဲ့ကြပြီး၊ စက်တင်ဘာလ(၈) ရက်နေ့တွင် ကျန်းမာရေး ချို့တဲ့သူများအတွက် ရည်စူး၍ ကျန်းမာခြင်းဆီလူးခြင်း မစ္ဆားတရားကို ပူဇော်၍ မယ်တော်မွေးနေ့ပွဲကို ကျင်းပခဲ့ကြသည်။ မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး ဒေါမိနစ်ဂြိုဟ်တုမှ ဩဝါဒတရားရေအေးတိုက်ကျွေးရာ၌

“မယ်တော်ရဲ့မွေးနေ့မှာမယ်တော်နဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်(ရှင်လုကာ၁း၂၈)မှာကောင်းကင်တမန်တော်ကကျေးဇူးတော်နှင့်ပြည့်စုံတော်မူသောသခင်မဆိုပြီးတော့မှပြောထားတယ်။ကျေးဇူးတော်နဲ့ပြည့်ကိုလျှံနေတာ။ကျေးဇူးတော်အပေါင်း၏မိခင်တဲ့၊ဘုရားရှင်ကျေးဇူးတော်ရဲ့မိခင်။ကျေးဇူးတော်အားလုံးသည်မယ်တော် အားဖြင့်ဤလောကသို့ဆင်းကြွလာတယ်။မယ်တော်ရဲ့ဝမ်းကြာတိုက်ထဲမှာဘုရားရှင်ကိန်းဝပ်တော်မူတဲ့အချိန်ကစပြီးကမ္ဘာသူကမ္ဘာသားတွေဟာကျေးဇူးတော်တွေစရတာ။ဒီကနေ့မှာဆုကျေးဇူးတော်တွေရကြတယ်ဆိုတာမယ်တော်ရဲ့ထပ်ဆင့်ဆုတောင်းခြင်းအားဖြင့်ကယ်တင်ရှင်၊ကျေးဇူးတော်အရင်းအမြစ်ဖြစ်တဲ့ဘုရားရှင်ခရစ်တော်ကပေးတာဆိုတာကိုဒီကနေ့နှလုံးသွင်းရအောင်။သင်တို့ရဲ့ကြိုးပမ်းခြင်း၊အားထုတ်ခြင်းကိုဘုရားသခင်ကတန်ဖိုးထားတယ်။ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားတဲ့အားထုတ်မှုကိုဘုရားသခင်နှစ်သက်တော်မူတယ်။” ဟုဆိုကာမယ်တော်ထံမှတစ်ဆင့်ကျေးဇူးတော်များတောင်းခံပါကဘုရားရှင်ခရစ်တော်သည်ကျေးဇူးတော်များ ပေးသည့် အကြောင်းကို မြွတ်ကြားခဲ့ပါသည်။

မယ်တော်၏ မွေးနေ့ပွဲတွင် ကျန်းမာခြင်းကျေးဇူးကို အထူးတောင်းခံကြသည်။ဤနေ့တွင် ကျန်းမာခြင်း အထူးမစ္ဆားတရားကိုပူဇော်၍ကျန်းမာခြင်းဆီလိမ်းခြင်းကိုပြုလုပ်ကြသည်။ဤကျန်းမာခြင်းမစ္ဆားတရားတော်ြမတ်အတွင်း လူအချို့က မြန်မာပြည်ကျန်းမာဖို့ရန်အတွက် ဆုတောင်းခဲ့ကြသည်။ကျန်းမာရေးမယ်တော်ထံသို့ ဆုတောင်းကာ ဆုတောင်းပြည့်သူ အများအပြားရှိသည်။

ပွဲတော်တွင် ပါဝင်တက်ရောက်ခဲ့သည့် အသက်(၅၀)ကျော်အရွယ် မတီနာ (အမည်လွဲ) က ၎င်း၏ မယ်တော်ထံသို့ ဆုတောင်းခဲ့သည်အရာမှာ

“မြန်မာပြည်ကြီးငြိမ်းချမ်းအောင်လို့ဆုတောင်းတယ်။ လူတွေတင်ကျန်းမာရေးမကောင်းတာ မဟုတ်ဘူး၊ မြန်မာနိုင်ငံကြီးလည်း ကျန်းမာရေးမကောင်းတဲ့အတွက် မြန်မာနိုင်ငံကြီးလည်း အမြန်ဆုံးကျန်းမာရေးကောင်းအောင်ဆုတောင်းခဲ့တယ်။ ” ဟု အာဗီအေကိုပြောပြခဲ့ပါသည်။

အဖွားများလက်ထက်ကတည်း ကျန်းမာခြင်းမယ်တော်ကို ယုံကြည်ကိုးစားလာခဲ့ပြီး ဆုတောင်းများပြည့်သည့် အတွက် မယ်တော်မွေးနေ့ရောက်တိုင်း ဘုရားကျောင်းလာတက်ကာ မယ်တော့်ထံသို့ ဆုကျေးဇူးများကို တောင်းခံလေ့ရှိသည့် ဟိန္ဒူလူမျိုး အသက်(၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ မနွယ်နီဝင်း ကလည်း “၂၀၁၈ ခုနှစ်တုန်းက ဒီကျန်းမာခြင်းမယ်တော်ဆီမှာ ကလေးရချင်လို့ ၊ ကိုယ်ဝန်ရှိဖို့ လာဆုတောင်းခဲ့တယ်။ မယ်တော်ဆီမှာဆုတောင်းပြီးတာနဲ့ ကိုယ်ဝန်ရလာခဲ့တယ်။ အခု ဒီ (၂၀၂၂)မှာဆိုရင် သမီးလေးက လေးနှစ်ပြည့်တော့မှာ။ မယ်တော့်ဆီမှာတောင်းပြီး ရခဲ့တဲ့ သမီးလေးကို အခု မယ်တော်ဆီခေါ်လာပြတာ။ သမီးလေးက မယ်တော်ဆီကိုပထမဆုံးရောက်ဖူးတာပဲ။ ဒီနှစ်ကတော့ အမေ့အတွက် ခြေထောက်ကိုက်တာပျောက်ဖို့ဆုတောင်းထားတယ်။ကျနော်အတွက်က ခေါင်းကိုက်တာ ပျောက်ဖို့လည်းဆု တောင်းထားတယ်။ ” ဟု မယ်တော်ထံတွင် ဆုတောင်းပြည့်သည့်အတွက် နှစ်တိုင်းလာရောက် ဆုတောင်း သည့် အကြောင်းကို အာဗီကိုပြောပြခဲ့ပါသည်။

ကျန်းမာခြင်းမယ်တော်ထံသို့ အဓိဌာန်ပြု ဒူးထောက်သွားကာ ပန်းဆက်ကပ်၍ ဆုတောင်းသူများလည်း များစွာရှိသည်။ ဒူးထောက်သွား၍ ပန်းဆက်ခြင်းသည်မယ်တော်ထံသို့ နှိမ့်ချခြင်းဖြင့် ယုံကြည်အားကိုးကာ အဓိဌာန်ပြု ပူဇော်သည့်အနေဖြင့် ဒူးထောက်သွားခြင်းဖြစ်သည်။

ဘုရားကျောင်းအဝမှသည် ဘုရားစင်ရှေ့သို့တိုင် ဒူးထောက်လျက်ပန်းဆက်ဆုတောင်းခဲ့သည့် အသက်(၅၃) နှစ်အရွယ် ဒေါ်ရီတာဆိုသူကလည်း “ ညီမဝမ်းကွဲလေးက ခွဲစိပ်ရမှာ ဆရာဝန်တွေအရတော့ အတွင်းကလီစာတစ်ခုကို ခွဲစိပ်ရမယ်ဆိုတော့ မယ်တော့်ဆီဆုတောင်းပေးခဲ့တယ်။ ခွဲစိပ်ရမယ်ဆိုလည်း ခွဲစိပ်မှုအသေးလေးဖြစ်ပါစေဆိုပြီး ဆုတောင်းထားတဲ့အတိုင်း တကယ်တစ်ကိုယ်လုံးဓာတ်မှန်ရိုက်ကြည့်တော့ ခန္ဓာကိုယ်အတွင်းမှာ ပြည်တည်တဲ့အနာ၊အဲ့ဒီ ပြည်တည်နေတာလေးထုတ်လိုက်ပြီး သက်သာ ကောင်းမွန်သွားတယ်။ ” ဟု ဆိုကာ မယ်တော်ထံဆုတောင်းပြည့်သည့် အကြောင်းကို အာဗီကို ပြောပြခဲ့ပါသည်။

မယ်တော်ပွဲသို့ပါဝင်သူတစ်ဦးဖြစ်သည့် အသက် (၃၁) နှစ်အရွယ် ကိုလေးလေးက လည်း “မယ်တော်ပွဲနေ့ရောက်တိုင်း မယ်တော့်ဆီမှာ ကျန်းမာခြင်းကျေးဇူးကိုပဲတောင်းခံတယ်။ တစ်နှစ်ပတ်လုံးလည်း တော်ရုံတန်ရုံ ဖျားတာလောက်ပဲရှိတယ်။ဆေးခန်းဘာညာသွားရတာမျိုးထိမရှိဘူး။အဲ့ဒါက ကျနော့်အတွက် မယ်တော့်ထံက တစ်နှစ်တစ်ခါရတဲ့ကျန်းမာြခင်းဆုကျေးဇူးပါဘဲ။” ဟု ဆိုကာ ၎င်း၏ မယ်တော်ထံမှ ရရှိသည့် ဆုကျေးဇူးအကြောင်းကို အာဗီအေကို ပြောပြခဲ့ပါသည်။

မိဘနှစ်ပါးမရှိတော့သည့်အတွက် မယ်တော်အား ကိုယ့်ရဲ့အမေ၊ကိုယ့်ရဲ့အဖေလို့သဘောထားပြီး မယ်တော်ကို အားကိုး၍ သဒ္ဒါကြည်ညိုကာ ယုံကြည်ကိုးစားခဲ့သူတစ်ဦးဖြစ်သည့် အသက်(၅၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ပါစကက်တီးနား ဒေါ်ရီရီသိန်းကလည်း သူမ၏ မယ်တော်ထံမှတစ်ဆင့် ရရှိခဲ့သည့်ဆုကျေးဇူးတော်များအကြောင်းကို ပြောပြရာမှာ

“၂၀၀၇ ခုနှစ်တုန်းက ကားတိုက်ခံရတယ်။ကားတိုက်တော့ခြေထောက်နှစ်ဖက်ကျိုးသွားခဲ့တယ်။မယ်တော်ကို ကိုးတာ ကောင်းလာခဲ့တယ်။အခု ၂၀၂၂ နှစ်မှာတစ်ခါ ဆိုင်ကယ်ထပ်တိုက်ခံရတယ် ပေါင်ကျိုးသွားတယ်။ မယ်တော့်ကျေးဇူးကြောင့် အခုပြန်ကောင်းလာတယ်။မယ်တော်ရဲ့ကူညီစောင့်ရှောက်မှု၊ သခင်ယေဇူးရဲ့ကူညီစောင့်ရှောက်မှုနဲ့ အကုန်လုံးအဆင်ပြေချောမွေ့ခဲ့ရတယ်။” ဟု အာဗီဟုပြောပြခဲ့ပါသည်။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိ စိန့်ဇေးဗီးယားသာသနာအုပ်စု၌ ကျန်းမာြခင်းမယ်တော်ပွဲကို နှစ်စဉ် သာသနာလုံးဆိုင်ရာအနေဖြင့်ကျင်းပလေ့ရှိသည်။သို့သော်လည်း ကိုဗစ်ရောဂါဖြစ်ပွားသည့်အချိန် တွင် အွန်လိုင်းမှတစ်ဆင့် နိုဗီးနားကိုးရက် ပြုလုပ်ကာကျင်းပခဲ့ပြီး ၊ ယခု၂၀၂၂ ခုနှစ်မှသာ ဘာသာတူများနှင့်အတူတကွ ဝတ်ပြုဆုတောင်းခြင်းဖြစ်သည်။ သို့သော်လည်းယခုနှစ်တွင် ကျန်းမာခြင်းမယ်တော်ပွဲအား မန္တလေးမြို့၌ အခြေအနေအရ သာသနာအုပ်စုအလိုက် မိမိတို့ကျောင်းများတွင် နိုဗီးနားပြုလုပ်၍ ဆုတောင်းခဲ့ကြသည်။

News By - Pinky

#rvamyanmar #rvapastoralcare #OurLadyofHealth #PrayforMyanmar

Add new comment

1 + 0 =