Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖိလစ်ပိုင်နိုင်ငံမှာ ဖိလစ်ပိုင်ကက်သလစ်ဘာသာ၀င်တွေရဲ့ အသည်းကျော်လေး ဆန်တိုနီးညို
ဖိလစ်ပိုင်နိုင်ငံမှာ ဖိလစ်ပိုင်ကက်သလစ်ဘာသာ၀င်တွေရဲ့ အသည်းကျော်လေး
ဆန်တိုနီးညို
ဖိလစ်ပိုင်နိုင်ငံမှာ ဖိလစ်ပိုင်ကက်သလစ်ဘာသာ၀င်တွေရဲ့ အသည်းကျော်လေးပွဲနေ့ကို တခမ်းတနား ကျင်းပကြတာတွေ့ရတာလေးကို မြန်မာကက်သလစ်ဘာသာတူတွေအတွက် ဝေမျှပေးချင်ပါတယ်။ သူတို့ရဲ့ အသည်းကျော်လေးက ဘယ်သူလဲဆိုရင် Santo Niño ဆန်တိုနီးညို လို့ခေါ်ပါတယ်။ Santo Niñoဆိုတဲ့ ဝေါဟာရကို အတိကျ ဘာသာပြန်ရင်တော့ သန့်ရှင်းသော ကောင်လေးလို့ ဆိုနိုင်ပါတယ်။ ကက်သလစ်အမူ ပြုလိုက်ရင်တော့ သန့်ရှင်းသော သူငယ်တော် ယေဇူးလေးပေါ့။ ဆန်တို နီးညို ပွဲကို ဖိလစ်ပိုင်နိုင်ငံ ကက်သလစ် အသင်းတော်က ဇန်နဝါရီလရဲ့ တတိယအပတ် တနင်္ဂနွေနေ့မှာ နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ ဖိလစ်ပိုင်အခေါ် ဆန်တိုနီးညိုဆိုတာ ဖိလစ်ပိုင်မှာ ရှိတဲ့ ကက်သလစ်ဘာသာ၀င်တွေအတွက် အထူးအမြတ်ထားရာ သည်းပွတ်ဗဟို ပွဲတော်တစ်ခုလို့ဆိုရင် မမှားဘူးထင်ပါတယ်။ ဆန်တိုနီးညိုကို သူတို့တွေ သိပ် ချစ်ကြတယ်။ သဒ္ဓါကြည်ညိုကြတာလည်း လွန်ရော။ ဖြစ်မှာပေါ့လေ သူတို့အတွက် ဆန်တိုနီးညိုက အသည်းကျော်လေးကိုး။
ဒီဆန်တိုနီးညိုဆင်းတုလေး ရောက်လာပုံကလည်း အတော်လေးထူးခြားတယ်။ ကက်သလစ်ခရစ်ယာန်ဆင်းတု တွေ အများကြီးရှိတဲ့အထဲကမှ ဒီဆင်းတုလေးက ဖိလစ်ပိုင်နိုင်ငံကို အရင်ဆုံးရောက်ရှိလာခဲ့တယ်။ ရှေးအကျဆုံး ဆင်းတုတစ်ဆူလည်း ဖြစ်ပါတယ်။ တကယ်တော့ ဆန်တိုနီးညိုရောက်ရှိခြင်းက ဖိလစ်ပိုင်နိုင်ငံရဲ့ ကက်သလစ်သာသနာတော် ဖွံ့ဖြိုးခြင်းအစလို့ ဆိုရမှာပါ။ ဒါကြောင့် ဆန်တိုနီးညိုပွဲနဲ့အတူ ဖိလစ်ပိုင်နိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း အထိမ်းအမှတ်ကိုပါ ပူးတွဲကျင်းပလာကြတယ်။ ဒီဆင်းတုလေးကို သေချာကြည့်ရင် ပရိတ်မြို့က သူငယ်တော်ယေဇူးလေးနဲ့ ဆင်တူသယောင်ရှိပါတယ်။ ဒါပေမဲ့ မတူတာက ဒီ သူငယ်တော်လေးက အသားအနည်းငယ် မဲပြီး စပိန်နိုင်ငံတော် အလံရဲ့ သင်္ကေတ အနီနဲ့အဝါ စပ်ချုပ်ထားတဲ့ တော်၀င် အိမ်ရှေ့မင်းသား၀တ်စုံလေးကို ဆင်မြန်းပေးထားတာကို တွေ့ရပါတယ်။ ၁၅၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ ဖာဒီနန် မာဂျဲလန်လို့ခေါ်တဲ့ စပိန်နိုင်ငံသား သင်္ဘောရွက်လွင့် နယ်မြေ ရှာဖွေသူတစ်ဦးက သူ့ရဲ့ ကက်သလစ်ဘာသာ၀င်အဖြစ် ဆေးကြောခြင်းခံယူခြင်း အထိမ်းအမှတ်အနေနဲ့ စီဘူးမြို့ လူထုခေါင်းဆောင် ရာဂျား ဟူမာဘွန်း ရဲ့ ဇနီးဖြစ်သူ ဟာရာ ဟူမာမိုင်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ မကြာခင်မှာပဲ မာဂျဲရန်က မာတန်ကျွန်းမှာ အသတ်ခံလိုက်ရတယ်။ သူနဲ့လိုက်ပါလာတဲ့ နယ်မြေရှာဖွေသူ စပိန်လူမျိုးတွေလည်း စပိန်နိုင်ငံကို တပ်ခေါက်ပြန်သွားခဲ့ကြပါတယ်။
ဒီလိုနဲ့ နှစ်ပေါင်း ၄၄ နှစ်ကြာတဲ့အခါမှာ ဖိလစ်ပိုင်နိုင်ငံကို စပိန်တွေ ပြန်ရောက်လာပြီး ၀င်ရောက်သိမ်းပိုက်လိုက် ကြတယ်။ မာဂျဲရန် ပေးခဲ့တဲ့ ဆန်တိုနီးညိုဆိုတာလည်း ဘယ်ကမ္ဘာရောက်လို့ ရောက်နေမှန်းတောင် မသိကြတော့ဘူး။ တစ်နေ့ ရွာတစ်ရွာမှာ မီးလောင်မူဖြစ်တဲ့အချိန် စပိန်စစ်သားတွေက ဆန်တိုနီးညိုဆင်တုလေးကို သေတ္တာအသေးလေးထဲမှာ အမှတ်မထင် တွေ့လိုက်ရပါတယ်။ သူတို့ရဲ့ ဆင်းတုလေးဆိုတော့ အရမ်းအံ့အားသင့်သွားကြတယ်။ ဒီလိုထူးဆန်းစွာ ပြန်လည်တွေ့ရှိမှုကို စပိန် ဗိုလ်ချုပ် မီဂယ်လိုပက်က ဒါဟာ ခရစ်ယာန်သာသနာတော်ကို ဖိလစ်ပိုင်နိုင်ငံမှာ ဆက်လက်ပြန့်ပွားစေဖို့ ဘုရားသခင်က ပြတဲ့ နိမိတ်ပဲလို့ သူ့စိတ်ထဲမှာ ခံစားလိုက်ရတယ်။ အဲ့ဒီအချိန်ကစပြီး ခရစ်ယာန်သာသာတော် ပြန့်ပွားလာဖို့ ကြိုးစားအားထုတ်ကြတော့တယ်။ ဆန်တိုနီးညိုဆိုတဲ့ ဆင်းတုလေးဆီမှာ ဆုတောင်းကြတဲ့ လူတွေကလည်း တဖြေးဖြေးများလာတယ်။ ခံစားရရှိတဲ့ ကျေးဇူးတန်ခိုးတွေကလည်း အမျိုးမျိုး။ အကြီးမားဆုံး ကျေးဇူးတော်ကတော့ ဖိလစ်ပိုင်လူမျိုးတွေရဲ့ ယုံကြည်ခြင်းကို ယနေ့ထက်တိုင် ရှင်သန်ပွားများစေခြင်းပဲလို့ ဂုဏ်ယူစွာ ပြောစမှတ်ရှိခဲ့ကြတယ်။ အခုဆိုရင် ကမ္ဘာမှာ ဖိလစ်ပိုင်နိုင်ငံက ကက်သလစ်လူဦးရေ အများဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ရပ်တည်နေနိုင်တာကိုပဲ ကြည့်တော့လေ။ သာသနာတော် စရောက်တာက မြန်မာပြည်ထက်တောင် နောက်ကျသေးတယ်။ မြန်မာပြည်မှာက ၁၅၁၁ မှာရောက်တယ်။ ဖိလစ်ပိုင်မှာက ၁၅၂၁ မှာ စရောက်တယ်။ သာသနာပြုနည်း ဗျူဟာတွေ၊ တိုင်းပြည်တစ်ခုနဲ့တစ်ခု အခံ မတူညီတာကြောင့် ကက်သလစ်လူဦးရေ တိုးပွားမူ နူံးလည်း ကွာခြားသွားတယ်လို့ ထင်ပါတယ်။
ဆန်တိုနီးညိုအကြောင်းဆက်ပြောပါမယ်။ အစမှာပြောခဲ့သလို ဆန်တိုနီးညိုဆိုတဲ့ သူငယ်တော်ယေဇူးလေးက တစ်နေ့တစ်ခြား သူတို့ရဲ့ အသည်းစွဲ ဖြစ်လာခဲ့ပါတယ်။ သဒ္ဓါကြည်ညိုခြင်းဆိုတာ တကယ်တော့ ဝိနည်းတွေ အစဉ်လာတွေနဲ့ မဆိုင်ပါဘူး။ နှလုံးသားနဲ့ ပိုပြီးပက်သက်တာပါ။ နှလုံးသားက ချစ်ခြင်းအားကြီးလေ သူ့အပေါ် ထားရှိတဲ့ သဒ္ဓါကြည်ညိုခြင်းကလည်း ထက်သန်လေလေပဲပေါ့။ ဖိလစ်ပိုင်တွေက ဆန်တိုနီးညိုလေးကို အထူး သဒ္ဓါကြည်ညိုကြပြီး ဒီသဒ္ဓါကြည်ညိုခြင်းကို ထုတ်ဖော်ပြသတဲ့ နည်းလမ်းတွေကလည်း အမျိုးမျိုး စုံလို့ပါပဲ။ နိုဗီနာတွေ လုပ်တယ်။ သီချင်းတွေဆိုတယ်။ စီတန်းလှည့်လည်ခြင်းတွေပြုတယ်။ အဖွဲ့လိုက် အကတွေနဲ့လည်း ဖော်ထုတ်ကျင်းပကြတယ်။ စီဘူးမြို့မှာ ဒီသဒ္ဓါကြည်ညိုခြင်းက စတင်ခဲ့တာမို့ စီဘူး မြို့ ဆန်တိုနီးညိုပွဲကတော့ သူမတူအောင် ထူးခြားလွန်းလှပါတယ်။ တခမ်းတနား၊ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပကြတဲ့ အခမ်းအနားဆုံး ပွဲတော် လို့လည်း ဆိုနိုင်ပါတယ်။ ဆန်တိုနီးညို ဆင်းတုလေးကလည်း တစ်နေ့တခြား ဘာသာဝင်တွေ ပိုပြီး သဒ္ဓါကြည်ညို လာအောင် တနည်းတဖုံနဲ့ စွဲဆောင် နေသလိုပါပဲ။ ကျနော်တောင် အစက သဒ္ဓါကြည်ညိုခြင်း မရှိဘူး။ ကိုယ်တိုင် လေ့လာပါ၀င်ကြည့်တဲ့နောက်မှာ ကျနော့်ကိုလည်း သူက စွဲဆောင်လိုက်နိုင်တယ်။ ခုတော့ သူ့ကိုလည်း ကျနော် ချစ်သွားပါပြီ။ တကယ်လည်း ချစ်စရာလေးပါ။ ဒါကြောင့် ဆန်တိုနီးညိုပွဲရောက်ပြီ ဆိုရင် ကျနော်ကိုယ်တိုင်လည်း သူတို့နဲ့အတူ လိုက်ကတယ်။ ဘုရားကျောင်းတွေ လည်ပတ်တယ်။ လူတွေမှ နည်းတာမဟုတ်ဘူး။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အကတွေနဲ့ စီတန်းလှည့်လည်ကြတာ။ ဆင်းတုတွေကလည်း အစီအရီ။ ဖိလစ်ပိုင်တွေ ကတာ ကြည့်ရင် မသိရင်တော့ ရယ်ချင်စရာပဲ။ သူတို့က အကကြိုက်တဲ့ လူမျိုး။ ဘာသာရေး အခမ်းအနားတချို့မှာဆို အက က မပါမဖြစ်။ တကယ်တော့ သူတို့အတွက် အက ဆိုတာက ဆုတောင်းခြင်း တစ်မျိုးပဲတဲ့။ ဆန်တိုနီးညိုပွဲမှာ ကတဲ့ အကကို Sinulog အကလို့ခေါ်ကြတယ်။ ဒီအကရဲ့ အခြေခံ ကကွက်က ရှေ့နှစ်လှမ်းတိုး၊ နောက်တစ်လှမ်းပြန်ဆုပ် ရတဲ့ အကွက်။ ဒီအကကို ရေလှိုင်းတွေရဲ့ တိုက်ခတ်မှုသဘောတရားကို အခြေခံထားတယ်လို့ ပြောပါတယ်။ လှိုင်းက ဝေါခနဲ ရိုက်ခတ်လာပြီး နောက်ကို တစ်ခါ ပြန်ဆုပ်သွားတတ်တဲ့ သဘောရှိပါတယ်။ ရေလှိုင်းတွေကြားကနေ စီဘူးမြို့လေးဆီကို ဆန်တိုနီးညိုလေး ရောက်ရှိလာပုံကို ပြန်လည် အမှတ်ရ ပုံဖော်ပြီး ကကြခြင်းဖြစ်ပါတယ်။
ဒီဆန်တိုနီးညိုဆင်းတုလေးမှာ ဘာသာရေး အငွေ့အသက် တန်ဖိုးတရားတွေ တည်ရှိနေတယ်ဆိုတာကို ပုပ်ရဟန်းမင်းကြီး Paul VI အရှင်သူမြတ်ကိုယ်တိုင်က သ၀ဏ်လွှာပေးပို့ကာ သူတို့ရဲ့ သဒ္ဓါကြည်ညိုခြင်းကို အသိမှတ်ပြုပေးခဲ့ပါတယ်။ ဆန်တိုနီးညို ဆင်းတုလေးကိုကြည့်ပြီး ကျနော်စိတ်ထဲမှာ ဘုရားရှင်ကိုယ်တော် တိုင်က ငါတို့နဲ့ သဏ္ဍာန်တူတဲ့ လူ့ဇာတိကို ခံယူပြီး ကလေးငယ်တစ်ယောက်အနေနဲ့ ရှင်သန်ကြီးပြင်းလာခဲ့ရတယ်ဆိုတာကို အတွေးပွားမိပါတယ်။ လူထဲက လူလို အသွေးအသားကို ခံယူခဲ့တာကြောင့် လူတွေရဲ့ နာကျင်မှုဝေဒနာ၊ နှုတ်ကမဖွင့်ဟပေမဲ့ ကြုံတွေ့နေရတဲ့ ဘ၀ခံစားချက်တွေကို သူကိုယ်တိုင်လည်း ရင်ဆိုင်ဖြတ်သန်းခဲ့ဖူးပါလိမ့်မယ်။ ကျနော်ထင်တယ် . . ဘုရားက လူတွေရဲ့ ခံစားချက်ကို ကောင်းကောင်းကြီး နာလည်လိမ့်မယ်ဆိုတာ။ ဆန်တိုနီးညို လို့ခေါ်တဲ့ သန့်ရှင်းတဲ့ သူငယ်တော်ယေဇူးလေးဟာ လူတွေအတွက် ဘုရားပေးတဲ့ ကယ်တင်ခြင်း ဆုလာဘ်ဆောင် တစ်ခုလို့ ခံယူမိပါတယ်။ ကလေးသူငယ်တစ်ယောက်လို အဖ ဘုရားရှင်အပေါ်မှာ ရိုးစင်း၊ ပွင့်လင်း၊ ယုံကြည် နှိမ့်ချ အားကိုးတတ်တဲ့ စိတ်ထားလေး ကျနော်တို့မှာလည်း လိုအပ်ပါတယ်။ ကလေးသူငယ်လေးတွေ မဖြစ်ဘူးဆိုရင် ကောင်းကင်နိုင်ငံတော်ကို ၀င်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ သခင်ယေဇူးကိုယ်တိုင် မိန့်ခဲ့ဖူးတာမို့ ကလေးသူငယ်လိုမျိုး အပြစ်ကင်း၍ နှိမ့်ချရိုးသားကာ ဘုရားရှင်အပေါ် အကြွင်းမဲ့ ယုံကြည်အပ်နှံ နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဖိလစ်ပိုင်နိုင်ငံရဲ့ အသည်းကျော် ဆန်တိုနီးညိုလေးအကြောင်း ဝေမျှပေးလိုက်ပါတယ်။ သူငယ်တော် ယေဇူးဘုရားရဲ့ ကောင်းကြီးတော်များ ခံစားရရှိနိုင်ကြပါစေ။
သီကိုရှင်း
Add new comment