ပြောင်းလဲမှုကို ကျွန်ုပ်တို့ဆီကစတင်ရမယ်ဆိုတဲ့အကြောင်း ရဟန်းမင်းကြီးဖရန်စစ်က သင်ပေးတယ်

ပြောင်းလဲမှုကို ကျွန်ုပ်တို့ဆီကစတင်ရမယ်ဆိုတဲ့အကြောင်း ရဟန်းမင်းကြီးဖရန်စစ်က သင်ပေးတယ်

************************

ဘဂ္ဂဒက်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ Anan Alkass Yousif က ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် သိုးစုလေးအတွက် သတ္တိရှိသောသိုးထိန်းတစ်ပါးဖြစ်ပြီး၊ သူ၏ခရီးစဉ်သည် မိမိတို့အား နှလုံးသားကိုပြုပြင်စေကာ အတွေးအခေါ်များလည်းပြောင်းလဲစေသည့် ခရီးစဉ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

စစ်ပွဲများ၊ နှိပ်စက်ညှင်းပန်းခြင်း၊ အကြမ်းဖက်ခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများကိုကြုံတွေ့ခံစားခဲ့ရသော အီရတ်နိုင်ငံသို့ ရဟန်းမင်းကြီးအရှင်သူမြတ်၏အလည်အပတ်ခရီးသည် ဘဂ္ဂဒက်ပါမောက္ခတစ်ဦး အတွက် စစ်မှန်သော “ချစ်ခြင်းမေတ္တာမှထွက်ပေါ်လာသည့်အပြုအမူ” ပင်ဖြစ်သည်။

ဗာတီကန်သတင်းဌာနနှင့်စကားပြောရာတွင် ရဟန်းမင်းကြီးသည် “အာဗြဟံ၏တိုင်းပြည်” သို့ခရီးပြုခြင်းမှာ သူ၏ရဲစွမ်းသတ္တိကြောင့်သာ အစပြုနိုင်ခြင်းဖြစ်ကြောင်း Anan Alkass Yousif က ပြောကြားခဲ့သည်။ “သူ့ရဲ့ရဲစွမ်းသတ္တိက ကျွန်မတို့ကိုလည်း ရဲစွမ်းသတ္တိတွေပေးတယ်၊ ပြီးတော့ ဒီနိုင်ငံအတွက် ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာတွေကို ပြန်ပြီးသစ်လွင်စေပါတယ်” ဟုလည်း ဆိုသည်။

အမြဲတမ်း အတူရှိနေခြင်း

ပါမောက္ခက “ကျွန်မတို့ဟာ ဒီတိုင်းပြည်ရဲ့မူလနေထိုင်သူတွေလို့ပြောနေရုံနဲ့ မလုံလောက်ပါဘူး။ ရဟန်းမင်းကြီးအရှင်သူမြတ်က ကျွန်မတို့နဲ့အတူရှိတယ်ဆိုတာကို အမြဲတမ်းသတိရခြင်းအားဖြင့် ကျွန်မတို့က ဒီတိုင်းပြည်မှာ ဘယ်လောက်တောင်မှ အမြစ်တွယ်နေတယ်ဆိုတာကို သိဖို့လိုတယ်။ ရဟန်းမင်းကြီးက သူ့ရဲ့စိတ်ထဲမှာ၊ သူ့ရဲ့ဆုတောင်းမေတ္တာထဲမှာ ကျွန်မတို့ကိုသတိရနေရုံမဟုတ်ဘဲ အခုလို လက်တွေ့လုပ်ရပ်များ အားဖြင့်လည်း သူက ကျွန်မတို့ကိုချစ်တယ်ဆိုတာ အမြဲခံစားရတယ်။ ရဟန်းမင်းကြီးက သိုးထိန်းကောင်းပီပီ သူ့ရဲ့သိုးစုကို ကြည့်ရှုစောင့်ရှောက်ဖို့ ရောက်ရှိလာတာဖြစ်တယ်။ အီရတ်မှာသိုးစုအနည်းငယ်သာရှိသော်လည်းပဲ ငြိမ်းချမ်းရေး၊ တရားမျှတမှုရှိရေးနဲ့ တန်းတူညီမျှမှုရှိရေးအတွက် သတင်းစကားတွေသယ်ဆောင်လာပြီး အီရတ်နိုင်ငံသားတွေနဲ့လည်း စကားပြောခဲ့တယ်” ဟူ၍ ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် သူမသည် အီရတ်ရှိအခြေအနေများ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများအကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။

အီရတ်နိုင်ငံသားများအားလုံးအတွက် သတင်းစကား

ရဟန်းမင်းကြီး၏ခရီးစဉ်သည် ဤတိုင်းပြည်တွင်နေရခြင်း၏ အရေးပါမှုကိုနားလည်သဘောပေါက် နိုင်ရန် ကူညီပေးခဲ့ကြောင်း Yousif က မှတ်ချက်ပြုထားသည်။ ပါမောက္ခတစ်ဦးအနေဖြင့် သူမ၏တမန်တော်လုပ်ငန်းမှာ ကျောင်းသားများအား စိတ်ထားမြင့်မြတ်ပြီး လူပီသကြလျက် ပိုမိုကောင်းမွန်သောလူ့အဖွဲ့အစည်းကို အတူတကွတည်ဆောက်ကြရန်အတွက် ကူညီပေးရန်ဖြစ်သည် ဟုဆိုသည်။

ရဟန်းမင်းကြီး၏ခရီးစဉ်သည် အခက်အခဲများရှိသော်ငြားလည်း အချည်းနှီးဖြစ်လိမ့်မည် မဟုတ်ကြောင်း၊ အီရတ်နိုင်ငံသားအားလုံးအတွက် သတင်းကောင်းပင်ဖြစ်ကြောင်း သူမက ထပ်ပြောသည်။ “ဒီခရီးစဉ်က ထူးခြားမှုတွေဖြစ်စေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့နှလုံးသားတွေပြောင်းလဲလာပြီး သူတို့ရဲ့အတွေးအခေါ်ပိုင်းမှာလည်း အရင်ကအတွေးဟောင်းတွေကို ပြန်ပြောင်းစဉ်းစားလာကြလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာအားလုံး ကျွန်မတို့ကပဲ စတင်ရမယ်။ တရားမျှတမှုမရှိရင် ငြိမ်းချမ်းရေးမရနိုင်ဘူး။ ပြောင်းလဲမှုကို ကျွန်မတို့ဆီကစတင်ရမယ်” ဟူ၍ နိဂုံးချုပ်ပြောကြားခဲ့သည်။

Credit to CBCM

https://bit.ly/38lJdS7

Add new comment

1 + 4 =