Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပြင်သစ်ဘုရားကျောင်းတိုက်ခိုက်ခံရမှု၌ ဘာသာတူသုံးဦးသေဆုံး
ပြင်သစ်ဘုရားကျောင်းတိုက်ခိုက်ခံရမှု၌ ဘာသာတူသုံးဦးသေဆုံး
လွန်ခဲ့သော အောက်တိုဘာ၂၉ရက် နေ့နံနက်တွင် ပြင်သစ်နိုင်ငံနိစ်မြို့ရှိ နော်ထရာ ဒိမ်းဘုရားကျောင်း၌ ဓားသမား အစ္စလမ်အစွန်းရောက်တစ်ဦးက ဘာသာတူများကို တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်စဥ်ကြောင့် ဝတ်ပြုဆုတောင်းသူ သုံးဦးသေဆုံးခဲ့ရသည်။
မြို့တော်ဝန် Christian Estrosiက ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ပြီး သူသည် လူမသတ်ခင်နှင့်သတ်ပြီးသည့်အချိန်တွင် "Allahu Akbar"ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြောင်း ဗီဒီယိုဖိုင်တွင်တွေ့ရသည်။
မြိူ့တော်ဝန်က ဤဖြစ်စဥ်သည် လွန်ခဲ့သောရက်အနည်းငယ်အကြာ ပဲရစ်မြို့၌ အစွန်းရောက်သူတစ်ဦး၏သတ်ဖြတ်ခြင်းကိုခံရသော ကျောင်းဆရာဖြစ်ရပ်နဲ့တူကြောင်း ထောက်ပြခဲ့သည်။
ထိုကျောင်းဆရာသည် အလယ်တန်းပြဆရာ Samuel Paty ဖြစ်ပြီး အလ္လာဟ်အရှင်ကို စော်ကားသည်ဟု အစွန်းရောက်တပည့်မှ ခေါင်းဖြတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြင်သစ်သတင်းမီဒီယာ၏ဖော်ပြချက်အရ အသတ်ခံရသူ ပထမတစ်ဦးမှာ အသက်ကြီးသောအမျိုးသမီးတစ်ဦးဖြစ်ပြီး ခေါင်းပြတ်လုနီးပါးအနေအထားဖြင့် ဘုရားကျောင်းထဲ၌ သေဆုံးခြင်းဖြစ်သည်။
ဒုတိယတစ်ဦးမှာ ဘုရားကျောင်းထိန်းသိမ်းသူအမျိုးသားဖြစ်ပြီး ဘုရားကျောင်းထဲတွင်ပင် သေဆုံးလျက်တွေ့ရှိခဲ့သည်။
တတိယတစ်ဦးမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓားထိုးဒဏ်ရာများဖြင့် အနီးရှိကော်ဖီဆိုင်သို့ သွားရောက်ပြေးလွှားပုန်းခိုခဲ့ပြီး ထိုနေရာ၌ပင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟုဆိုသည်။
နော်ထရာဒိမ်းဘုရားကျောင်းသည် ထိုမြို့တွင်အကြီးဆုံးကက်သလစ်ဘုရားကျောင်းဖြစ်သော်လည်း ဆရာတော်သီတင်းသုံးရာ ကက်သီဒြယ်မဟုတ်ပေ။ဆရာတော်ကြီးက ဘုရားကျောင်းအားလုံးကို ယာယီပိတ်ထားရန်နှင့် အသိပေးစာပြန်လည်မထုတ်မချင်း ရဲတပ်ဖွဲ့အစောင့်အရှောက်များကို ဘုရားကျောင်းတိုင်းတွင် ချထားရန် ညွှန်ကြားထားသည်။
ပြင်သစ်ဝန်ကြီးချုပ်ကိုယ်တိုင် ဘုရားကျောင်းသို့လာရောက်ခဲ့ပြီး ဝမ်းနည်းကြောင်းပြောကြားခဲ့သည်။ ထို့အပြင် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ကက်သလစ်အသင်းတော်၏ပြင်သစ်သမိုင်းတွင် ပါဝင်ခဲ့ပုံကို ချီးကျူးခဲ့ပြီး ဘာသာတရားလွတ်လပ်ခွင့်အတွက် အစွမ်းကုန် ကာကွယ်သွားမည်ဟု ကတိပြုရေးသားခဲ့သည်။
ဘာသာပြန်- Agnes Lawh Lun
Photo courtesy of : Credit: Twitter @cestrosi
Add new comment