ပျံလွန်​တော်မူသည့်ကာဒီနယ်ဆင်မ် မှ နောက်ဆုံးအမှာစကားမြွက်ကြား

ပျံလွန်​တော်မူသည့်ကာဒီနယ်ဆင်မ် မှ နောက်ဆုံးအမှာစကားမြွက်ကြား

ပျံလွန်​တော်မူသည့်ကာဒီနယ်ဆင်မ် မှ နောက်ဆုံးအမှာစကားမြွက်ကြား

~~~~~~~~~~~~~~~~~~~~~~~~

ဘရူနိုင်းနိုင်ငံမှ ကာဒီနယ်ကော်နေလီဦးဆင်မ်သည် ကင်ဆာရောဂါအတွက် ဆေးကုသမှုခံယူရန် ထိုင်ဝမ်သို့မထွက်ခွာမီတစ်ရက်အလို မေလ (၆) ရက်နေ့တွင် မိမိ၏သိုးစုနှင့်အတူ မစ္ဆားတရားတော်ပူဇော်ခဲ့သည်။ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသည့်မယ်တော်သခင်မဘုရားကျောင်း၌ ပူဇော်ခဲ့သော ထိုမစ္ဆားတရားတော်မြတ်သည် ကာဒီနယ်ဆင်မ်အတွက် နောက်ဆုံးပူဇော်သည့်မစ္ဆားဖြစ်လိမ့်မည်ဟု မည်သူမျှမရိပ်မိနိုင်ခဲ့ပါ။

ကက်သလစ်ဘာသာဝင်များအား နောက်ဆုံးအမှာစကားဖြစ်သည့် ဩဝါဒမြွက်ကြားရာတွင် သာသနာတော်၌ တက်ကြွစွာပါဝင်ကြရန်နှင့် လက်ဆုပ် လက်ကိုင်ပြနိုင်သည့်ပါဝင်မှုဖြစ်စေရန် အားပေးတိုက်တွန်းခဲ့သည်။

“သာသနာတော်ပိုမိုခိုင်မာလာဖို့အတွက် ဆုတောင်းကြပါ။ သာသနာတော်ထဲမှာ ကိုယ်က ပွဲကြည့်ပရိတ်သတ်မဖြစ်ပါ​ေစနဲ့။ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေနဲ့အတူ ကိုယ်ကိုယ်တိုင် အချိန်ပေးပြီးပါဝင်တဲ့သူတွေဖြစ်ကြပါစေ” ဟူ၍ မှာကြားခဲ့သည်။

မိမိအား ကူညီပံ့ပိုးပေးကြသည့်ဘာသာဝင်များကို ကျေးဇူးတင်ကြောင်းပြောကြားရင်း မိမိ၏ရဟန်း တော် (၃) ပါးကိုလည်း ဆက်လက်ကူညီပံ့ပိုးပေးကြရန် တောင်းဆိုခဲ့သည်။

သက်တော် (၆၉) နှစ်ရှိသော ကာဒီနယ်ဆင်မ်သည် (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလကတည်းက အသည်းကင်ဆာနှင့်ပတ်သက်၍ ဆေးကုသမှုခံယူနေခဲ့ရသည်။ ယခုနှစ်၊ မေလ (၇) ရက်နေ့တွင် ထိုင်ဝမ်နိုင်ငံသို့ ဆေးကုသမှုခံယူရန် ထွက်ခွာသွားခဲ့သည်။ ဘရူနိုင်းတွင်ကျန်ရစ်ခဲ့ကြသော ဘာသာဝင်သားသမီးများက ချက်ချင်းပင် (၉) ရက်နိုဗီနားပြုလုပ်ကာ လွန်ခဲ့သောနှစ်ဝက်ခန့်က ကာဒီနယ်အဖြစ်ရွေးချယ် တင်မြှောက်ခံရသည့် မိမိတို့၏သိုးထိန်းအတွက် ဆုတောင်းပေးခဲ့ကြသည်။ ဘရူနိုင်းသည် အရှေ့တောင်အာရှနိုင်ငံငယ်လေးဖြစ်၍ ရွှေ့ပြောင်းအလုပ်သမားအများစုပါဝင်သည့် ကက်သလစ် ဘာသာဝင်များ (၂၀,၀၀၀) ခန့်မျှသာရှိသည်။

ကာဒီနယ်ကြီးသည် ဆေးကုသရာ၌ အနည်းဆုံး (၆) လခန့်ကြာမည်ဟု ခန့်မှန်းထားခဲ့ကြသော်လည်း ရက်သတ္တပတ်အနည်းငယ်ကြာသောအခါ သူ၏ရောဂါဝေဒနာများ အခြေအနေပိုမိုဆိုးရွားလာခဲ့ရာ၊ မေလ (၂၉) ရက်နေ့တွင် ထိုင်ဝမ်နိုင်ငံ၊ Taoyuan ရှိ Chang Gung Memorial ဆေးရုံ၌ နှလုံးရပ်ပြီး ပျံလွန်တော်မူခဲ့သည်။

(၂၀၁၈) ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ်ခရီးကြွရောက်စဉ်၌ ကာဒီနယ်က ဖိလစ်ပိုင်သာသနာရှိဘာသာဝင်များအား မိမိတို့၏သာသနာတော်ကို အမှန်တကယ်နိုးကြားတက်ကြွစေနိုင်​​ကြသည့် အတွက် ချီးကျူးစကားဆိုခဲ့သည်။

“ဖိလစ်ပိုင်လူမျိုးတွေက ဘဝကို လက်တွေ့ကျကျရှင်သန်နိုင်မယ့် တက်ကြွမှုတွေကိုယူဆောင်လာပြီးတော့ ဘရူနိုင်းသာသနာတော်ကို ပိုပြီးတိုးမြှင့်ပေးခဲ့ကြတယ်” ဟု မနီလာမြို့တွင်ကျင်းပခဲ့သည့် သစ်လွင်သောသာသနာပြုခြင်းဆိုင်ရာညီလာခံတွင် ပြောကြားခဲ့သည်။

 

Credit: CBCM-OSC

Photo courtesy of Rome Reports

 

Add new comment

7 + 10 =