ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ မားဂျစ်(စ်)မြန်မာ အလံတွင် လတ်မှတ်ရေးထိုး၍ မြန်မာပြည်လူငယ်များနှင့် လူငယ့်ကဏ္ဍဦးဆောင်နေသူများအတွက် အထူးဆုတောင်းပေး။
(၂၉.၄.၂၀၂၁)
RVA Myanmar
လွန်ခဲ့သောလအနည်းငယ်က၊ ယေဇူး၏အသင်း (ခေါ်) ဂျက်ဇွစ်အသင်းဂိုဏ်းမှ ကိုရင်တစ်ပါးသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် သီးသန့် တွေဆုံခွင့် ရရှိခဲ့ပါသည်ဟု သိရှိရပါသည်။
ထို့သီးသန့်တွေ့ဆုံခြင်း၌ ဂျက်ဇွစ် ကိုရင်တစ်ပါးက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အား မြန်မာနိုင်ငံရှိ မားဂျစ်(စ်)လူငယ်များ အသုံးပြုသည့် မားဂျစ်(စ်) မြန်မာ (Magis Myanmar) တံဆိပ်ကို ခတ်နှိပ်ထားသည့် လက်ကောက်ဝတ် သုံးခုကို လက်ဆောင်အဖြစ် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်အား ဆက်သပြီး မားဂျစ်(စ်) မြန်မာ (Magis Myanmar) ၏ အလံတွင် ရဟန်းမင်းကြီးက လက်မှတ်ရေးထိုး ပေးရန် တောင်းဆိုခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီးက "မြန်မာပြည်ကို သွားခဲ့တဲ့ ကျွန်ုပ်ရဲ့ တမန်တော် ခရီးစဉ်ကို အမှတ်ရမိတယ်။ လူငယ်တွေအပြည့်ပါပဲ။ မြန်မာနိုင်ငံက လူငယ်များနဲ့ လူငယ်တိုရဲ့ ကဏ္ဍမှာ ဦးဆောင်ဦးရွက် ပြုနေသူများကို ဘုရားသခင်ကောင်းကြီးပေးပါစေ။ ဘုရားသခင်နဲ့ လူအများအတွက် အကျိုးဖြစ်စေသော အမျိုးသမီးများနဲ့ အမျိုးသားများဖြစ်ကြပါစေ" ဟု ရဟန်းမင်းကြီးမှ ဆုတောင်းပေးပြီး မားဂျစ်(စ်) မြန်မာ (Magis Myanmar) အလံနှင့် လက်ကောက်ဝတ် သုံးခုကို ကောင်းကြီးပေးပြီး အလံပေါ်တွင် အရှင်သူမြတ်၏ လက်မှတ်ကို ရေးထိုးပေးခဲ့ပါသည်။
မားဂျစ်(စ်) Magis ဆိုသည့်စကားလုံးမှာ လာတင်းဘာသာ စကားမှဆင်းသက်လာပြီး "မိမိကိုယ်တိုင်သာမက အခြားသူများနှင့် ဘုရားသခင်အတွက် ပိုမိုကောင်းမွန်၊ ပိုမိုပြည့်ဝစေရန် လုပ်ဆောင်သည့် စိတ်ဓာတ်" ဟု၍ အဓိပ္ပါယ်ရပါသည်။ ရဟန္တာ အီဂနေးရှပ်(စ်) ၏ ဘုရားသခင်နှင့် ပိုနီးစေသည့် ဝိညာဉ်ရေးကျင့်စဉ်နှင့် စိတ်ဓာတ်ခွန်အားကို အတုယူကာမိမိတို့၏ ဘဝတွင် လက် တွေ့ကျင့်ကြံ အားထုတ်လိုသည့် လူငယ်မောင်မယ်များ အတွက် မားဂျစ်(စ်) အစီအစဉ်ကို ပြုလုပ်ပေးခြင်းဖြစ်တယ်လို့သိရှိရပါသည်။
မြန်မာနိုင်ငံ လူငယ်များနဲ့ မတရားမှုကို မားဂျစ်(စ်)စိတ်ဓာတ်ဖြင့် တွန်းလှန်နေကြသူများအားလုံး ပုပ်ရဟန်းမင်းကြီး၏ ကောင်းကြီးမင်္ဂလာ ဆုတောင်းပေးခြင်းနှင့်အတူ ဘုရားသခင်ရဲ့ ကျေးဇူးတော်များကို ခံစားကြလျက် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ အမြန်ထွန်းကာလာအောင် စွမ်းဆောင်နိုင်ကြပါစေ။ အာမင်။
Source: Bro P V Joseph BuanSing (SJ)
News By : Pinky
#PopeFrancis #MagisMyanmar #SaveMyanmar #Youth #MagisMyanmarFlag #Jesuits
Add new comment