ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် ပျံလွန်တော်မူခြင်း ၁၅ နှစ်ပြည့်

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် ပျံလွန်တော်မူခြင်း ၁၅ နှစ်ပြည့်

ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် ပျံလွန်တော်မူခြင်း ၁၅ နှစ်ပြည့်

(၂၁) ရာစု၏ ဂုဏ်ပြုထိုက်သူ ကြည်ညိုလေးစားထိုက်သော ပုဂ္ဂိုလ်ကြီးဟု တင်စားခေါ်ဝေါ်ထိုက်သည့် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်သည် ၁၉၂၀ ခုနှစ် မေလ (၁၈)နေ့၊ ပိုလန်နိုင်ငံ Wadowice ၌ မွေးဖွားသန့်စင်ခဲ့သူဖြစ်သည်။ သူ၏ အမည်ရင်းမှာ ကာလို ဂျိုးဇက်ဝေါဂ်ျတီလာဖြစ်ပြီး မွေးချင်း (၃) ဦး အနက် အငယ်ဆုံး သား ရတနာလေးဖြစ်သည်။ ၁၉၂၉ ခုနှစ်တွင် မိခင် ကွယ်လွန်ခဲ့ပြီးနောက် ဖခင်ဖြစ်သူနှင့်အတူ ခရက်ကောင်းသို့ ရွှေ့ပြောင်းကာ ထိုနေရာ၌ပင် ဂျာဂျီလိုးနီးယန်း တက္ကသိုလ်၌ ပညာဆည်းပူးကာ မိမိစိတ်၀င်စားသော ရုပ်ရှင် ပြဇာတ် အတတ်ပညာကို လေ့လာခဲ့သည်။ ၁၉၄၁ တွင် မမျှော်လင့်ဘဲ သူ၏ ဖခင် ဆုံးပါးသွားပြန်လေသည်။

ထိုအချိန်မှစ၍ ခရက်ကောင်းမြို့ရှိ အခြေခံ ရဟန်းဖြစ်သင်ကျောင်းသို့ ၀င်ကာ ရဟန်းဘ၀ ခေါ်တော်မူခြင်း စတင်လာခဲ့သည်။ ၁၉၄၆ တွင် ကက်သလစ် ရဟန်းသိက္ခာတော်မြတ်ကို ခံယူပြီး ရောမမြို့သို့ ပညာတော်သင် စေလွှတ်ခြင်းခံရသည်။ ၁၉၄၈ တွင် ဒဿနိကဗေဒဘာသာရပ်၌ ပထမကြိမ် ပါရဂူဘွဲ့ရရှိကာ ၁၉၅၄ တွင် ဒုတိယကြိမ် ပါရဂူဘွဲ့ကို ရရှိခဲ့လေသည်။ ၁၉၅၄ တွင် Lublin ကက်သလစ်တက္ကသိုလ်၌ စာချရဟန်းတစ်ပါးအဖြစ် အမှုထမ်းရန် ခန့်အပ်ခြင်းခံရသည်။

၁၉၅၈ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ခရက်ကောင်း လက်ထောက်ဆရာတော်အဖြစ်ရွေးချယ်ခံ ရသည်။ သူသည် ပိုလန်နိုင်ငံရှိ ဆရာတော်ကြီးများအနက် အသက်အငယ်ဆုံး ဆရာတော်ဖြစ်လာခဲ့သည်။ ထိုမှတဖန် ၁၉၆၃ တွင် ခရက်ကောင်း ဂိုဏ်းချုပ်ဆရာတော်အဖြစ် ပုပ်ရဟန်းမင်းကြီး ဆဌမမြောက်ပေါလ်မှ ခန့် အပ်တော်မူခဲ့ပြီး ၁၉၆၇ ဇူလိုင်လ ၂၆ တွင် ကာဒီနယ် ရဟန်းအမတ်တစ်ပါး ဖြစ်လာခဲ့သည်။ ဘုရားသခင်၏ အလိုတော်မြတ်အတိုင်း ၁၉၇၈ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ၂၆၄ ပါးမြောက် ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် အဖြစ် ကက်သလစ်သာသနာတော်အား ခေါင်းဆောင်မှုပြုရန် ရွေးကောက်ခံခဲ့ရလေ သည်။

ပုပ်ဂျွန်ပေါလ်သည် မိမိ၏ ပုပ်ရဟန်းမင်းကြီး သက်တော်စဉ် ကာလအတွင်းမှာပင် နိုင်ငံပေါင်း ၁၂၉ နိုင်ငံသို့ ခရီးစဉ် အများအပြပား လည်ပတ်သွားရောက်ခဲ့သူဖြစ်သည်။ ပုပ်ဂျွန်ပေါလ်သည် လူသာလျှင် ဘုရားသခင်၏ ရွှေပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခံရပြီး ဖန်ဆင်းခံအရာများအနက် အမြင့်မြတ်ဆုံး ဖြစ်ကြောင်း မီးမောင်းထိုးပြကာ လူ့ဂုဏ်သိက္ခာကို ကာကွယ်မြှင့်တင်ပေးခဲ့သော ရဟန်းမင်းကြီး တစ်ပါး ဖြစ်သည်။ သူသည် ကက်သလစ်အသင်းတော်နှင့်ဆိုင်ရာ စာအုပ်စာပေများစွာကို ရေးသားထုတ်ဝေကာ သွန်သင်လမ်းပြပေးခဲ့သည်။ အနာဂတ်လူ့ဘောင်အတွင် လူငယ်များသည် ပင်မ ဗဟိုဖြစ်ကြောင်း ကောင်းစွာ နားလည်ကာ လူငယ်ရေးရာ၌လည်း အားပေးအားမြောက်ပြုခဲ့သည်။ ပုပ်ဂျွန်ပေါလ်သည် နိုင်ငံ့ ခေါင်းဆောင်များနှင့် ညှိနှိုင်းလက်တွဲနိုင်ရုံတင်မက ကလေးသူငယ်များနှင့် လူငယ်များကိုပါ အထူးချစ်ခင်ပြီး အာရုံပြု အလေးပေးခဲ့သည်။ လူမျိုးဘာသာ မခွဲခြားဘဲ တစ်ပေါင်းတစ်စည်းတည်း နှီးနှောဖလှယ်ရေးကိုလည်း အားပေးခဲ့သူဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးအဖြစ် သက်တော် ၂၇ နှစ်တိုင်တိုင် အမှုထမ်းခဲ့ကာ သက်တော် ၈၅ နှစ်၊ ၂၀၀၅ ခုနှစ် ဧပြီလ (၂)ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။ ၂၀၁၁ ခုနှစ် မေလ (၁) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်ား (Blessed) သူတော်သူမြတ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် (၁၆) မှ တင်မြောက်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ရဟန်းမင်းကြီး ဂျွန်ပေါလ်အား ရဟန္တာအဖြစ် တင်မြောက် ဂုဏ်ပြုခဲ့သည်။
ယခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ပျံလွန်ခဲ့သည်မှာ (၁၅) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ရဟန္တာ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ထံ ယုံကြည်အားကိုး၍ ဆုတောင်းသောသူများသည်လည်း အံ့ဖွယ်တန်ခိုး လက်ရာများ ခံစားရရှိခဲ့ကြသည်။ ကျွန်ုပ်တို့လည်း ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်၏ ထပ်ဆင့် ဆုတောင်းပေးခြင်းဖြင့် လိုအပ်ရာ ဆုကျေးဇူးတော်များကို တောင်းခံသွားကြပါစို့။

သီကိုရှင်း

Add new comment

2 + 14 =