ပုပ်ဖရန်စစ်၊ ယူကရိန်းသမ္မတနှင့်ဗာတီကန်၌တွေ့ဆုံ

ပုပ်ဖရန်စစ်၊ ယူကရိန်းသမ္မတနှင့်ဗာတီကန်၌တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နှင့်ယူကရိန်းသမ္မတတို့သည် ယမန်နေ့ (စနေနေ့၊ မေ ၁၃) ကဗာတီကန်၌တွေ့ဆုံခဲ့ကြသည်။

ရုရှား၏ကျူးကျော်စစ်စတင်သည့်အချိန်မှစ၍ ရဟန်းမင်းကြီးနှင့်ယူကရိန်းသမ္မတသည် ဖုန်းဖြင့်အဆက်အသွယ်ရှိခဲ့သော် လည်း လူချင်းတွေ့ဆုံခြင်းမှာယခုပထမဦးဆုံးအကြိမ်ဖြစ်သည်။

ရုရှား၏ကျူးကျော်စစ်ကိုယူကရိန်းခံစားနေခဲ့ရသည်မှာ ယခု (၁၄) လပင်ရှိပြီဖြစ် သည်။ ရဟန်းမင်းကြီးနှင့်သမ္မတတို့သည် ရဟန်းမင်းကြီးပေါလ် (၆) ခန်းမရှိ ရုံးခန်းငယ်တစ်ခု၌တွေ့ဆုံခဲ့ပြီး မိနစ် (၄၀) ကြာမြင့်ခဲ့သည်။

ခေါင်းဆောင်နှစ်ဦး၏တွေ့ဆုံဆွေးနွေးမှု၌ လူသားချင်းစာနာသောအကူအညီအထောက်အပံ့များနှင့်လက်ရှိယူကရိန်းနိုင်ငံ၏နိုင်ငံရေး ရေချိန်အကြောင်းဖြစ်ကြောင်း ဗာတီကန်သတင်းပြန်ရေးရုံးကထုတ်ပြန်ထားပါသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ယူကရိန်းအားရုရှားမှစစ်စတင်သည့်အချိန်မှစ၍ဗုဒ္ဓဟူး (သို့) တနင်္ဂနွေနေ့တိုင်းယူကရိန်းနှင့်စစ်ဒဏ်သင့်နိုင်ငံများအတွက်ဆုတောင်းပေးရန်မပြတ်တိုက်တွန်းလျှက်ရှိပြီး အထူးသဖြင့် ယူကရိန်းအတွက်ဆုတောင်းပေးလာခဲ့သည်။ ယခုတစ်ကြိမ်၌မှု ယူကရိန်းသမ္မတကိုယ် တိုင်အား သူ၏နိုင်ငံအတွက်ဆုတောင်းပေးနေကြောင်းကိုယ်တိုင်ပြောကြားခွင့်၊ သမ္မတဖြစ်သူမှာလည်းကိုယ်တိုင်းကြားနာခွင့်ရခဲ့သည်။

ရဟန်းမင်းကြီးက လက်ရှိအခြေအနေ၌စစ်ဇုံထဲပိတ်မိနေသော မိမိတို့ကိုယ်ကိုမကာကွယ်နိုင်သောသူများ၊ အပြစ်မဲ့ပြည်သူများအတွက် လူသားချင်းစာနာသောအကူအညီအထောက်အပံ့များရောက်ရှိရန်မှာအလွန်အရေးကြီးသည့်အကြောင်းများမိန့်ကြားခဲ့ဟုဆိုပါသည်။

ယူကရိန်းသမ္မတမှရဟန်းမင်းကြီးဖရန်စစ်အတွက်ဟူ၍ 'ပျောက်ဆုံး - ၂၀၂၂/ ၅၈' ဟုအမည်ပေးထားသော အမိမယ်တော်နှင့်သူငယ်တော်ယေဇူးအားရင်ခွင်ပိုက်ထားသည့်ပန်းချီကားကိုလက်ဆောင်ပေးခဲ့သည်။ ထိုပန်းချီကားအမည်ကား ရုရှား၏လူမဆန်သောကျူးကျော်စစ် (၁၄) လအတွင်းသေဆုံးခဲ့ရသော ကလေးဦးရေကိုဖော်ညွှန်းထားခြင်းဖြစ်သည်။ အမိမယ်တော်၏ဘွဲ့နာမကား 'Protect the Defender' (ကာကွယ်သူတို့အားမှိုင်းမသောသခင်မ) ဟုဖြစ်သည်။

ယူကရိန်းသမ္မတသည် ရဟန်းမင်းကြီးနှင့် မိနစ် (၄၀) ကြာတွေ့ဆုံခဲ့သော်လည်း ဗာတီကန်၌တစ်နာရီခန့်ကြာခဲ့သည်။

ရဟန်းမင်းကြီးနှင့်သမ္မတတို့သည် ရင်းနှီးစွာလက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် သမ္မတက သူ၏လက်ကိုရင်ဘတ်၌ကပ်၍ ယခုကဲ့သို့တွေ့ဆုံခွင့်ရသည်မှာလွန်စွာဂုဏ်ကျက်သရေရှိလှကြောင်း အင်္ဂလိပ်ဖြင့်ပြောကြားခဲ့သည်။

သမ္မတသည် ဗာတီကန်၏နိုင်ငံခြားရေး၀န်ကြီးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Richard Gallagher နှင့်လည်းတွေ့ဆုံခဲ့သည်။ ၄င်းတို့သည် အင်္ဂလိပ်ဘာသာ စကားဖြင့်ပြောဆိုခဲ့ကြသည်။ ထိုတွေ့ဆုံစဉ်၌ ယူကရိန်းနိုင်ငံ၏ဗာတီကန်သံအမတ် Andrii Yurash လည်းပါရှိသည်။

စနေနေ့မနက်ပိုင်း၌ သမ္မတသည်အီတလီသမ္မတ Sergio Mattarella နှင့်လည်းကောင်း၊ ထို့နောက် နိုင်ငံတော်၀န်ကြီးချုပ် Giorgia Meloni နှင့်လည်းတွေ့ဆုံခဲ့သည်။ ယူကရိန်းသမ္မတနှင့်အီတလီ၀န်ကြီးချုပ်တို့ပူးတွဲ၍ မိနစ် (၃၀) ကြာသတင်းစာရှင်းလင်းခဲ့သည်။

၀န်ကြီး က ယူကရိန်နိုင်မည်ဟုလောင်း ကြေးထပ်ကြောင်း၊ ယူကရိန်းနိုင်ငံအားလူသားချင်းစာနာထောက်ထားသည့်အကူအညီနှင့်စစ်ရေးကိုလည်းထောက်ပံ့မည်ဖြစ်ကြောင်း၊ ဆက်လက်၍ ကြိုးစားထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ သို့မှသာယူကရိန်းအနေဖြင့် အုတ်မြစ်ခိုင်ခိုင်မာမာဖြင့်တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်သွားနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အီတလီ၀န်ကြီးချုပ်၏ပြောကြားချက်ကို ယူကရိန်းသမ္မတမှလည်းကျေးဇူးတင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယူကရိန်း နိုင်ငံရေးကြပ်တည်းနေချိန်၌ ထွက်ပြေးတိမ်းရှောင်လာသောယူကရိန်းပြည်သူတို့အားနွေးထွေးစွာခိုလုံခွင့်ပေးသည့်အတွက်လည်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ၏ဥရောပခရီးစဉ်၌ အီတလီသည်ပထမဦးဆုံးမှတ်တိုင်ဖြစ်ကြောင်း၊ ယူကရိန်းသမ္မတသည် အီတလီနိုင်ငံပိုင်ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ဖြစ်သည့် 'Porta a Porta' ၌လည်း စနေနေ့ညတွင်စကားပြောမည်ဖြစ်သည်ဟုကြေငြာခဲ့သည် ။ CNA

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3M3L4hn
 

Add new comment

3 + 5 =