ပုပ်ဖရန်စစ်သည် ယခုနှစ်စက်တင်ဘာလ၌ အာရှသို့တမန်တော်ခရီးကြွရောက်မည်

ပုပ်ဖရန်စစ်သည် ယခုနှစ်စက်တင်ဘာလ၌ အာရှသို့တမန်တော်ခရီးကြွရောက်မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယခုနှစ်စက်တင်ဘာလ (၂-၁၃) ရက်အထိ အင်ဒိုနီးရှား၊ အရှေ့တီမော၊ စင်ကာပူနှင့်ပါပူအာနူးဂီနီနိုင်ငံများသို့ တမန်တော်ခရီးကြွရောက်ရန်စီစဉ်ထားကြောင်း ဗာတီကန်သတင်းပြန်ကြားရေးကထုတ်ပြန်ထားသည်။

ယခုတမန်တော်ခရီးစဉ်သည် ရဟန်း မင်းကြီးဖရန်စစ်၏ (၄၃) ကြိမ်မြောက် အီတလီနိုင်ငံပြင်ပသို့ကြွရောက်သော တမန်တော်ခရီးလည်းဖြစ်သည်။ ကြွရောက်မည့်နိုင်ငံအသီးသီး၏ အာဏာပိုင်များမှဖိတ်ခေါ်ချက်ဖြင့်ကြွရောက်မည်ဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာ၌ စက်တင်ဘာ (၃ မှ ၆) ရက် နေ့အထိသီတင်းသုံးမည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်၌မွတ်စလင်ဘာသာ၀င်ဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး ကက်သလစ်ဘာသာ၀င်ဦးရေမှာ (၈) သန်း (၃.၁) ရာခိုင်နှုန်းသာရှိသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အင်ဒိုနီးရှားမှသည် ပါပူအာနူးဂီနီ၏မြို့တော် Port Moresby သို့လည်းကောင်း၊ ထို့နောက် Vanimoသို့လည်းကောင်းဆက်လက်ကြွရောက်မည်ဖြစ်သည်။ ထိုနိုင်ငံ၌ စက်တင်ဘာ (၆-၉) ရက်နေ့အထိသီတင်းသုံးမည်ဖြစ်သည်။ ပါပူအာနူးဂီနိုင်ငံ၏ (၃၂) ရာခိုင်နှုန်း (၃၂ သန်း) သည် ကက်သလစ်ဘာသာ၀င်များဖြစ်သည်။

ထိုမှဆက်လက်၍ အရှေ့တီမောနိုင်ငံ၏မြို့တော်ဖြစ်သော Dili သို့ဆက်လက်ကြွချီ၍စက်တင်ဘာ (၉ – ၁၁) အထိသီတင်းသုံးမည်ဖြစ်သည်။ တီမောနိုင်ငံသည် ကက်သလစ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏ လူဦးရေ (၉၈) ရာခိုင်နှုန်းသည် ကက်သလစ်ဘာသာတူများဖြစ်ကြသည်။ နိုင်ငံ၏လူဦးရေမှာ (၁) သန်းခန့်ရှိ သည်။

ဆက်လက်၍ ရဟန်းမင်းကြီးဖရန်စစ် ၏တမန်တော်ခရီးစဉ်မှာ ကက်သလစ်ဘာသာတူ (၃၉၅၀၀၀) ရှိသော စင်ကာပူနိုင်ငံသို့ စက်တင်ဘာ (၁၁ – ၁၃) အထိသီတင်းသုံးနေမည်ဖြစ်သည်။

စင်ကာပူ နိုင်ငံ၏ကက်သလစ်ဘာသာတူဦးရေသည် နိုင်ငံလူဦးရေ၏ (၃) ရာခိုင်နှုန်းရှိသည်။ စင်ကာပူနိုင်ငံ၏ကာဒီနယ်က ရဟန်းမင်းကြီး၏တမန်တော်ခရီး ဘေးကင်းလုံခြုံစေရန်အတွက်ဆုတောင်းပေးရန်နိုင်ငံအတွင်းရှိဘာသာတူများကိုပန်ကြားတိုက်တွန်းထားသည်။

ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက် လာမည့်အစီအစဉ်သည် လွန်စွာစိတ်လှုပ်ရှားပြီးပျော်ရွှင်ရပါသည်။ သူသည် ကျွန်ုပ်တို့၏အမြင်၌ ဖခင်တစ်ဦးထက်ပိုပါသည်။ သူသည် ယေဇူးသခင်မှတိုက်ရိုက်ခန့်အပ်ခြင်းခံခဲ့ရသော စိန့်ပီတာ၏အရိုက်အရာကိုဆက်ခံသောကိုယ်စား လှယ်ဖြစ်သည်။ ရဟန်းမင်း ကြီးဖရန်စစ်အနေဖြင့် စင်ကာပူထက်ကက်သလစ်ဘာသာတူဦးရေများသောနိုင် ငံများသို့ပင်နှံ့အောင်မကြွရောက်နိုင်သေးသော်လည်း ယခုစင်ကာပူသို့ကြွရောက်လာခြင်းဖြစ်သည်။ ထို့ ကြောင့် စင်ကာပူအနေဖြင့်အလွန့်အလွန်ကောင်းချီးထူးခြားလှပါသည်ဟုကာဒီနယ်ကပြောကြားခဲ့သည်။

ရဟန်းမင်းကြီးသည် ဤခရီးစဉ်ကို ယခင်နှစ် (ဒီဇင်ဘာ ၂၀၂၃) တွင်ကြွရောက်ရန်မိန့်ကြားခဲ့ဖူးသော်လည်းကျန်းမာရေးအခြေအနေကြောင့် ယခုနှစ်မှအစီအစဉ်ပြန်လည်ရေးဆွဲဖြစ်ခြင်းဖြစ်သည်။ (RVA)

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
 

Add new comment

2 + 4 =