ပုပ်ဖရန်စစ်က အရာအားလုံးကိုအမိမယ်တော်ထံပူဇော်အပ်နှံကြောင်း မိခင်များနေ့၌မိန့်ကြား

ပုပ်ဖရန်စစ်က အရာအားလုံးကိုအမိမယ်တော်ထံပူဇော်အပ်နှံကြောင်း မိခင်များနေ့၌မိန့်ကြား

ယမန်နေ့သည် ကမ္ဘာပေါ်ရှိမိခင်များအားဂုဏ်ပြုသောနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကလည်း ကောင်းကင်မြေကြီး၌ရှိသူအားလုံးကို ယေဇူးသခင်၏အမိမယ်တော်မာရိယာထံအပ်နှံကြောင်း မေလ (၁၄) ရက်နေ့က မွန်းတည့်ဆုတောင်းခြင်းကိုပြုရန် စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရားဖူးတို့အားမိန့်ကြားခဲ့သည်။

အမေများနေ့ကို နိုင်ငံအတော်များများ၌ ကျင်းပနေကြသည်။ မိခင်များအားလုံးကျွန်ုပ်တို့နှင့်အတူရှိသူများ၊ မရှိတော့ဘဲကောင်းကင်သို့ရောက်ရှိသွားကြသူများအားချစ်ခြင်း၊ ကျေးဇူးတင်ခြင်းဖြင့်သတိရကြပါစို့။ အားလုံးကိုယေဇူးသခင်၏မိခင်မယ်တော်မာရိယားအားအပ်နှံပါသည်ဟုဆိုသည်။

ယူကရိန်းနိုင်ငံနှင့်စစ်ဒဏ်ကြောင့်ထိခိုက်နာကြင်ဆုံးရှုံးမှု ဒုက္ခ‌ေ၀ဒနာကိုခံစားကြုံ တွေ့နေရသောကမ္ဘာ့နိုင်ငံများအတွက်လည်း ပေါ့ပါးသွားစေရန်ကူညီပေးပါမည့်အကြောင်း အမိမယ်တော်ထံဆုတောင်းပေးကြောင်း၊ အထူးသဖြင့် လောလော လတ်လတ်စစ်ရေးပြင်းထန်နေသော အီစ္စရေးနှင့်ပါလက်စတိုင်းကြားဖြစ်ပွားနေသည့်စစ်မီးအမြန်ဆုံးငြိမ်းသွားရန်ဆုတောင်းပါကြောင်း၊ လက်နက်များကိုင်ဆောင်ခြင်းဖြင့် အခြေအနေတည်ငြိမ်ခြင်းနှင့်လုံခြုံမှုမရရှိနိုင်ဘဲ ရှိနိုင်ခြေရှိသောမျှော်လင့်ချက်များပင် ဖျက်ဆီးခံရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

ယမန်နေ့ကျမ်းစာနှင့်နွယ်၍ရဟန်းမင်းကြီးဖရန်စစ်က သန့်ရှင်းသော၀ိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အသက်တာ၏ ရာသက်ပန်အဖော်မွန်အဖြစ်လက်ခံရမည်။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရားသည် နှစ်သိမ့်ခြင်း၊ သနားခြင်းနှင့်အားပေးရန်အတွက် ကျွန်ုပ်တို့၏ဘ၀ထဲ၌အစဉ်ရှိနေမည်။ သန့်ရှင်းသော၀ိညာဉ်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိရန်အလိုရှိသည်။ သူသည်ခရီးကြုံ၍၀င်ရောက်နားခိုသောဧည့်သည်မဟုတ်။ ကျွန်ုပ်တို့၏ဘ၀အဖော်မွန်ဖြစ်သည်။ တည်ငြိမ်စွာရှိနေသည်။ သူသည်စိတ်ရှည်သည်။ ကျွန်ုပ်တို့လဲကျသွားသည့်တိုင်သစ္စာရှိစွာကျွန်ုပ်တို့နှင့်အတူရှိနေသည်။ သူသည်ကျွန်ုပ်တို့ကိုချစ်၍ မည်သည့်အခြေအနေမျိုး၌မဆိုကျွန်ုပ်တို့နှင့်အတူရှိနေမည်။

ရဟန်းမင်းကြီးဖရန်စစ်က ဘုရားဖူးများအား ၄င်းတို့၏ဘ၀၌သန့်ရှင်းသော၀ိညာဉ်တော်ကို မကြာခဏခေါ်တလေ့ရှိမရှိစဉ်းစားရန်နှင့်သန့်ရှင်းသော၀ိညာဉ်တော်ကိုမမေ့ကြရန် တိုက်တွန်းခဲ့သည်။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့နှင့်အစဉ်ရှိကြောင်းနှင့်စွန့်ပစ်သွားမည်မဟုတ်ဟုလည်းမိန့်ကြားခဲ့သည်။ အခက်အခဲစုံစမ်းခြင်းများနှင့်ကြုံတွေ့ရသည့်အခါ သန့်ရှင်းသော၀ိညာဉ်တော်ဘုရားကျွန်ုပ်တို့အား နှစ်သိမ့်ပေးမည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းနှင့်ခွန်အားကိုယူဆောင်လာပေးမည်။

ကျွန်ုပ်တို့သည် သန့်ရှင်းသော၀ိညာဉ်တော်၏အသံတော်ကို ပိုမိုနားစွင့်ကျိုးနွံနာခံတတ်ရန်၊ ကျွန်ုပ်တို့၏ ဘ၀ ထဲ၌သန့်ရှင်းသော၀ိညာဉ်တော်ဘုရားရှိနေကြောင်းကိုလည်းသိရှိရန် အမိမယ်တော်၏ထပ်ဆင့်ဆုတောင်းခြင်းကိုတောင်းခံကြရန်၊ သန့်ရှင်းသော၀ိညာဉ်တော်ဘုရားထံတောင်းခံပါလျှင် အမှန်တရားကိုလက်ခံရန်၊ ရရှိရန်ကြိုဆိုခြင်းဖြစ်ကြောင်း၊ ထိုအမှန်တရားကြောင့် ကျွန်ုပ်တို့သည် အလွဲအမှားမိစ္ဆာအယူအဆများမှကင်း‌ေ၀းပေမည်။

 

ကျွန်ုပ်တို့၏ဘ၀၌ အရေးကြီးဆုံးသောအမှန်တရားကားအဘယ်နည်း။ ထိုအမှန်တရားကား 'ကျွန်ုပ်တို့သည်ဘုရားသခင်၏ချစ်လှစွာသောသားသမီးများဖြစ်ကြသည်' ဆိုခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3pzoK7D
 

Add new comment

2 + 1 =