ပါစကားပွဲတော်ကြီးမကျင်းပမှီ ‘သန့်ရှင်းသောရက်မြတ်သုံးရက်’ ဆိုသည်မှာ

ပါစကားပွဲတော်ကြီးမကျင်းပမှီ ‘သန့်ရှင်းသောရက်မြတ်သုံးရက်’ ဆိုသည်မှာ

ပါစကားပွဲတော်ကြီးမကျင်းပမှီ  ‘သန့်ရှင်းသောရက်မြတ်သုံးရက်’ ဆိုသည်မှာ

          အမိကက်သလစ်သာသနာတော်ကြီး၏ ၀တ်ပြုခြင်းဆိုင်ရာအစီအစဉ်များသည် လူမူရေးအခမ်းအနားမဟုတ်။ ထို ထက်မြင့်မားပြီး၊ လူမူရေကိုလည်းအလင်းပေးလေ့ရှိသောဘာသာရေး၀တ်ရွတ်စဉ်ဖြစ်သည်။ ၀တ်ပြုခြင်းအစီအစဉ်တစ်ခုခု မကျင်းပမှီ ၀ိညာဉ်ရေးနှင့်ဆိုင်သောပြင်ဆင်ခြင်းကိပြုလုပ်လေ့ရှိသည်။ ထိုပြင်ဆင်ခြင်းများမှာ အာပတ်ဖြေခြင်း၊ မိမိတို့၏ ကိုယ်စိတ်နှလုံးကို စိတ်ငြိမ်အောင်အချိန်အနည်းငယ်ယူ၍ပြင်ဆင်ခြင်းများပြုလုပ်ခြင်းတို့ဖြစ်သည်။ ၄င်းတို့အနက် ကိုးရက် တာနိုဗီနား ကိုးခြင်းဖြင့်ပြင်ဆင်ခြင်းသည် အလွန်လူသိများပြီး၊ ပါ၀င်မူလည်းအလွန်အားကောင်းကြသည်။ အဘယ် ကြောင့်ဆိုသော် ကိုးရက်တာပြင်ဆင်ပြီးမှထိုအရေးကြီးသောပွဲတော်ကိုဆင်နွဲသောကြောင့်အသင့်အနေအထားမျိုးရှိသည် ဟုယူဆရသည်။
          ပါစကားပွဲတော်ကြီးကိုကျင်းပရန်လည်းအမိကက်သလစ်သာသနာတော်ကြီးသည် ၀ါတွင်းကာလ (၆) ပတ်သတ် မှတ်၍ပြင်ဆင်လာခဲ့ပြီဖြစ်သည်။ ယခုသန့်ရှင်းသောရက်သတ္တပတ်သည် ပါစကားပွဲမတိုင်မီပြင်ဆင်ခြင်း၏နောက်ဆုံးအပိုင်းဖြစ်သည်။ ထိုနောက်ဆုံးအပိုင်း၌ပင်လျှင် အနီးကပ်ပြင်ဆင်ရန် 'Triduum' (ပါစကားပွဲအတွက် သုံးရက်တာအ နီးကပ်ထပ်မံပြင်ဆင်ခြင်း) ဟုသတ်မှတ်ပြင်ဆင်ရန်နိုးဆော်ထားပြန်ပါသည်။ ဤပါစကားပွဲတော်ကြီးအတွက် သုံးရက်တာ ပြင်ဆင်ခြင်း၌မည်သည့်အပြင်ဆင်ခြင်းများပြုလုပ်ကြသည်ကို ကက်သလစ်ဘာသာတူအတော်များများမသိကြပေ။ မေးမြန်းနေကြသည်။        

၁။ ပါစကားပွဲအတွက် သုံးရက်တာအ နီးကပ်ထပ်မံပြင်ဆင်ခြင်းကာလတို
          ဤကာလတိုကို 'Triduum' ဟုခေါ်သည်။ ဤအသုံးအနှုန်းကား ‘လာတင်း’ စကားဖြစ်သည်။ ဆိုလိုရင်းမှာ ‘သုံး ရက်တာ’ ဟုဖြစ်ပါသည်။ မည်သည့် ‘သုံးရက်တာ’ ပြင်ဆင်၍ကျင်းပသောအစီစဉ်မျိုးကိုမဆိုဆိုလိုသည်။ ဤကာလတိုကို ‘သန့်ရှင်း သောကြာသပတေးနေ့ကြီး’ ဖြင့်အစပြု၍ပါစကားတနဂ်နွေနေ့ဖြင့်အ ဆုံးသတ်သည်။ အတိအကျပြောရမည်ဆို ပါလျှင် 'Triduum' ကာလကို ‘သန့်ရှင်းသောကြာသပတေးနေ့ကြီး’ ညနေ ပိုင်းမှစ၍ ‘သန့်ရှင်း‌သော သောကြာနေ့ကြီး၊ သန့်ရှင်းသောစနေနေ့ကြီးနှင့်ပါစကားတနဂ်နွေနေ့’ အထိဖြစ်ပါသည်။   
          နှစ်စဉ်ပါစကားပွဲတော်အတွက် သုံးရက်တာပြင်ဆင်သောကာလတိုကို “Paschal Triduum” ဟုခေါ်ပါ သည်။  ‘Paschal’ ဟူသောအသုံးအနှုန်းသည် ‘အီစတာ’ ကိုရည်ညွှန်းခြင်းဖြစ်သည်။ ‘Paschal’ အသုံးအနှုန်း၏မူ ရင်းဘာသာစကားမှာ ‘ဂရိ’ စကားလုံး ‘pascha’ ဖြစ်ပြီး၊ ၄င်းသည်လည်း ‌ဟေဘရူးစကား ‘pesach’ ကိုမွေးစား ထားခြင်းဖြစ်သည်။ ဤစကားလုံး၏ဆိုလိုရင်းမှာ ‘Passover’ (ကျော်ဖြတ်ခြင်း၊ ဖြတ်သန်းခြင်း) ဟုဆိုလိုသည်။ ဤစ ကားလုံး၏သမိုင်းကြောင်းကိုပြန်လည် တူးဆွမည်ဆိုလျှင် အီစ္စရေးလူမျိုးများအီဂျစ်လူမျိုးတို့၏ကျွန်ခံရာမှသော်လည်း ကောင်း၊ သေမင်းခံတွင်းနက်ကြီးဖြစ်သောပင်လယ်နီနှင့်အီဂျစ်တို့၏စစ်တပ်ရန်မှလည်းကောင်း၊ တောကန္တာရ၌အစာငတ်၊ ရေငတ်၊ ဘေးအန္တာရာယ်အပေါင်းမှလည်းကောင်း၊ လူမျိုးတစ်မျိုးဟုသာဆိုသော်လည်း မည်သည့်လူမူရေး၊ ဘာသာရေး ကျင့်၀တ်ကျင့်ထုံးမျှမရှိသောလူမျိုးအဖြစ်မှလည်းကောင်း၊ ထီးမဲ့၊ နန်းမဲ့၊ နိုင်ငံမဲ့ဘ၀မှလွတ်မြောက်၍ ဘုရားသခင်ကတိ ထားသောပြည်သို့၀င်ရောက်နိုင်ခဲ့ခြင်း၊ ထို့အတူယေဇူးသခင်သည် ဒုက္ခခံခြင်း၊ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းမှအောင် မြင်ရှင်ပြန်ခဲ့ခြင်းသည် ‘ကျော်လွှားခြင်း၊ လွှတ်မြောက်ခြင်း’ ပါစကားနက်နဲရာများဖြစ်သည်။    
 
သန့်ရှင်းသောကြာသပတေးနေ့ကြီး၏သမိုင်း

          ကြာသပတေးနေ့ကြီးညနေပိုင်း၌ ကက်သလစ်သာသနာတော်ကြီးသည် ယေဇူးသခင်မှ သူ၏ဒုက္ခလမ်းတော် ကိုမခံထမ်းမှီသူ၏တပည့်တော်ကြီးများနှင့်ညစာစားပွဲကိုတည်ခြင်းကိုကျင်းပသောမစ္ဆားတရားကိုပူဇော်သည်။ ပါစကားညစာစားပွဲသည် ဂျူးလူမျိုးများအဖို့တစ်နှစ်တစ်ကြိမ်မဖြစ်မနေကျင်းပရသောဘာသာရေး၀တ္တရားတစ်ပါးဖြစ်သည်။ ယေဇူးသခင်၏ဤညစာစားပွဲသည် လူ့အဖြစ်ကိုခံယူသောအသက်တာ၌နောက်ဆုံးညစာစားပွဲဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဤညစာစားပြီးနောက်သူသည်အဖမ်းခံရတော့မည်ဖြစ်သည်။ နောက်ဆုံးညစာစားပွဲကိုလည်း ကိုယ်တော်မြတ် စက္ကရာမင်းတူတည်ထောင်ခြင်းဟု ခေါ်ဆိုလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် သူ၏အစွမ်းတန်ခိုးကြီး မားသောအမိန့်တော်မြတ်အားဖြင့် မုန့်နှင့်စပျစ်ရည်တို့သည် သူ၏သွေးသားအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ ဤနောက်ဆုံး ညစာစားသည့်မစ္ဆားတရားတော်၌ အခမ်းအနားကိုဦးဆောင်သောရဟန်းတော်က ယေဇူးသခင်တပည့်တော်ကြီးတို့၏ခြေ များကိုဆေးခဲ့သည်ကိုပြန်လည်အမှတ်ရသည့်အနေဖြင့် ခြေဆေးခြင်းအခမ်းအနားရှိသည်။ ဤအခမ်းအနားကိုထည့်သွင်း ခြင်းဖြင့်ယေဇူးသခင်မိန့်ကြားခဲ့သည့် ‘အကယ်၍ငါသည် သင်တို့၏ဆရာ၊ သင်တို့၏သခင်ဖြစ်သော်လည်း သင်တို့၏ခြေကို ဆေးလျှင် သင်တို့သည်လည်းအချင်းချင်း၏ခြေကိုဆေးကြလော’ ဟူသောသွန်သင်ချက်ကိုပြန်လည်အမှတ်ရစေခြင်းဖြစ် သည်။       

  
သန့်ရှင်းသောကြာသပတေးနေ့ကြီးကို “Maundy Thursday” ဟုအဘယ်ကြောင့်ခေါ်သနည်း။
          သန့်ရှင်းသောကြာသပတေးနေ့ကြီးကို “Maundy Thursday” ဟုလည်းခေါ်သည်။ “Maundy” ဟူ သောစကားလုံးသည် ‘လာတင်း’ စကား “mandatum” မှမွေးစားထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ‘အမိန့်ပေး ခြင်း’ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့၌ယေဇူးသခင်သည် ‘ငါသည်သင်တို့အား ပညတ်သစ်ကိုပေးမည်။ ငါ သည်သင်တို့ကိုချစ်သကဲ့သို့ သင်တို့အချင်းချင်းချစ်ကြလော့’ ဟုပညတ်ခဲ့သည်။   

သန့်ရှင်းသောကြာသပတေးနေ့ကြီးသည် အမိသာသနာတော်ကြီး၏ရက်ကြီးအခါကြီးနေ့ဖြစ်သလော။
            သန့်ရှင်းသောကြာသပတေးနေ့ကြီးသည် အမိသာသနာတော်ကြီး၏ ရက်ကြီးအခါကြီးနေ့မဟုတ်။ ဆိုလိုသည် မှာထိုမစ္ဆားတရားပူဇော်ခြင်း၌မဖြစ်မနေပါ၀င်ပူဇော်ရမည့်၀တ္တရားမဟုတ်။ သို့သော်စုံလင်သောအင်ဒူဂျင်းသျှာရလိုသူများအဖို့မှာမူပါ၀င်ပူဇော်ရမည်ဖြစ်သည်။ သို့သော်ကက်သလစ်ဘာသာတူအတော်များများသည် အကြောင်းကိစ္စများစွာ ကြောင့်ပါ၀င်နိုင်ချင်မှပါ၀င်နိုင်မည်။ ဥပမာအားဖြင့် အလုပ်ကိစ္စ၊ မိသားစု၊ လက်ခံထားသောအစီအစဉ်များ၊ ကျန်းမာရေးကြောင့်စသောအကြောင်းကြောင်းကြောင့်ဖြစ်ပါသည်။ အမှန်ဆိုသော် ဤမစ္ဆားတရားသည် ၀ိညာဉ်ရေးအနစ်သာရ ပြည့်၀လှ၍ အရေးကြီးပြီး၊ အရေးပေါ်သောအမူကိစ္စများမဟုတ်ပါလျှင် မစ္ဆားတရား၌ပါ၀င်ပူဇော်သင့်လှသည်။

သန့်ရှင်းသော သောကြာနေ့ကြီး၌မစ္ဆားပူဇော်ပါသလား။

            အမိကက်သလစ်သာသနာတော်ကြီး၏ တစ်နှစ်တာ၀တ်ပြုခြင်း၌ မစ္ဆားပူဇော်ခြင်းမရှိသည့်တစ်ရက်တည်းသော နေ့မှာသန့်ရှင်းသော သောကြာနေ့ကြီးပင်ဖြစ်ပါသည်။ သန့်ရှင်းသောကြာသပတေးနေ့ကြီးည မစ္ဆားပူဇော်အပြီး၌ မစ္ဆား ပလ္လင်များမှစ၍မစ္ဆားပစ္စည်းများအားလုံးကိုသိမ်းဆည်းထားလိုက်ပြသည်။ ကိုယ်တော်မြတ်ကိုခေတ္တစံမြန်းစေသောပလ္လင် မှလွှဲ၍ဖယောင်းတိုင်ထွန်းညှိခြင်းမှသည် သာမန်အချိန်၌ပြုလုပ်သောမည်သည့်အမူမျှမပြုရပေ။ မည်သည့်အဆောင်အ ယောင်မျှမထားရှိရ။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်ဖမ်ဆီးခံရခြင်းနှင့်သက်တော်စွန့်ခြင်းကြောင့်၀မ်းနည်းသည်ပူ ဆွေးခြင်းကိုပြသောနေ့ဖြစ်သည်။ သန့်ရှင်းသောသောကြာနေ့ကြီးမွန်းလွှဲ (၃) နာရီ၌ ယေဇူးသခင်၏ဒုက္ခခံခြင်းနှင့်သက် တော်စွန့်သည့်၀တ်ပြုခြင်းကိုကျင်းပလေ့ရှိသည်။  ဤ၀တ်ပြုခြင်း၌ပရောဖက်ဉာဏ်ဖြင့် ယေဇူးသခင်၏ဒုက္ခခံထမ်းခြင်း ကိုကြိုတင်ဟောထားသောကျမ်းစာကိုဖတ်ရူသည်။ မစ္ဆားတရားပူဇော်ခြင်းမရှိသော်လည်း ယမန်နေ့ကကြိုတင်ဖန်ဆင်း ထားသောကိုကိုယ်တော်မြတ်ဖြင့် အဆိုပါ၀တ်ပြုခြင်းသို့ကြွရောက်သောဘာသာတူများကိုမူ ကိုယ်တော်မြတ်ပင့်ပေးပါ သည်။ ကိုယ်တော်မြတ်ပင့်ယူအပြီး၌ ဘာသာတူများသည် ခရူးစူးအား အရိုအသေပေးခြင်းအခမ်းအနားကိုဆက်လက်ပြု လုပ်နိုင်သည်။      

သန့်ရှင်းသော သောကြာနေ့ကြီးသည် အသားရှောင်ခြင်း၊ ၀ါရှောင်ခြင်းကိုမဖြစ်မနေပြုရသောနေ့ဖြစ်သည်။

            ထိုနေ့၌မည်သည့်အရာကိုပြုကြမည်နည်း။ မည်သည့်အရာကိုကျွနု်ပတို့ပြုနိုင်သနည်း။ ထိုနေ့၌မိသားစုများသည် ခါတိုင်းအချိန်ကဲ့သို့မဟုတ်ဘဲ မလိုအပ်ဘဲအသံများဆူဆူညံညံပြုလုပ်ခြင်း၊ စကားများပြောဆိုခြင်း၊ သီချင်း၊ တီဗွီများဖွင့် ခြင်း၊ မိသားစုပျော်ပွဲရွှင်ပွဲပြုခြင်းများကိုရှောင်၍တိတ်ဆိတ်နိုင်သမျှတိတ်ဆိတ်စွာဖြတ်သန်းသင့်သည်။ ထို့အတူ ဘုရား ၀တ်ပြုခြင်းအစီအစဉ်များ ၌ပါ၀င်နိုင်ရန်အားထုတ်သင့်သည်။ စိတ်ပုတီးများစိပ်ခြင်း၊ ကိုယ်တော်မြတ်သွားရောက်ဖူး ခြင်း၊ ကျမ်းစာကိုမိသားစုများနှင့်အတူတကွဖတ်ရူခြင်းများပြုလုပ်နိုင်သည်။ သန့်ရှင်းသော သောကြာနေ့ကြီးသည် ဆင် ခြင်ထောက်ရူ၍သံ‌ေ၀ဂယူရသောနေ့၊ တစ်နှစ်ပတ်လုံးအနက် ထူးခြားသောနေ့တစ်နေ့ဖြစ်ရမည်ဖြစ်သည်။ ၀ါတွင်း တစ်လျှောက်၌အာပတ်ဖြေခြင်းကိုမပြုရသေးပါက ဤသန့်ရှင်းသော သောကြာနေ့ကြီးသည် သင်နှင့်သင့်မိသားစု၀င်များ အတွက် အာပတ်ဖြေခြင်းကိုပြုရန် အကောင်းဆုံးအချိန်ဖြစ်သည်။   

သန့်ရှင်းသောစနေနေ့ကြီးနှင့်ပတ်သက်၍သိကောင်းစရာ ....

          သန့်ရှင်းသောစနေနေ့ကြီး၏ အထွတ်အထိပ်ကား ပါစကားနေ့ကြီး၏အဖိတ်ပင်ဖြစ်သည်။ သန့်ရှင်းသောစနေနေ့ ကြီးသည်အလွန်ရှည်လျားသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းကိုလည်း နေရောင်လုံး၀ ကွယ်ပျောက်ပြီး မှောင်အတိဖြစ်မှသာစတင်ရသည်။ ထို့ကြောင့်ည (၆း၃၀ (သို့) ၇း၀၀) ခန့်မှသာ၀တ်ပြုခြင်းကိုစတင် နိုင်သည်။ ထိုရှည်လျှားသောတစ်နေ့တာကို အဘယ်သို့ကုန်ဆုံးရမည်ကိုအချို့ကမသိကြပေ။

          မိသားစုအတော်များများသည် သန့်ရှင်းသောစနေနေ့ကြီးကို သန့်ရှင်းရေးကိုအကြီးအကျယ်ပြုလုပ်ရန်သော်လည်း ကောင်း၊ ဥယျာဉ်ထဲ၌ အပင်များစိုက်ပျိုး၍ကုန်ဆုံးဖြတ်သန်းကြသည်။ အချို့ကားအိမ်ပြင်ထွက်၍ဖြတ်သန်းကြသည်။ အ ချို့ကားပါစကားပွဲအတွက်ပြင်ဆင်စရာရှိသည်များကိုပြင်ဆင်ကြသည်။ သန့်ရှင်းသောစနေနေ့ကြီးကိုဖြတ်သန်းကုန်ဆုံး ရန် အကောင်းဆုံးနည်းကား ဆုတောင်းခြင်းတစ်နေ့တာအဖြစ် စိပ်ပုတီးစိပ်ခြင်း၊ ကျမ်းစာဖတ်ခြင်းများဖြင့် ကုန်ဆုံးဖြတ် သန်းခြင်းပင်ဖြစ်သည်။ အချို့ကား ‘ပါစကားဥ’ ကိုအရောင်ဆိုးကြသည်။

ပါစကား၏အဖိတ်ည

          အမိကက်သလစ်သာသာသနာတော်ကြီး၏ တစ်နှတာ၀တ်ပြုခြင်းပြက္ခဒိန်၌ ပါစကားအဖိတ်ည၏၀တ်ပြုခြင်းအစီ အစဉ်သည် အလွန်လှပသော၀တ်ပြုခြင်းဖြစ်သည်။ တင်ဆက်ပုံထူးခြားသည်။ ကက်သလစ်သင်ကေတများစွာဖြင့်ပြည့်နေ သည်။ ပါစကား၏အကြိုကိုညပိုင်းမှအစပြုသည်။ မီးကိုကောင်းကြီးပေးခြင်းဖြင့်အစပြုသည်။ အလင်းသည်ယေဇူးသခင် ကိုပုံဆောင်သည်။ ထိုကောင်းကြီးပေးလိုက်သောမီးမှ ပါစကားဖယောင်းတိုင်ကိုထွန်းညှိရသည်။ ကယ်တင်ခြင်းသမိုင်းစဉ် ကိုကျမ်းစာဖတ်ရူခြင်း၌ကြားနာရမည်ဖြစ်သည်။      

          ‘Exsultet’ ဟုခေါ်သောပါစကားသတင်းကောင်းကိုရဟန်းတော်မှဖြစ်စေ၊ ဦးပဥ္စင်းမှဖြစ်စေ၊ သို့မဟုတ်ပိုင်နိုင်စွာ သီဆိုတတ်သူတစ်ဦးဦကသီဆိုလေ့ရှိသည်။ အလွန်အဓိပ္ပါယ်ရှိပြီး၊ အနစ်သာရရှိလှသည်။ ၀တ်ပြုခြင်း၌ပါ၀င်ကြသော ဘာ သာတူများသည်ဘုရားကျောင်းသို့စီတန်း၀င်ရောက်သွားကြသည်။ ထိုည၌ပင် ဆေးကြောခြင်းခံယူရန်ပြင်ဆင်ထားသူများ ဆေးကြောခြင်းခံယူကြမည်ဖြစ်သည်။ အချို့ကားခရစ္စမားအားပေးခြင်းကိုလည်းခံယူကြမည်ဖြစ်သည်။ 

          ပါစကားအကြိုညသည် အံ့ဩဖွယ်အတိဖြင့်ပြည့်နေသည်။ အသိပေးလိုသည်မှာ ဤ၀တ်ပြုခြင်းအစီအစဉ်သည် မဆိုစလောက်ကြာလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် အစီအစဉ်များစွာပါ၀င်သကဲ့သို့ ကျမ်းစာအစောင်များစွာကိုမီး ရောင်မှိတ်မှိတ်ဖြင့်သာဖတ်ရူရသည်။ အချို့မိဘများက ဤည၏၀တ်ပြုခြင်းအစီအစဉ်သည် ကလေးများအတွက်ကြာလွန်း သည်ဟုလည်းဆိုကြသည်။ ထို့ကြောင့် ကလေးများအိပ်ချင်လာသောအခါ အသင့်သိပ်နိုင်ရန်လည်းပြင်ဆင်လာခဲ့ကြသည်။ ကလေးမိဘများမှတ်ချက်ပြုသကဲ့သို့ပင် ပါစကားအကြိုည၏၀တ်ပြုဆုတောင်းခြင်းအစီအစဉ်၌ကလေးများအိပ်ငိုက်၊ အိပ် ပျော်သွားကြသည်မှာ ထိုသို့ပြောဆိုသောဘာသာတူတို့၏သာသနာအုပ်စု၌သာမဟုတ်။ ပါစကားအကြိုည၀တ်ပြုခြင်းကို ကျင်းပနေကြသောနေရာတိုင်းမှကလေးများလည်းထို့အတူပင်တွေ့ကြုံကြရသည်။

ထို၀တ်ပြုခြင်းအစီအစဉ်ပြီးဆုံးသည်နှင့်ပါစကားပွဲကျပြီလော ......

          ထိုရှည်လျားသော ပါစကားအကြိုည၀တ်ပြုဆုတောင်းခြင်းအဆုံး၌ ပါစကားပွဲတော်ကိုကျပြီဖြစ်သည်။ ယေဇူး သခင်၏ ‘ရှင်ပြန်ထမြောက်ခြင်း’ ပွဲတော်ကိုကျင်းပခြင်းသည် ပါစကားပွဲတော်ကိုနွှဲပျော်ခြင်းဖြစ်သည်။ ပါစကားအကြိုည ၀တ်ပြုခြင်း၌မပါ၀င်ခဲ့သောသူများသည် ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်း၌မပါ၀င်ခဲ့၍ ပါစကားပွဲတော်ကိုမနွှဲလိုက်ရ ဟုမဆိုလိုပေ။ ပါစကားအကြိုည၏၀တ်ပြုခြင်း၌မပါ၀င်နိုင်ခဲ့သော်လည်း တနဂ်နွေနေ့နံနက်ပိုင်းမစ္ဆားတရားပူဇော်ခြင်း၌ ပါ၀င်၍ ပါစကားပွဲတော်ကိုမိသားစုများ၊ အသိမိတ်ဆွေများနှင့်ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါသည်။ ပါစကားပွဲတော်ကိုကျင်းပ ရာ၌အကြံအနည်းငယ်ပြုလိုသည်မှာ ‘ချို့တဲ့နွမ်းပါးသူများ၊ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အထီးကျန်နေသူများ၊ အခြေအနေမဲ့များ’ ကိုမမေ့ပါနှင့်။ ပါစကားပွဲတော်ကိုအနှစ်သာရရှိရှိကျင်းပဖြတ်သန်းလိုပါက အထက်ကဆိုခဲ့သောသူများ အား သင့်အိမ်သို့ဖိတ်ခေါ်၍တစ်ခုခုကျွေးမွေးပြုစုပေးပါ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည်သွားစရာနေရာမရှိ။ ဖိတ် ကြားမည့်သူမရှိကြပေ။ ၄င်းတို့ကိုသင်တို့၏အိမ်သို့ဖိတ်၍ကျွေးမွေးလိုက်ရသောပီတိသည် သင့်အားအစဉ်ကျေနပ်စေမည် ဖြစ်သည်။   

ပါစကားအကြိုည (သို့) ပါစကားနေ့၏၀တ်ပြုဆုတောင်းခြင်းပြီးလျှင် ပါစကားပွဲပြီးဆုံးသွားပြီလော .....

          သန့်ရှင်းသောရက်ကြီးအခါကြီးသုံးရက်တာသည် ပါးစကားတနဂ်နွေနေ့ညနေပိုင်း၌အဆုံးသတ်ပါသည်။ သို့သော် ‘ပါစကားပွဲတော်ကြီးကိုပါစကားတနဂ်နွေ၏အငွေ့အသက်နှင့်ရှစ်ရက်တာ’ ဆက်လက်ကျင်းပသည်။ ထိုအချိန်ကာလကို ပါစကား ‘အထူးကာလ’ ဟုလည်းသတ်မှတ်နိုင်ပြီး၊ ၄င်းနောက် ‘သာမန်ပါစကားကာလ’ ကိုမူ ရက်ပေါင်း (၅၀) ဆက်လက် ကျင်းပပါသည်။ ရက်ပေါင်း (၅၀) ပြည့်သွားသောအခါ ‘ရက်ပေါင်း (၅၀) ပြည့်ပွဲတော်’ ဖြစ်သည့် ‘ပင်တေကော့’ ပွဲကိုကျင်း ပသည်။ ထိုနေ့၌ယေဇူးသခင်ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော်ကြီးများအား အထပ်ထပ်မိန့်ကြားကတိထားခဲ့သော  ‘သန့်ရှင်းသော၀ိညာဉ်တော်ဘုရား’ ကိုစေလွှတ်သည်။ တပည့်တော်ကြီးများအပေါ်ဆင်းသက်သည်။  

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : St.Mary-St.Paul Parish/Google images

https://bit.ly/3diEYZ9

Add new comment

5 + 2 =