ပရဟိတလုပ်ရတာ လူပန်းအိတ်စိုက်ရပေမဲ့ အခက်အခဲရှိတဲ့သူတွေကို ကူညီနိုင်တဲ့အတွက် ပျော်ရွှင်ရကြောင်း စိန့်ဂျွန်းသာသနာအုပ်စုစိန့်ဗင်းဆင်းဒီပေါလ်အတွင်းရေးမှူးပြော

ပရဟိတလုပ်ရတာ လူပန်းအိတ်စိုက်ရပေမဲ့ အခက်အခဲရှိတဲ့သူတွေကို ကူညီနိုင်တဲ့အတွက် ပျော်ရွှင်ရကြောင်း စိန့်ဂျွန်းသာသနာအုပ်စုစိန့်ဗင်းဆင်းဒီပေါလ်အတွင်းရေးမှူးပြော

ပရဟိတလုပ်ရတာ လူပန်းအိတ်စိုက်ရပေမဲ့ အခက်အခဲရှိတဲ့သူတွေကို ကူညီနိုင်တဲ့အတွက် ပျော်ရွှင်ရကြောင်း စိန့်ဂျွန်းသာသနာအုပ်စုစိန့်ဗင်းဆင်းဒီပေါလ်အတွင်းရေးမှူးပြော

၁၉.၅.၂၀၂၂ (RVA Myanmar)

မေလ (၁၄) ရက်နေ့က မန္တလေးမြို့ စိန့်ဂျွန်းသာသနာအုပ်စု စိန့်ဗင်းဆင်း ဒီပေါလ်အသင်းအမှုဆောင်များမှ စိန့်ဗင်းဆင်းအထောက်ပံ့ခံ အိမ်ထောင်စု (၂၈) စုသို့ ဆန် (၆)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကြက်ဥ (၁၀)လုံး၊ ငါးခြောက် (၂၅) ကျပ်သား၊ ကြက်သွန် (၁) ပိဿ၊ ဆား(၁)ထုပ် ၊ ဆပ်ပြာ (၁) ချောင်း ငွေကျပ်နှစ်ထောင်စီ အိမ်တိုင်ရာရောက်လိုက်လံဝေငှပေးတာကို တွေ့ခဲ့ရပါသည်။

စိန့်ဂျွန်း စိန့်ဗင်းဆင်းဒီပေါလ် အတွင်းရေးမှူး ဦးကျော်ကျော်နိုင်က “ စိန့်ဂျွန်းမှာ စိန့်ဗင်းဆင်းအဖွဲ့ကနေ ထောက်ပံ့ပေးနေရတဲ့ ထောက်ပံ့ခံ အိမ်ထောင်စု ‘’ ၂၈ “ စု ရှိတယ်။ အခါအားလျှော်စွာ အခုလို ဆန် ၊ ဆီ ၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေကို အလှူရှင်တွေ ရှာပြီး ကူညီပေးနေတာပေါ့။ တခါတလေလဲ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကူညီပေးတယ်။ ဆေးရုံတက်နေရတဲ့သူတွေကို လူနာမေးသွားတယ်။ လိုအပ်ရင် ဆေးဖိုးလဲ ကူညီပေးတယ်။ " ဟု RVA ကိုပြောပြပါသည်။

" ၂၀၂၁ ခုနှစ်ထဲမှာဆိုရင် ကလေးငယ်တစ်ယောက် မွေးကတည်းက ကျန်းမာရေး ချို့တဲ့တယ်။ စက်တွေတပ်ထားရတယ်။ သွေးဆိုရင် ပုလင်း(၂၀) လောက်ထိသွင်းရတယ်။ အဲ့ဒီအချိန်ကဆိုရင် လိုအပ်တဲ့သွေးရှာပေးတာတို့ ၊ အလှူရှင်တွေဆီကနေ အကူအညီတောင်းပြီး ဆေးဖိုးထောက်ပံ့ ပေးတာတို့လုပ် ပေးခဲ့တယ်။ အခုဆိုရင် အဲ့ဒီကလေးက တစ်နှစ်နဲ့ ရှစ်လအရွယ်ကိုရောက်နေပြီ။ နောက် အဘိုးတစ်ယောက်ဆိုရင်လဲ လေဖြတ်သွားတယ်။ အစားကို မဝင်တော့တဲ့ အခြေအနေ။သူ့မှာ သားသမီးနှစ်ဦးရှိတယ်။ တစ်ဦးက စိတ်ကျန်းမာရေးမကောင်းဘူး။ အဲ့လိုအခြေနေမျိုးမှာဆိုရင် ကျနော့်တို့ စိန့်ဗင်းဆင်းအဖွဲ့အနေနဲ့ ဆေးခန်းလိုက်ပြပေး တယ်။လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်တယ်ဆိုတော့လည်း ကျနော်ကိုယ်တိုင်သူ အိမ်သွားပြီး  လေ့ကျင့်ခန်းကူလုပ်ပေးတယ်။ အခုဆိုရင်တော်တော်လေးသက်သာနေပြီ "ဟု ဦးကျော်ကျော်နိုင် က ပြောပြပါသည်။ 

"နောက်တစ်ခါ နာရေးချဖို့အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကိုလဲ ကူညီပေးခဲ့တယ်။ ကျနော်တို့ ကက်သလစ် ခရစ်ယာန်လို နာရေးချတဲ့အခါ စရိတ်က တော်တော်လေးကုန်ကျတယ်။ အဲ့ဒီမှာ မိသားစု တစ်စုက အဲ့ဒီနာရေးစရိတ်ကို မတက်နိုင်လို့ ဗုဒ္ဓဘာသာလို ချမလို့ လုပ်နေတယ်ဆိုတဲ့ သတင်းကိုကျနော်တို့ကြားလိုက်ရတယ်။ အဲ့ဒါနဲ့ကျနော်တို့လည်း ချက်ခြင်းလိုက်သွားတယ်။ သူတို့က ခရစ်ယာန်တွေလဲဟုတ်တယ်။ ဒါနဲ့ ခရစ်ယာန်လို ချဖို့ဆန္ဒရောရှိလားလို့မေးကြည့်တော့ ခရစ်ယာန်လိုချချင်တယ်။ ဒါပေမဲ့ နာ‌ရေးစရိတ်တွေမတက်နိုင်လို့ ဗုဒ္ဓဘာသာလိုပဲ ချလိုက်မလို့ ဗုဒ္ဓဘာသာလိုဆိုရင် မီးရှို့လိုက်ရင်ပြီးသွားပြီဆိုတော့ပိုက်ဆံကအရမ်းမကုန်ဘူး။အဲ့ဒါကြောင့် အဲ့လိုပဲချမလို့ စီစဉ်ထားတယ်လို့ပြောတာ ။ အဲဒီမှာ ကျနော်တို့က ခရစ်ယာန်လိုချဖို့ ဆန္ဒရှိရင် ကျနော်တို့ကူညီပေးမယ်ဆိုပြီး အလှူရှင်ရှာပြီး ခရစ်ယာန်လိုပဲ နာရေးချနိုင်အောင်ကူညီပေးနိုင်ခဲ့တယ်။ အဲ့လိုအဖြစ်မျိုး မနှစ်က သုံးလေးခုလောက်ကူညီပေးခဲ့ရတယ်  "ဟု ဦးကျော်ကျော်နိုင် က ပြောပြပါသည်။ 

ဆက်လက်ပြီး ဦးကျော်ကျော်နိုင်က ကျနော်တို့စိန့်ဗင်းဆင်းအနေနဲ့ အရင်ကတော့ ပစ္စည်းတွေရောင်း၊ ဘုရားကျောင်းမှာ အလှူခံပုံးလေးချထားပြီး ရံပုံငွေရှာတယ်။ ဒီကိုဗစ်ဖြစ်လာတဲ့အခါ ဘုရားကျောင်းတွေပိတ်လိုက်ရတော့ ရံပုံငွေရှာဖို့က ခက်သွား တယ်။ အဲ့ဒီအတွက် ကျနော်တို့က အလှူရှင်တွေကိုပဲ ရှာပြီး အလှူခံပြီးတော့ ထောက်ပံ့ခံ တွေကို ကူညီပေးရတယ်။ ကျနော်တို့စိန့်ဂျွန်းက ထောက်ပံ့ခံမိသားစုက ‘’ ၂၈ “ စုရှိတာဆိုတော့ အကုန်အကျတော့များတယ်။ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို Facebook ပေါ်ကို တင်တဲ့အခါ ကူညီချင်တဲ့အလှူရှင်တွေပေါ်လာတာကတော့ အားသာချက်တစ်ခုပေါ့။ ဟိုတလောက လှုပ်ရှားမှုတွေကို အကြောင်းအမျိုးမျိုးကြောင့် Facebook ပေါ်မတင်ဖို့ အဖွဲ့က သက်မှတ်လိုက်တဲ့အခါ အလှူရှင်တွေက လှုပ်ရှားမှုတွေကိုမသိတော့ လှူတဲ့သူနည်းသွားတော့ ထောက်ပံ့ခံတွေကို ထောက်ပံ့ဖို့ရာ အရေအတွက် ကျဲသွားတာပေါ့။ အခုတော့ လှုပ်ရှားမှုတွေကို Facebook ပေါ် ပြန်တင်တဲ့အခါ ကူညီပေးမယ့် အလှူရှင်နှစ်ယောက်ကို ထပ်ပြီး ရထားပြီ “ ဟုဆိုကာ လှုပ်ရှားမှုများကို လူမှုကွန်ယက်စာမျက်နှာတွင် တင်ခြင်းအားဖြင့် ချို့တဲ့သူများကို ကူညီပေးမည့် အလှူရှင်များ  ပိုမိုရရှိလာတတ်သည့်အကြောင်းကို RVA ကို  ပြောပြခဲ့ပါသည်

းဦးကျော်ကျော်နိုင်က ‘’ ဒီလို ပရဟိတလုပ်ရတာ တစ်ခါတလေလူလည်းပင်ပန်းတယ်။ အိတ်လဲစိုက်ရတယ်။ ဘုရားကျောင်းနဲ့ဝေးတဲ့ ထောက်ပံ့ခံတွေကို အိမ်တိုင်ရာရောက် ပစ္စည်းတွေလိုက်ဝေရတဲ့အခါ ကိုယ့်ကားကိုယ်ပဲသုံးတယ်ဆိုရင် ဆီစိုက်ရတယ်။ ပစ္စည်းတွေဝေရင်းနဲ့ အချိန်နှောင်းသွားတဲ့အခါ လမ်းမှာ ဗိုက်ဆာရင် ကိုယ့်စရိတ်နဲ့ကိုယ်ပဲ ဝယ်စားကြတယ်။ ဒါပေမဲ့လဲ ဒီ စိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့ဝင်တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်။ ပျော်လည်းပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခက်အခဲဖြစ်နေ တဲ့သူတွေကို ကိုယ်ကူညီပေးလိုက်လို့ သူတို့တွေ အဆင်ပြေသွားတာကို ကြည့်ပြီး ကျနော်တို့လဲ ပျော်ရွှင်ရတယ်။ကျနော်တို့အနေနဲ့ ပညာရေး ၊ ကျန်းမာရေး စတဲ့ အခက်အခဲရှိတဲ့မိသားစုတွေကို တနိုင်တပိုင်ကူညီပေးနိုင်တဲ့အခါ ပျော်ရွှင်ရပါတယ် ။ ‘’ ဟု စိန့်ဗင်းဆင်းအဖွဲ့ဝင်တစ်ဦးဖြစ်ရခြင်းအပေါ် ပျော်ရွှင်ဂုဏ်ယူကြောင်းကို RVA ကို ပြောပြခဲ့ပါသည်။

စိန့်ဂျွန်း သာသနာအုပ်စု စိန့်ဗင်းဆင်းဒီပေါလ်အသင်း၏ ထောက်ပံ့ခံ တစ်ဦးကလည်း ‘’ စိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့မှ အခါအားလျော်စွာ လာရောက်ထောက်ပံပေးတဲ့အချိန်တိုင်း ဝမ်းသာမိပါတယ်။ အခုချိန်ခေတ်ကာလအရ အလုပ်အကိုင်တွေက လည်း အဆင်မပြေဘူး။ ဒီလိုအချိန်မှာ လာရောက်ကူညီပေးကြတဲ့အတွက် ကျနော်တို့ မိသားစုအတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။ ‘’ ဟု မိသားစု (၈) ယောက်ရှိသည့် ဦးဟွင်ဂွမ်က RVA ကိုပြောပြခဲ့ပါသည်။

မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့်  စိန့်ဗင်းဆင်းဒီပေါလ် ပြည်တော်ကောင်စီအစည်း အဝေး၌လည်း ဝိညာဉ်လမ်းညွှန်ဘုန်းတော်ကြီး Rev. Fr. John Soe Tint က ‘’ စိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့ဟာ သာမန်ပရဟိတ အဖွဲ့အစည်းမဟုတ်ပါဘူး။ လောကကြီးကို အလှဆင်ပေးနေဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်ုပ်အနေနဲ့ ခံယူထားပါတယ် “ ဟု ပြောကြားခဲ့ပါသေးသည်။ အဆိုပါ ဘုန်းတော်ကြီးသည် စိန့်ဂျွန်းသာသနာအုပ်စု၏ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးလည်းဖြစ်ပါသည်။

ပြင်သစ်နိုင်ငံ စိန့်ဗင်းဆင်းဒီပေါလ်ကောင်စီရုံးချုပ်ရုံး၏ မှတ်တမ်းအရ မြန်မာနိုင်ငံ ရှိ စိန့်ဂျွန်းသာသနာအုပ်စုစိန့်ဗင်းဆင်းဒီပေါလ်အသင်းအဖွဲ့ကိုစတင်တည်ထောင်ခဲ့သည့်နေ့မှာမေလ(၇)၊၁၉၁၁ခုနှစ်ကတည်ထောင်ခဲ့ပြီး၊စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည့်နှစ်မှာ  ဩဂုတ်လ (၁၅) ရက်၊၁၉၁၂ ခုနှစ်က ဖြစ်သည်ဟု သိရပါသည်။ စိန့်ဂျွန်း စိန့်ဗင်းဆင်းဒီပေါလ်အသင်းအနေဖြင့် မုဆိုးဖို၊မုဆိုးမ၊ မိသားစုများပြီး အိမ်ငှားနေရပြီး ဘဝကို ရုန်းကန်နေရသူများ၊ ကျန်းမာရေးချို့တဲ့ကာ သားသမီးကျောထောက် နောက်ခံမရှိသည့် သက်ကြီးရွယ်အိုများ စတဲ့ အချက်အလက်များကို ကြည့်ကာ ထောက်ပံ့ခံအဖြစ် ရွေးချယ်ကာ ထောက်ပံ့ပေး နေခြင်း ဖြစ်ပါသည်။ မန္တလေးစိန့်ဂျွန်းသာသနာအုပ်စု စိန့်ဗင်းဆင်းဒီပေါလ်အဖွဲ့ ဥက္ကဌ မှာ ဒေါ်ဆိုင်းဘူ ၊ အတွင်းရေးမှူး မှာ ဦး ကျော်ကျော်နိုင်ဖြစ်ပြီး အဖွဲ့ဝင် အမှုဆောင် (၇) ဦးဖြင့် စိန့်ဗင်းဆင်းဒီပေါလ်၏  လုပ်ငန်းစဉ်များဖြစ်သည့်ချို့တဲ့နွမ်းပါးသူများ၊ နာမကျန်းဖြစ်နေသူများနှင့် အကူအညီလိုအပ်နေသည့် ညီအစ်ကိုမောင်နှမများကို ကူညီပေးခြင်းအားဖြင့် လှုပ်ရှားမှုများကို ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။

“ သင့်ငွေကို ဘုရားကမလို၊

လိုသည်က ဆင်းရဲသား၊

သင်ကဆင်းရဲသားကို ပေးသည်၊

လက်ခံသူကဘုရားဖြစ်တော်မူသည်။ “

စိန့်ဩဂတ်စတင်း (၃၅၄-၄၃၀)

News by – Pinky

#rvamyanmar #rvapastoralcare #rvamyanmarlocalchurchnews 

 

 

Add new comment

2 + 0 =