နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်နှင့် တည်ထောင်သူ ဆရာတော်ပေါလ် ဇိန်ထုံးဂရောင် အတွက်အောက်မေ့သတိရဆုတောင်းပွဲ

နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်နှင့် တည်ထောင်သူ ဆရာတော်ပေါလ် ဇိန်ထုံးဂရောင် အတွက်အောက်မေ့သတိရဆုတောင်းပွဲ

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ နှလုံးဖောင်ဒေးရှင်း နှစ်ပတ်လည်နှင့် တည်ထောင်သူ ဆရာတော်ပေါလ် ဇိန်ထုံးဂရောင် အတွက်အောက်မေ့သတိရဆုတောင်းပွဲ ကျင်းခြင်း။

ဒီဇင်ဘာလ၊၉၊၂၀၂၃၊ မန္တလေးမြို့။

မန္တလေးကက်သလစ်သာသနာနှလုံးဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့သော ဆရာတော်ကြီး (Paul Zing Htung Grawng) ၏ဝိညာဉ်အတွက် သတိရဆုတောင်းပေးခြင်းနှင့် နှလုံးဖောင်ဒေးရှင်းနှစ်ပတ်လည် အခမ်းအနားမစ္ဆားတရားကို  စိန်မိုင်ကယ် ဘုရားကျောင်း၌ (၉.၁၂.၂၀၂၃ စနေနေ့) မနက် ၈းဝဝ တွင် မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး မာကုတင်ဝင်းမှ ဉီးဆောင်ကျင်းပခဲ့ပါသည်။

မစ္ဆားတရားတော်မြတ်၌ ဂိုဏ်းချုပ်ဆရာတော်ကြီးမှ ဩဝါဒမြွတ်ကြားရာတွင် ‘’ဆရာတော်ကြီးပေါလ်ဇိန်ထုံးဂရောင် သည် နှလုံးရောဂါဝေဒနာကို ခံစားနေရတဲ့ချိန် ဆေးကုသဖို့ နိုင်ငံခြားမှာ သွားရောက်ကုသရပြီးအခက်အခဲ အမျိုးမျိုး ကြုံခဲ့ရတယ်။ ဒီလို စင်ကာပူမှာ နှလုံးရောဂါကူသမှုခံယူနေစဉ် စင်ကာပူမှာရောက်နေတဲ့ ကချင်ကက်သလစ်မိသားစု များမှ ဆရာတော်ကြီးကို လာရောက်တွေ့ဆုံတယ်၊ ဆေးကုသစရိတ်ကိုလည်း သူတို့တတ်နိုင်သလောက် ပါဝင်ကူညီလှူဒါန်းခဲ့ကြတယ်။  စင်ကာပူမှာ နှစ်လနီးပါးကြာကုသမှုခံယူပြီးမှ မြန်မာပြည် မန္တလေးမြို့ကို ပြန်ရောက်လာတယ်။ မန္တလေးပြန်ရောက်ပြီး စင်ကာပူက ကချင်ကက်သလစ်ဘာသာဝင်များ လှူဒါန်းလိုက်သည့် ပိုက်ဆံနှင့် မန္တလေးက ကချင်မိသားစုများ၊ မန္တလေးသာသနာမှ ဘာသာဝင်များလှူဒါန်းသည့်ငွေများကိုစုပြီး နောက်ဆုံးဆရာတော်ကြီးက ကျွန်ုပ်တို့ကိုခေါ်ဆွေးနွေးပြီး မန္တလေးသာသနာအတွက် သူ့လိုနှလုံးဝေဒနာခံစားနေရတဲ့ လူတွေကို ကူညီဖို့ သူ့ဆေးကုသဖို့လှူထားတဲ့ ပိုက်ဆံကို သူကိုယ်တိုင်မတည်ပြီး ဒီနှလုံးဖောင်ဒေးရှင်းကိုတည်ထောင် ခဲ့တယ်။

ယနေ့ချိန်မှာဆိုရင် ဆရာတော်ကြီး စတင်တည်ထောင်ခဲ့တဲ့ ဒီနှလုံးဖောင်ဒေးရှင်းအဖွဲ့အစည်းကနေ မန္တလေးဂိုဏ်းချုပ်သာသနာ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ နှလုံးရောဂါခံစားနေရပြီး ငွေကြေး မတတ်နိုင်တဲ့ ဘာသာဝင်အများအပြားကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ဒီအဖွဲ့အစည်းပါ ပါဝင်ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေ ၊ အသင်းအဖွဲ့ဝင်တွေ၊ ဘာသာဝင်တွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။”ဟုဆိုကာ ဆရာတော်ကြီးမာကုတင်ဝင်းမှ ပျံလွန်သွားပြီးဖြစ်သော ဆရာကတော်ပေါလ်၏ လေးစားအတုယူစရာကောင်းသော လုပ်ဆောင်ခဲ့မှုများကိုပြန်လည်ဝေမျှပေးခဲ့ပါသည်။

မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာသနာ နှလုံးဖောင်ဒေးရှင်း စတင်ပေါ်ပေါက်လာခြင်းမှာ ပျံလွန်တော်မူသွားပြီ ဖြစ်သော မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုံးဂရောင်က သူ့ရဲ့နှလုံးဝေဒနာ ခံစားနေရတဲ့အချိန်မှာ ဘာသာတူမိသားစုတွေက မိမိကိုဆေးကုသဖို့ အတွက် လှူဒါန်းလိုက်တဲ့ အလှူငွေတွေထဲက တစ်ချို့တစ်ဝက်ကို မိမိလိုနှလုံးဝေဒနာ ခံစားနေရတဲ့သူတွေကို ကူညီဖို့  (ဇွန်လ၊ ၂၇၊ ၂၀၁၄)ရက်နေ့ ရွှေနှလုံးတော် ပွဲနေ့မှာပဲ မတည်ငွေအဖြစ် ပြန်လည်လှူဒါန်းပြီးတော့ နှလုံးဖောင်ဒေးရှင်း အဖြစ်စတင်တည်ထောင်ပေးခဲ့ပါသည်။ နှလုံးဖောင်ဒေးရှင်းတွင် ဘုန်းတော်ကြီးများ၊ သာသနာ့အမှုဆောင်လူကြီးများက ဆက်လက်ဉီးဆောင်ပြီး ယနေ့ချိန်ထိ အဖွဲ့အစည်း၏ ကူညီမှုများဖြင့် ဆက်လက်လုပ်ဆောင်နေပါသည်။ ၂၀၂၀ခုနှစ်မှစတင်ကာ နှလုံးဖောင်ဒေးရှင်းကို Fr. Augustine Win Myint မှဆက်လက်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အခက်အခဲအများကြီးရှိပေမဲ့ ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ကျော်လွှားနိုင်ခဲ့ပါသည်။

နှလုံးဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ ငွေကြေးမတတ်နိုင်သော နှလုံးရောဂါဝေဒနာရှင်များအား ဆေးဝါကုသနိုင်ရေးအတွက် အတတ်နိုင်ဆုံးကူညီပေးဖို့နှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများကို မကြာခဏကျင်းပပေးဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ နှလုံးဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ခြင်းဖြစ်သည်။

နှလုံးဖောင်ဒေးရှင်းသို့ အကူအညီတောင်းခံလိုပါက မန္တလေးကက်သလစ်သာသနာ လူမှုဖွံ့ဖြိုးရေးရုံးသို့ ဆက်သွယ်၍ လျှောက်လွှာယူ နိုင်ပါသည်။

ထို့နောက် အမှန်တကယ် လိုအပ်သူဖြစ်ကြောင်း ကျောင်းထိုင်ဘုန်းတော်ကြီးထံမှ ထောက်ခံချက်ယူပြီး နှလုံးရောဂါရှိကြောင်းသက်ဆိုင်ရာ ဆရာဝန်ဆေးစာယူရပါမည်။ အကူအညီတောင်းခံသောသူသည် အနည်းဆုံးနှစ်ပတ်တာ အချိန်အတွင်း ဆရာဝန်နှင့် ပြသထားသူဖြစ်ရမည်။ လူနာအတွက်ကုန်ကျစရိတ်မည်မျှကူညီမည်ကို ကော်မတီမှဆုံးဖြတ်ပါသည်။ ဆေးဝါးများကိုလည်းဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း သာဝယ်ပေးပါသည်။ ခွဲစိတ်ကုသဖို့လိုအပ်တဲ့လူနာများကို တာဝန်ခံဝန်ထမ်းများမှ လိုက်လံဆောင်ရွက်ပေးပါသည်။ မည်သူတစ်ဉီးတစ်ယောက်လက်ထဲကိုမျှ ငွေကြေးထည့်ပေးကူညီတာမလုပ်ပါ။ နှလုံးရောဂါသည်များကို လစဉ်ဆေးဝါးများထောက်ပံ့ပေးနေပါသည်။ နှလုံးဝေဒနာရှင်များကို ခွဲစိတ်ကုသဖို့ အတွက် အတိုင်းအတာတစ်ခုထိတော့ ငွေကြေးထောက်ပံ့ပေါသည်။ ခွဲစိတ်ကုသဖို့အတွက်အလှူရှင်များကိုလည်း ရှာပေးပြီး ဆေးရုံသွားရောက်ဖို့အကူအညီလိုအပ်နေသူများကိုလည်း အဖွဲ့အစည်းအနေဖြင့် ကူညီပေးလျက်ရှိပါသည်။

 

Add new comment

5 + 9 =