နီဂါရာဂွာမှကက်သလစ်ဆရာတော် Rolando Alvarez လူ့အခွင့်အရေးဆုအတွက် ဥရောပပါလီမန်၌အဆိုတင်သွင်းခံထားရ

နီဂါရာဂွာမှကက်သလစ်ဆရာတော် Rolando Alvarez လူ့အခွင့်အရေးဆုအတွက် ဥရောပပါလီမန်၌အဆိုတင်သွင်းခံထားရ

ဆရာတော် Rolando Alvarez သည် Sakharov ဆုအတွက်အမည်တင်သွင်းခံထားရသည်။ ဤဆုကိုကက်သလစ်ဆရာတော်ဖြစ်နေသောကြောင့်ချီးမြှင့်ရန်အဆိုတင်သွင်းခြင်းလုံး၀မဟုတ်။ လူ့အခွင့်အရေးကိုကာကွယ်ရန်နှင့်လွတ်လပ်မှုအတွက် မိမိ၏အသက်ကိုပင်မငဲ့ဘဲတက်ကြွစွာရပ်တည်လုပ်ဆောင်သောသူများအားချီးမြှင့်လေ့ရှိသောဆုဖြစ်သည်။

ဥရောပပါလီမန်သည် (၂၀၂၃) ခုနှစ်အတွက်ဆုချီးမြှင့်သင့်သောသူများစာရင်း၌ နီဂါရာဂွာသမ္မတ Ortega ၏ ‘နိုင်ငံ့သစ္စာဖောက်’ ဟုမတရားစွပ်စွဲချက်ဖြင့်ဖမ်းဆီးထောင်ချ ခံထားရသော နီဂါရာဂွာနိုင်ငံမှကက်သလစ်ဆရာတော် Rolando Álvarez အားလည်းအဆိုတင်သွင်းထားသည်။

ဤဆုအတွက် အမည်စာရင်းများကို စက်တင်ဘာလ (၂၀) ရက်နေ့က ဆုရွေးချယ်ရေးအဖွဲ့ထံသို့တင်သွင်းခဲ့သည်။ ဆုရသူများအားစီစစ်ရွေးချယ်ရာတွင် ဥရောပပါလီမန် (MEPs) မှအဖွဲ့၀င်အနည်းဆုံး (၄၀) ဦးမှစီစစ်ရွေးချယ်လေ့ရှိသည်။ နီဂါရာဂွာဆရာတော်အား အဆိုတင်သွင်းရာတွင် (MEPs) အဖွဲ့မှအဖွဲ့၀င် (၄၃) ဦးတို့သည် ဆရာတော် Álvarez နှင့်နီဂါရာဂွာလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ Vilma Núñez de Escorcia တို့အားတစ်ခဲနက်ထောက်ခဲ့ကြသည်။

Vilma Núñez de Escorcia သည် နီဂါရာဂွာနိုင်ငံ၏လူ့အခွင့်အရေးအတွက် ဆယ်စုနှစ်များချီ၍ တိုက်ပွဲ၀င်နေခဲ့သောအမျိုးသမီးဖြစ်သည်။ ဖမ်းဆီးမှု၊ ထိန်းသိမ်းခံရမှု၊ ဖိနှိပ်မှုများစွာကိုကြုံရသော်လည်းသူသည်နိုင်ငံမှထွက်ခွာခြင်းမပြုဘဲဆက်လက်၍နေထိုင်တိုက်ပွဲ၀င်နေသူအာဂအမျိုးသမီးတစ်ဦးဖြစ်သည်။

ဆရာတော် Álvarez သည် Matagalpa ၏ဂိုဏ်းအုပ်သာသနာပိုင်ဖြစ်သည်။ သူသည်လက်ရှိ နီဂါရာဂွာ၏အာဏာရှင်အစိုးရဖြစ်သော သမ္မတ Daniel Ortega ၏တရားဥပဒေမဲ့အုပ်ချုပ်မှုစနစ်ကိုပြင်းပြင်း ထန်ထန်၊ ပွင့်ပွင့်လင်းလင်း‌ ဝေဖန်ထောက်ပြနေသောကက်သလစ်ဆရာတော်တစ်ပါးဖြစ်သည်။ သူသည် (၂၀၂၃ ဖေဖော်၀ါရီ) ၌နိုင်ငံမှထွက်ခွာလိုကထွက်ခွာနိုင်ကြောင်း၊ မထွက်ခွာပါကနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံ ရမည်ဖြစ်ကြောင်း ရွေးချယ်ခွင့်ပေးခဲ့သော်လည်း ကောင်းသောသိုးထိန်းဖြစ်၍ နိုင်ငံနှင့်သူ၏သိုးများကိုချန်လပ်မထားဘဲ နှစ်ရှည်ထောင်ဒဏ် (၂၆) နှစ်ချမှတ်ခြင်းခံထားရသောကက်သလစ်ဆရာတော်ကြီးတစ်ပါးဖြစ် သည်။

အခြားသောအမည်တင်သွင်းထားခြင်းခံထားရသူများမှာ လုပ်ငန်းရှင်တစ်ဦးဖြစ်သော Elon Musk၊ အာဖန်ဂန်နစ္စတန်မှပညာရေးအခွင့်အရေးအတွက်လှုပ်ရှားနေကြသော Marzia Amiri၊ Parasto Hakim၊ Matiullah Wesa နှင့်ဂျော်ဂျီယာနိုင်ငံမှအမှန်တရားဖော်ထုတ်သည့်ပြည်သူ့အင်အားစုအဖွဲ့၀င် Nino Lomjaria တို့ဖြစ်ကြသည်။

ယခုဆုကို (၁၉၈၈) ခုနှစ်မှစ၍ နိုင်ငံနှင့်နိုင်ငံသားများ၏လွတ်လပ်မှုအတွက်တိုက်ပွဲ၀င်နေကြသူများ အားနှစ်စဉ်ချီးမြှင့်လာခဲ့သောဆုဖြစ်သည်။ ဆုကိုတစ်သီးပုဂ္ဂလိကအဖြစ်လည်းကောင်း၊ အစုအဖွဲ့နှင့်လည်းကောင်း လူ့အခွင့်အရေးကိုကာကွယ်တိုက်ပွဲ၀င်သောသူများအားချီးမြှင့်လေ့ရှိသည်။ ဤဆုသည် ငွေသား ယူရို (၅၀၀၀၀) (ယူအက်စ်ဒေါ်လာ ၅၃၀၀၀) ရရှိမည်ဖြစ်သည်။

ဥရောပပါလီမန်လူမှုကွန်ရက်စာမျက်နှာ၌ဖော်ပြထားချက်အရ ဤဆုကိုစတင်ခဲ့သူမှာ Andrei Sakharov ဖြစ်ပြီး သူသည် ဆိုဗီယက်ပြည်ထောင်စု၏အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ (၁၉၇၀) ၌သူသည် လူ့အခွင့်အရေးကိုကာကွယ်ရန်နှင့်မတရားသဖြင့်နိုင်ငံဥပဒေဖောက်ဖျက်မှုများကိုခံရပြီး ဖမ်းဆီးထိန်သိမ်းခံနိုင်ငံသားများအားကာကွယ်ရန်ရည်ရွယ်၍ကော်မတီတစ်ခုကိုဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် အာဏာရှင်အကြမ်းဖက်အစိုးရ၏ဥပဒေမဲ့လုပ်ရပ်များကိုအတိုက်အခံလုပ်၍ဖော်ထုတ်ပြောဆိုသောလွန်စွာရဲရင့်သည့်အဖွဲ့ဖြစ်လာသည်။ (၁၉၈၀) ခုနှစ်၌သူသည်ဖမ်းဆီးခံလိုက်ရပြီး နိုင်ငံမှနင်ထုတ်ခံခဲ့ရသူဖြစ်သည်ဟုဖော်ပြထားသည်။

ဤဆုအတွက်နောက်ဆုံးဆန်ကာတင်ရွေးချယ်ခံရသူ (၃) ဦးကို အောက်တိုဘာ (၁၂) ရက်နေ့၌ ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ အောက်တိုဘာ (၁၉) ရက်နေ့၌ ဆုရသူ၏အမည်ကိုပါလီမန်နှင့်နိုင်ငံရေး ခေါင်းဆောင်တို့ဖြင့်ဖွဲ့စည်းထားသောအဖွဲ့အစည်းမှဆုံးဖြတ်၍ကြေညာမည်ဖြစ်သည်။ ဆုချီးမြှင့်ခြင်းအခမ်း အနားကိုမူ ဒီဇင်ဘာလ (၁၃) ရက်နေ့၌ ပြင်သစ်နိုင်ငံ၊ Strasbourg ၌ကျင်းပသွားမည်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/Xzmd

Add new comment

1 + 0 =