ဒုက္ခများနှင့်ရုန်းကန်နေရတဲ့အချိန်ဖြစ်တဲ့အတွက် Spiritual Restaurant တစ်ခုကိုဖန်တီးပေးသည့်အနေဖြင့် သုံးရက်တာဝတ်စောင့်ပွဲပြုလုပ်

ဒုက္ခများနှင့်ရုန်းကန်နေရတဲ့အချိန်ဖြစ်တဲ့အတွက် Spiritual Restaurant တစ်ခုကိုဖန်တီးပေးသည့်အနေဖြင့် သုံးရက်တာဝတ်စောင့်ပွဲပြုလုပ်

ဒုက္ခများနှင့်ရုန်းကန်နေရတဲ့အချိန်ဖြစ်တဲ့အတွက် Spiritual Restaurant တစ်ခုကိုဖန်တီးပေးသည့်အနေဖြင့် သုံးရက်တာဝတ်စောင့်ပွဲပြုလုပ်။

(၁၅.၄.၂၀၂၂) RVA Myanmar

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိရွှေပြည်သာ ၊ စိန့်ဂျဲမားဂါလ်ဂါနီ ကက်သလစ်သာသနာအုပ်စုမှ ဘာသာဝင်များအား ကျောင်းထိုင်ဘုန်းတော်ကြီး ဦးဆောင်၍ သန့်ရှင်းသော ရက်သတ္တပတ်အတွင်း (၃) ရက်တာ ဝတ်စောင့်ခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။ ဝတ်စောင့်ပွဲကို ဧပြီလ (၁၃-၁၅) ရက်နေ့ထိ နေ့စဉ် နံနက်(၇) နာရီမှ ညနေ (၅း၀၀) နာရီ ထိ လုပ်ဆောင်ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါအခြေအနေအရ ဘုရားကျောင်းများ၌ လူထုနှင့် မစ္ဆားပူဇော်ခြင်းများကို နှစ်နှစ်တာ နီးပါး ပိတ်ထားခဲ့ရကာ အွန်းလိုင်းမှသာ ဝတ်ပြုကိုးကွယ်ခြင်းများကို လုပ်ဆောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ ယခုကဲ့သို့ လူစုလူဝေးများနှင့် ဘုရားကျောင်းတွင် ဝတ်စောင့်ပွဲ လုပ်ဆောင်ခဲ့ခြင်းရည်ရွယ်ချက်ကို RVA မှ မေးမြန်းခဲ့ရာ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Paul Aung Myint Win O.P က 
‘’ ဝတ်စောင့်ပွဲ လုပ်ဖြစ်တာကတော့ ကျွန်ုပ်တို့ကက်သလစ်ဘာသာဝင်တွေအနေဖြင့် ကိုဗစ်ကာလအချိန်မှစပြီး နိုင်ငံရေးပဠိပက္ခတွေနဲ့ လူစုလူဝေး မပြုရတာ ကြာမြင့်လာတာကြောင့်၊ ဒုက္ခတွေနဲ့ ရုန်းကန်ရတာတွေကြောင့် ဘဝဟာ ပိုပြီး ဝန်လေးနေကြတယ်။ ပိုပြီး ပင်ပမ်းနေကြရတယ်။ ဒီလိုအချိန် ဒီလိုအခြေနေမျိုးမှာ ဝိညာဥ်ရေး လိုအပ်မှုဟာလည်း အင်မတန်မှ မြင့်မားနေတယ်။ ဒါ့ကြောင့် အခြေနေ အချိန်ခါ ပေးတုန်းလေးမှာ ဝိညာဥ်ခွန်အား၊ စိတ်ဓာတ်ခွန်အားတွေ ရစေချင်တဲ့ရည်ရွယ်ချက်နဲ့၊ သူတို့တတွေအတွက် Spiritual Restaurant တစ်ခု ဖန်တီးပေးချင်တဲ့အတွက် ဒီ ၃ ရက်တာ ဝတ်စောင့်ခြင်းကို စီစဥ်ဖြစ်တာပါ။

Restaurant ဆိုတာ to restore စကားလုံးရဲ့အဓိပ္ပါယ်အတိုင်း အားအင်တွေ ပြန်လည်ဖြည့်ဆည်းတဲ့နေရာလို့ ဆိုနိုင်ပါတယ်။ Spiritual Restaurant ဆိုတော့ ဝိညာဥ်ခွန်အား၊ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ဖြည့်ဆည်းတဲ့နေရာတစ်ခုပေါ့။ ‘’ ဟု ဆိုကာ ဘာသာတူများအား ဝိညာဉ်ခွန်အားများပေးရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်ဖြစ်ခဲ့ပုံကို RVA သို့ ပြောပြခဲ့ပါတယ်။

ဝတ်စောင့်တွင်ပါဝင်သူ ခဲ့သူတစ်ဦးဖြစ်သည့် ဂလိုရီယာဆည်းဆာမှလည်း ‘’ဝတ်စောင့်ခြင်းမှာပါဝင်ခြင်းအားဖြင့် မိမိရဲ့ယုံကြည်ခြင်းတွေကို ပြန်လည်ဆန်းစစ်ခွင့်ရတယ် အသင်းတော်ဆိုင်ရာ ဓလေ့ထုံးတမ်းတွေ တစ်ချို့သိရှိခွင့်ရတယ်။ ပါစကားပွဲတော်ကျင်းပရန် ပြင်ဆင်နေတဲ့အချိန်ကာလမို့ ဝိညာဉ်ရေးဆိုင်ရာ အထူးသဖြင့် သန့်ရှင်းမြင့်မြတ်ဖို့ ပြင်ဆင်ခြင်းတွေ ပြုလုပ်ခွင့်ရတယ် အတူတကွ ဘာသာတူအချင်းချင်း တွေ့ဆုံရတဲ့အချိန်မို့ ခင်မင်ရင်းနှီးမှုတွေရရှိတယ် ဝတ်စောင့်ခြင်းမှာပါဝင်ရတဲ့အတွက် နှုတ်ကပါတ်တော်သိရှိမှု အားနည်းနေကြောင်း ကိုယ့်ကိုကိုယ် သိမြင်ခွင့်ရခဲ့တယ် နှုတ်ကပါတ်တော်ကို ပို၍ လေ့လာရမယ်ဆိုတဲ့ အသိတရားရလာတယ်။ ခရစ်ယာန်ပီသစွာ နေထိုင်ကျင့်ကြံရမယ်ဆိုတဲ့ အတွေးအသိတွေရခဲ့တယ်။ အတူတကွမေးမြန်းခြင်းအားဖြင့် မသိတဲ့အရာတွေ အရင်ကထက် ပိုသိလာတယ် တစ်မျိုးလေးပျော်ရွှင်မှုရတယ်။” ဟု သူမက ဝတ်စောင့်ပွဲတွင်ပါဝင်ခြင်းအားဖြင့် အသက်တာ ပြောင်းလာပုံကို RVA သို့ ပြောပြခဲ့ပါတယ်။
ဆက်လက်ပြီး ဝတ်စောင့်ပွဲတွင် ပါဝင်သူ နောက်တစ်ဦးဖြစ်တဲ့ မရှယ်လီမာဂရက် ကလည်း ‘’ ဝတ်စောင့်ခြင်းမှာ ပါဝင်ခြင်းအားဖြင့် ပြင်ဆင်ထားတဲ့အချိန်ဇယားတွေနဲ့ အတူ ပို့ချခြင်းတွေဖြင့် မိမိမသိသေးသောအရာတွေကို သိခဲ့ရတယ်။ မှားယွင်းမှုတွေ နဲ့အားနည်းချက်တွေကို သိမြင်ခွင့်ရခဲ့တယ်။ တိတ်ဆိတ်ငြိမ်သတ်ခြင်းတွေ၌ ပြုပြင်ခွင့်ရတယ်။ အာပတ်ဖြေခြင်း အချိန်တွေမှာ မိမိအပြစ်တွေဝန်ချခြင်းဖြင့် သန့်ရှင်းမှုနဲ့ ပေါ့ပါးမှုကိုရခဲ့တယ်။ ကိုယ်တော်မြတ် ဖူးမျှော်ခြင်းအားဖြင့် ဘုရား၌ပေါင်းစပ်ခွင့်ရတယ်။ မစ္ဆားပါဝင်ခြင်းဖြင့် ၎င်း၊ စိတ်ပုတီး အတူတကွ စိပ်ခြင်း၊ စုပေါင်းပြင်ဆင်ခြင်း၊ အတူတကွ စားသောက်ခြင်းများ၊ အတူတူမေးမြန်းမျှဝေခြင်းတွေအားဖြင့်  ရင်နှီးမှုများကိုရခဲ့ကြတယ်။ ဒါကြောင့် ဝတ်စောင့်ခြင်းက ကျွန်မအတွက်ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်နိုင်ခြင်း ဘုရားနဲ့အချိန်ပေးနိုင်ခြင်း အခွင့်အရေးတွေရတယ်။  လောကအတွက် လုံးပန်းအသက်ရှင်ရင်း ဘုရားကိုမေ့ထားမိတဲ့အသတ်တာမှာ ဘုရားနဲ့အချိန်ယူ ပြီး ဝိညာဥ်ရေး မှာ ခွန်အားဖြည့်ဖို့ လိုအပ်နေတယ်ဆိုတဲ့အသိနဲ့ နေစဥ် ဘုရားကို အချိန်ပေးမယ် ဆိုတဲ့ သိန္ဒိဠာန်ကိုချနိုင်ခဲ့တယ်။ “ ဟု  RVA ကို သူမ၏ အသက်တာပြောင်းလဲမှုရရှိခဲ့ပုံကို ပြောပြခဲ့ပါတယ်။

‘’ဝတ်စောင့်ပွဲ၌ သန့်ရှင်းသော ဝိညာဥ်တော်ဘုရားဖိတ်ခေါ်ခြင်း၊ တရားပို့ချဝေမျှခြင်း၊ အာပတ်ဖြေနားထောင်ပေးခြင်း၊ တရားမှတ်ခြင်း၊ နံနက်မေတ္တာနှင့် အန်ဂျေလူးမေတ္တာအား အတူတကွ သီဆိုဆုတောင်းခြင်း၊ တရားဓမ္မပြန်လည် ဆွေးနွေခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်။

 ကြာသပတေးနေ့ကြီးမှာ ခြေဆေးခြင်းမင်္ဂလာနှင့် နောက်ဆုံးည စာစား ပွဲတော် ကြီးကိုလည်း အတူတကွ ကျင်းပဖြစ်ခဲ့ကြတယ်။ သောကြာနေ့ကြီးမှာတော့ ခရစ်တော်ရဲ့ ဒုက္ခစရိယာ ကားတိုင်လှည့်ခြင်း၊ ကားတိုင်ဖူးမျှော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြတယ်။ ပါစကားပွဲတော်ကြီး၏ အထွဋ်အထိပ် နေ့ကြီး ရက်ကြီး များဖြစ်တဲ့အတွက် ခရစ်တော်ရဲ့ ပါစကားနက်နဲဖွယ်ရာများကိုလည်း ထောက်ရှု့ကြခဲ့ကြတယ် “ လို့ ဝတ်စောင့်ပွဲကိုဦးဆောင်သူ Fr. Paul Aung Myint Win O.P က RVA သို့ပြောပြခဲ့ပါတယ်။

ဝတ်စောင့်ပွဲကို ဗုဒ္ဓဟူးနေ့ကြီး-ကြာသပတေးနေ့ကြီး-သောကြာနေ့ကြီး (၃) ရက် ပြုလုပ်ခဲ့ကြပြီး ဒိုမီနီကန်အသင်းဂိုဏ်းဝင် ဘုန်တော်ကြီးများဖြစ်သည့်  Fr. Alphonso BoBo O.P, Fr. Joseph Pakhu O.P, နှင့် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Paul Aung Myint Win O.P တို့မှ ပို့ချပေးခဲ့ကြတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် နှစ်စဉ် သင်္ကြန်ကာလ ကြရောက်တိုင်း သာသနာအသီးသီးရှိ ကော်မရှင်အသီးသီးက သင်တန်းများ၊ ဝတ်စောင့်ခြင်းများကို သာသနာလုံးဆိုင်ရာ အလိုက် ပြုလုပ်လေ့ရှိကြပြီး ကိုဗစ်ကပ်ရောဂါနှင့် တိုင်းပြည်အခြေအနေကြောင့် နှစ်နှစ်တာ မလုပ်ဆောင်နိုင်ခဲ့ရာမှ ယခုနှစ်တွင် မိမိတို့ သာသနာအုပ်စုငယ်အလိုက်  အကျဉ်းချုံးနှင့်လူအနည်းစုံဖြင့် မိမိတို့အုပ်စုအတွင်းမှ ဘာသာတူသားသမီးများ ဝိညာဉ်ခွန်အား တိုးတတ်စေရန်အတွက် ကျောင်းထိုင်ဘုန်းတော်ကြီးများက စီစဉ်လုပ်ဆောင်ပေးနေကြခြင်းဖြစ်ပါသည်။
News by – Pinky
#rvamyanmar #rvapastoralcare #LocalNews #Retreat #ArchdioceseofYangon

Add new comment

8 + 1 =