တတိယအကြိမ်မြောက်ကျင်းပမည့် ရန်ကုန်မြို့ပြ ခရစ္စမတ် ပွဲတော်

တတိယအကြိမ်မြောက်ကျင်းပမည့် ရန်ကုန်မြို့ပြ ခရစ္စမတ် ပွဲတော်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ အသင်းတော်များမှ ကြီးမှုး၍  တတိယအကြိမ်မြောက် ကျင်းပမည့်  ရန်ကုန်မြို့ပြခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလ ( ၂၃ ) ရက်နေ့မှ (၂၅) ရက်နေ့ထိ ရန်ကုန်မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါ မြို့ပြခရစ္စမတ်ပွဲတော်အတွက် ရန်ကုန်ဂိုဏ်းချုပ်သာသနာ စိန်မေရီကက်သီဒြယ်၌ နို၀င်ဘာလ(၃) ရက်နေ့နှင့် နို၀င်ဘာလ(၁၇) ရက်နေ့များက ပွဲတော်ဖြစ်မြောက်ရေးအတွက် အစည်းအဝေးများလုပ်ဆောင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌမှ ဘာသာတူများအားလုံးပါ၀င်ပေးကြရန်  ဖိတ်ခေါ်ထားပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်မြန်မာပြည်ကြွရောက်လာသည့် ခရီးစဉ်အောင်မြင်သည့်အထိမ်းအမှတ် အနေဖြင့် ရန်ကုန်မြို့ပြခရစ္စမတ်ပွဲတော်ကျင်းပရန်အတွက် ရန်ကုန်တို်င်းဒေသကြီးအစိုးရဘက်မှ စတင် ကမ်းလှမ်းလာခဲ့ရာမှ အစပြုကျင်းပခဲ့သည်ဟု ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဂျိုးဇက်မောင်ဝင်းက အင်တာဗျူးတွင် ဖြေကြားခဲ့ပါသည်။

ပွဲတော်ကြီး၌ ဖျော်ဖြေရေးစင် ရှစ်ခုဆောက်လုပ်သွားမည်ဖြစ်ပြီး စင်မြင့်များကို ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင်လည်းကောင်း၊ ဗို်လ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ စင်ထရယ်ဟိုတယ် နှင့် KFC ရှေ့တွင်လည်းကောင်း၊ ဆာကူရာတာဝါနှင့် ၀ဇီရာ ရုပ်ရှင်ရုံရှေ့တွင်လည်းကောင်း၊ Ruby Mark ရှေ့တွင်လည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ စိန်မေရီ ကက်သီဒြယ် ဘုရားကျောင်းရှေ့တွင်လည်းကောင်း၊ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ဧမာနွေလ ဘုရားကျောင်းရှေ့တွင်လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြိို့နယ်ရှိ သခင်မြပန်းခြံနှင့် အင်းစိန် စော်ဘွားကြီးကုန်းပန်းခြံနေရာအစရှိသည့် ရန်ကုန်မြို့၏ အထင်ကရနေရာများတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း ပွဲတော်ကျင်းပမည့် လမ်းတလျှောက် စတုဒီသာကျွေးမွေးခြင်းများ၊ ခရစ္စမတ်တေးသီချင်းသီဆိုဖျော်ဖြေခြင်း၊ ခရစ္စမတ်အကများနှင့်  နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှုများကို ညနေ (၆းဝဝ) မှ ည (၁၀းဝဝ)နာရီအထိ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ပြ ခရစ္စမတ်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၂၃)ရက်နေ့ ညနေ (၆) နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Holy Trinity ကာသီဒြယ်စင်မြင့်တွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ပိတ်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၂၅) ရက်နေ့ ညပိုင်းတွင် ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ  စိန်မေရီ ကာသီဒြယ် ဘုရားကျောင်း (CBCM) စင်မြင့်တွင် ပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။

Add new comment

9 + 7 =