တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့သော ခရစ်ယာန်သီလရှင်များ၏ စွမ်းဆောင်ချက်များ ဆွေးနွေးခန်းကျင်းပ

တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့သော ခရစ်ယာန်သီလရှင်များ၏ စွမ်းဆောင်ချက်များ ဆွေးနွေးခန်းကျင်းပ

၂၀၂၁ ဇန်နဝါရီ ၁၇-ရက် ည ၇း၀၀-နာရီ အချိန်တွင် ဥပ္ပလဝဏ်အင်စတီကျု၌ Zoom Application အသုံးပြု၍ ဆရာလေး ဒေါ်ကေတုမာလာ၏ ဖိတ်ကြားချက်အရ မြန်မာတစ်ပြည်လုံးဆိုင်ရာ စိန့်ဂျိုးဇက်သီလရှင်အသင်းဂိုဏ်း အကြီးအကဲ ( Provincial) (ငြိမ်း) ဖြစ်သော စစ္စတာရ် ခရစ္စတိုဖာဟောင်ရန် (SJA) က ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်အလွန် ၁၉၆၅-ခုနှစ် မတိုင်မီအထိ ပေါ်ပေါက်ခဲ့ပြီး မြန်မာ့ပညာရေးလောကတွင် ထူးခြားသောအောင်မြင်မှုများရရှိအောင်စွမ်းဆောင်ခဲ့သော ကွန်ဗင့်ကျောင်းတည်ထောင်သူခရစ်ယာန်သီလရှင်များ၏ စွမ်းဆောင်ချက်များကို မေးခွန်း ၇-ခုဖြင့် ဆွေးနွေးမျှဝေပြောကြားခဲ့သည်။ Zoom Account ပေါင်း ၁၂၀-ကျော်မှ သီလရှင်ဆရာလေးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် စစ္စတာရ် ခရစ္စတိုဖာဟောင်ရန် က မိတ်ဆက်စကား ရှေးဦးစွာ ပြောကြားခဲ့ပြီး မေးခွန်း (၁) ကွန်ဗင့်ကျောင်းတွေဆိုတာ ဘယ်လိုကျောင်းမျိုးကို ခေါ်ဆိုသလဲ။ (definition) ကို ဆွေးနွေးရာတွင် ကွန်ဗင့်ဆိုတာ ခရစ်ယာန်သီလရှင်များ တစ်စုတစ်စည်းတည်း စုပေါင်းနေထိုင်သောစနစ်ကို ကျင့်သုံးကာ ပါရမီအမျိုးမျိုးကို ရင့်ကျက်စေရန်လေ့ကျင့်ရာ၊ စိတ်ဓာတ်များကို မြှင့်တင်ရာ၊ မိမိကိုယ်ကိုယ် မေတ္တာ,စေတနာများဖြင့် ပြည့်ဝစေရန် ဖြည့်ကျင့်ရာ နေရာဖြစ်ကြောင်းနှင့် ထိုသီလရှင်ကျောင်းများတွင် လူငယ်ကလေးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီလရှင်များကိုယ်တိုင်သင်ကြားပေးသောကျောင်းများကို ကွန်ဗင့်ကျောင်းဟု ဆိုကြောင်း ရှင်းလင်းပြောကြားသည်။

မေးခွန်း (၂) ကွန်ဗင့်ကျောင်းများ၏ vision, mission အကြောင်းဆွေးနွေးရာတွင် တိုင်းပြည်မှ လူငယ်ကလေးများဖွံ့ဖြိုးတိုးတက်ရန်မှာ မျှော်မှန်းချက်ပန်းတိုင်ဖြစ်ပြီး ထိုပန်းတိုင်အောင်မြင်မှုရရှိရန် ကွန်ဗင့်ကျောင်းအဘက်ဘက်မှ ပြည့်စုံပြည့်ဝအောင် လေ့ကျင့်သင်ကြားပေးထားသော သီလရှင်များက လူငယ်ကလေးများ၏ စာရိတ္တမဏ္ဍိုင်ခိုင်မာစေရေး၊ မှန်ကန်ခြင်း, မြင့်မြတ်ခြင်း, လှပခြင်းဟူသော စိတ်ဓာတ်များကို မြတ်နိုးတန်ဖိုးထား၍ ကျောင်းစည်းကမ်းများကို လိုက်နာနေထိုင်တတ်စေရေးတို့ကို ကိုယ်ကျိုးမဲ့ ပေးဆပ် ဆောင်ရွက်ကြကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မေးခွန်း (၃) ကွန်ဗင့်ကျောင်းတွေမှာ သီလရှင်တွေ ဘယ်လို အခန်းကဏ္ဍများမှ ပါဝင်ဆောင်ရွက်ကြသလဲ။ မေးခွန်းကို ဆွေးနွေးရာတွင် သီလရှင်ကျောင်းဖြစ်သောကြောင့် ကျောင်းအုပ်မှစ၍ သင်ကြားရေး၊ စောင့်ရှောက်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ နေရေးစားရေး၊ ကျောင်းသန့်ရှင်းရေးအထိ အစစ အရာရာ သီလရှင်များသာ ဆောင်ရွက်ကြကြောင်း၊ ကျောင်းရှိသီလရှင်ပေါ်မူတည်၍ အသီးသီး တာဝန်ခွဲဝေယူ စီမံဆောင်ရွက်ကြကြောင်း ပြောကြားသည်။

မေးခွန်း (၄) ကျောင်းဖွဲ့စည်းပုံနှင့် အုပ်ချုပ်စီမံခန့်ခွဲမှုများ ကို ဆွေးနွေးရာတွင် သီလရှင်ကျောင်းအုပ်၊ အတိုင်ပင်ခံ၊ လက်ထောက် စသည် အဆင့်ဆင့် တာဝန်ခွဲဝေယူ၍ သီလရှင်များကိုယ်တိုင် သင်ကြားရေးများပြုလုပ်ကြကြောင်း၊ ပြင်ပ ဆရာ၊ ဆရာမများကိုလည်း သင်တန်းများ ဆွေးနွေးမှုများပြုလုပ်ပေးပြီး ကျောင်းဆရာ၊ ဆရာမများအဖြစ် ခန့်အပ်ကြကြောင်း၊ ကျောင်းတွင်းဆေးခန်းများထားရှိပြီး သီလရှင်သူနာပြုများလည်း ထားရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

မေးခွန်း (၅) စစ္စတာရ်တွေကို သင်ကြားရေးဆရာမတွေ ဖြစ်လာစေရန် ဘယ်လိုလေ့ကျင့်ဆောင်ရွက်ပေးခဲ့ပါသလဲ။ ကို ဆွေးနွေးရာတွင် သီလရှင်မဖြစ်ခင် ပထမဆုံးအနေဖြင့် အတန်းပညာပြီးစီးရမည်ဖြစ်ကြောင်း၊ ထို့နောက်မှ သင်ကြားရေး၊ သူနာပြု၊ လက်မှု စသည့် ဝါသနာပါရာကို ဆက်လက်သင်ကြားပေးကြောင်း၊ သီလရှင်ဖြစ်သင်တန်းကျောင်းတွင် ဆက်ကပ်လိုစိတ်၊ ကိုယ်ကျိုးမဲ့ အများအကျိုးကို ဆောင်ရွက်လိုသော ပြင်းပြသောစိတ်ဓာတ်များ ထားရှိရမည်ကို အဓိကထား လေ့ကျင့်သင်ကြားပေးကြောင်းတို့ကို ပြောကြားသည်။

မေးခွန်း ( ၆) ကွန်ဗင့်ကျောင်းများ အောင်မြင်ရခြင်း၏ အဓိကသော့ချက်က ဘာဖြစ်မလဲ။ ကို ဆွေးနွေးရာတွင် သီလရှင်များရဲ့ ခွန်အားကို အပြည့်အဝအသုံးပြုမှု၊ မှန်ကန်သော စေတနာနှင့် မှန်ကန်သောရည်ရွယ်ချက်ရှိမှု၊ ကျောင်းသားမိဘများနှင့် အမြဲဆက်သွယ်ဆောင်ရွက်မှုနှင့် သာမန်ဆရာမ မဟုတ်သော မေတ္တာတရားကြီးမားသော သီလရှင်ဆရာမများ၏ သင်ကြားပို့ချခဲ့မှုတို့ကြောင့် တန်ပြန်သက်ရောက်မှုအားကောင်းခဲ့ပြီး အောင်မြင်မှုများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မေးခွန်း ( ၇ ) ဘယ်လိုအဖွဲ့အစည်းတွေနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပါသလဲ။ ကို ဆွေးနွေးရာတွင် စိန့်ဂျိုးဇက်အသင်းဂိုဏ်းချုပ်သည် အီတလီနိုင်ငံ ရောမမြို့တွင်တည်ရှိပြီး ဂိုဏ်းချုပ်ဘုန်းတော်ကြီး လက်အောက်တွင် တာဝန်ခံများဖြင့် ချိတ်ဆက်ဆောင်ရွက်ကြရကြောင်း၊ ဘုန်းတော်ကြီးများနှင့် လိုအပ်သည်များတွင် ချိတ်ဆက်ဆောင်ရွက်ရကြောင်းနှင့် အစိုးရပညာရေးဌာနများနှင့်လည်း အမြဲဆက်စပ်ဆောင်ရွက်ကြကြောင်း ပြောကြားခဲ့သည်။

မေးခွန်း ( ၇ ) ခု ဆွေးနွေးမှု အပြီးတွင် ဆွေးနွေးပွဲတက်ရောက်သော သီလရှင်ဆရာလေးများက သိလိုရာများကို ၁-နာရီနီးပါးကြာ မေးမြန်းခဲ့ကြသည်။

နိဂုံးချုပ်အနေဖြင့် “ စစ္စတာရ်နဲ့ ဆွေးနွေးရတာ ဗဟုသုတတွေ အများကြီးရလိုက်ပါတယ်။ မေးခွန်းတွေကိုဖြေကြားရာမှာလည်း စိတ်ကျေနပ်မှု အပြည့်အဝရစေပါတယ်။ မေတ္တာတရားပြည့်ဝတဲ့ စစ္စတာရ်နဲ့ တွေ့ဆုံရတာ အင်မတန်ဝမ်းသာရပါတယ်။ အခွင့်အခါကြုံရင် အပြင်မှာလည်း တွေ့ဆုံဆွေးနွေးမှုတွေ ထပ်လုပ်ချင်ပါသေးတယ်။ ခုလို ည ၁၀-နာရီအထိ ဆွေးနွေးပေးပြီး သိလိုရာတွေကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးခဲ့လို့ အထူးကျေးဇူးတင်ပါတယ်။” ဟု ဆရာလေး ဒေါ်ကေတုမာလာက ပြောကြားခဲ့သည်။

စစ္စတာရ် ခရစ္စတိုဖာ‌ဟောင်ရန်သည် မေရီလန်း၊ ပုသိမ်သာသနာတွင် မွေးဖွားခဲ့ပြီး ၁၉၆၃-ခုတွင် သီလရှင်ပထမသစ္စာပြု၍ ၁၉၇၃-ခုနှစ်တွင် တစ်သက်တာသစ္စာပြုခဲ့သည်။ မြန်မာနိုင်ငံသူတစ်ဦးဖြစ်ပြီး ခရစ်ယာန်သီလရှင် ကျောင်းဆရာမ၊ သီလရှင်သင်တန်းကျောင်းအုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အကြီးအကဲ၊ မနီလာ ဒေသခံကိုယ်စားလှယ် စသော တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုအခါ စမ်းချောင်း စိန့်ဂျိုးဇက်သီလရှင်ကျောင်း၊ မြေနီကုန်း၊ ရန်ကုန်မြို့တွင် နေထိုင်လျက် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဥပ္ပလဝဏ်အယ်ဒီတာအဖွဲ့

Add new comment

7 + 2 =