ဆရာတော်ဘိသိတ်မင်္ဂလာတင်ခြင်း

ဆရာတော်ဘိသိတ်မင်္ဂလာတင်ခြင်း

ဆရာတော်ဘိသိတ်မင်္ဂလာတင်ခြင်း။

(24.4.2022) RVA Myanmar

24.4.2022 ရက်နေ့ ၊နံနက်(7:00)နာရီက မော်လမြိုင်မြို့၊ သန့်ရှင်းသောအိမ်ထောင်စု ဘုရားကျောင်း၌ မော်လမြိုင် ကက်သလစ်ဂိုဏ်းအုပ်သာသနာဆရာတော်ရေမွန်စောဖိုးရေး၏အရိုက်အရာကိုဆက်ခံမည့်မွန်ဆီညော်မောရစ်ညွန့်ဝေအား ဆရာတော် ဘိသိတမင်္ဂလာတင်ခြင်း မစ္ဆားတရားတော်မြတ်ကိုကျင်းပပူဇော်ခဲ့ပါသည်။ 
မစ္ဆားတရား၌ ကာဒီနယ်ချာလ်းစ်ဘိုမှ ဩဝါဒတရားရေအေးတိုက်ကျွေးရာ၌ “ဆရာတော်ဆိုတာ သိုးတွေနဲ့သွားရုံမက သိုးစုနဲ့ကပ်ပြီးပြန်လာရမယ်လို့ ရဟန်းမင်းကြီးဘနက်ဒစ်က ကွက်ကွက်ကွင်းကွင်းပြောထားပါတယ်။ 
ဆရာတော်တစ်ပါးရဲ့ အမှုထမ်းဆောင်ဖို့ဟာ လူ့ဇာတိကိုယူဆောင်ခဲ့တဲ့ ခရစ်တော်ဘုရားရဲ့ဦးဆောင်မှုပါဘဲ။
ဆရာတော်ဟာ သိုးထိန်းကောင်းလို မိမိဩဇာအာဏာကို ဗလာဖြစ်အောင် သွန်ချလိုက်ပြီးတဲ့နောက်၊မိမိသိုးများ​​ဖြစ်
တဲ့ ရိုးစင်တဲ့လူတွေနဲ့ တူလာပါတယ်။ ဒီလိုသွန်မှောက်လိုက်ခြင်း ဗလာဟင်းလင်းဖြစ်စေဆိုတာမရှိရင် ရှင်ပေါလူးပြောသလို ဆရာတော်ဟာ ရိုးရိုးတာဝန်ကျေအောင်ပဲလုပ်တဲ့ ဝန်ထမ်းတစ်ယောက်သာဖြစ်ပါလိမ့်မယ်။ ဆရာတော်များဟာ ဘုရားသခင်ပုံစံနဲ့ဘာသာတူလူစုကို ရင်းနှီးစွာနဲ့ ချဉ်းကပ်ပြီးတဲ့နောက် ကရုဏာသိမ်မွေ့မှုနဲ့ ပြောဆိုရမယ်လို့ ပုပ်ရဟန်းမင်းကြီးကဆော်ဩထားပါတယ်။

ဒီနေ့ မြန်မာပြည်မှာရှိတဲ့ဘာသာတူများဟာ သူတို့ရဲ့ဆရာတော်တွေကို ဘုရားထဲမှာခရစ်တော်ကိုယ်ပွား၊ခရစ်တော်ကိုယ်စားလှယ်များကို မြင်ချင်နေကြတယ်။ခရစ်တော်ရဲ့ စကားနဲ့ ခရစ်တာ်ရဲ့ အကျင့်သီလနဲ့ထပ်တူထပ်မျှဖြစ်တဲ့ပုဂ္ဂိုလ်၊ မိမိအသက်ကို မငှဲ့ကွက်ဘဲနဲ့ မိမိလူမျိုးအတွက်ပူဇော်ဖို့ အဆင်သင့်ရှိတဲ့အစေခံခေါင်းဆောင်၊အသီးအနှံများပေါက်လာဖို့ မျိုးစေ့ဖြစ်တဲ့ မိမိကိုယ်ကိုမြေကြီးထဲမှာကျရောက်စေဖို့ ဒီလိုမျိုးပုဂ္ဂိုလ်တွေကို ဆရာတော်ဘုရားရဲ့ဘဝမှာတွေ့ချင်နေကြပါတယ်။

သွန်မှောက်ချလိုက်ပြီးတော့ မြေကြီးထဲမှာ ရောက်ပြီး သေသွားတဲ့မျိုးစေ့ဟာ အသီးအပွင့်အဆတစ်ရာမကပေးပါတယ်။ အပြင်မှာတော့ဗောင်းသရဖူနဲ့ သိုးထိန်းတောင်မွှေးတွေကို ပေးတာမြင်ရပါမယ်။အမှန်တကယ်တော့အပြင်မှ အဆောင်အယောင်ပစ္စည်းများဟာ ပိုလာလေလေ အတွင်းမှာ စွန့်လွှတ်မှုပိုများပြီးတဲ့နောက် များလာပါတယ်။ လူတွေရဲ့ရှေ့မှာအဆင့်မြင့်တက်လေလေ ဘုရားရဲ့ရှေ့မှာ ကိုယ့်ရဲ့ဆင်းရဲမွဲတေမှုကို ပိုမိုသိမှတ်ဝန်ခံရလေဖြစ်ပါတယ်။ဒါဟာဆရာတော်ရဲ့ မမြင်နိုင်တဲ့ တန်ဖိုးအကြီးဆုံးရတနာပါပဲ။ဆရာတော်အတွက် ခရစ်တော်သာလျှင်အစစအရာရာဖြစ်ပါတယ်။ခေါင်းဆောင်တိုင်းမှာ ညဏ်ပညာဆိုတဲ့အကျိုးကျေးဇူးတော်ကိုခံယူရရှိဖို့အရေးကြီးပါတယ်။စော်လမွန်ဘုရင်ကမိမိလူမျိုးကိုအုပ်ချုပ်ဖို့ ၊အကောင်းအဆိုးတို့ကို ပိုင်းခြားသိမြင်ဝေဖန်တတ်တဲ့ နှလုံးသားကို ဘုရားသခင်ဆီကနေတောင်းခံတဲ့အတွက် သခင်ဘုရားဝမ်းမြောက်အားရခြင်းနဲ့ပေးသနားတော်မူပါတယ်။ 

ကျွန်ုပ်တို့လည်းပဲ ဉာဏ်ပညာကျေးဇူးကို ခေါင်းဆောင်များအတွက် တောင်းလျှောက်ကြရမှာပါ။ သာသနာ့ခေါင်းဆောင်များ၊နိုင်ငံခေါင်းဆောင်များဟာ ဉာဏ်ပညာအလင်းကျေးဇူးအထူးလိုအပ်ပါတယ်။ ဒီနေ့ကျွန်ုပ်တို့ဟာ ဆရာတော်ဘုရားရဲ့ အစေခံခြင်းအမှုကို အရင်းခံထားတဲ့ ခေါင်းဆောင်မှုကို ကောင်းသောသိုးထိန်းဖြစ်တဲ့ ခရစ်တော်ဘုရားနဲ့အတူတူ ကိုယ်တော်လျှောက်လှမ်းနိုင်စေဖို့ ဆုတောင်းပေးဖို့၊ စုရုံးလာကြပါတယ်။

မော်လမြိုင်သာသနာအုပ်စုမှာပါဝင်ကြတဲ့ ရဟန်းတော်များအဖွဲ့ကလည်းပဲ သိမ်မွေ့ပြီး ကရုဏာတရားကြီးမားတဲ့သိုးထိန်းကောင်းဆရာတော်အသစ်ကို အားရဝမ်းသာစွာနဲ့လက်ခံကြမယ်ဆိုတာသေချာပါတယ်။ တမန်တော်ကြီးများဟာ အချင်းချင်းမေတ္တာတရားပွားများပြီးတော့စည်းလုံးကြပါတယ်။ ရဟန္တာ အစ်ဂနေးရှပ်စ်က ဘုန်းတော်ကြီးများကို ဘာပြောထားလဲဆိုရင် “ သင်တို့ရဲ့ဆရာတော်ကို ဘယ်အသက်အရွယ်ပဲရှိရှိ ရိုသေကြပါ။သူ့ကိုလည်းပဲ ရဟန်းတော်များအစုအဝေးတိုင်းမှာ ဘုရားသခင်ရဲ့နေရာကိုယူစေပြီး အကြီးအမှူးဖြစ်ပါစေလို့ ’’မှာကြားထားပါတယ်။

တိုင်းပြည်နဲ့အသင်းတော်မှာ စည်းလုံးမှု ၊ နားလည်ပေးတတ်မှုနဲ့၊ကုသခြင်းကိုလိုအပ်ပါတယ် ’’ ဟု 
ဩဝါဒတရားရေအေးကိုတိုက်ကျွေးခဲ့ပြီး မော်လမြိုင်သာသနာအတွက်နှင့်မြန်မာပြည်သာသနာခရီးစဉ်အသစ်မှာငြိမ်းချမ်းရေးနှင့်ရင်ကြားစေ့သင့်မြတ်နိုင်ရေးကျေးဇူးတော်များရရှိစေရန်အတွက် အစီစီမြို့သား ရဟန္တာဖရန်စစ်အစီစီရဲ့မေတ္တာကို ရွတ်ဆိုခဲ့ကြပါသည်။

ဩဝါဒတရားရေအေးကိုတိုက်ကျွေးပြီးသည့်အခါ၌ ဆရာတော်ဘိသိတ်မင်္ဂလာတင်ခြင်းကို ပြုလုပ်ခဲ့ကြပြီးနောက် မွန်ဆီညော်မောရစ်ညွန့်ဝေသည်ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ကာဒီနယ်ချာလ်းဘို၊မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော်ကြီးမာကုတင်ဝင်း၊ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာလက်ထောက်ဆရာတော်ဂျွန်စောယောဟန်တို့လက်တော်မှ ဆရာတော်ဘိသိတ်မင်္ဂလာကိုလက်ခံရရှိခဲ့ပါသည်။

ဆရာတော်ဘိသိတ်မင်္ဂလာတင်ခြင်းအခမ်းအနားပြီးဆုံးသည့်နောက်

 ဆရာတော်ရေမွန်စောဖိုးရေ မှ 

“ လက်ရှိမြန်မာနိုင်ငံအပါအဝင် ရုရှားနိုင်ငံတို့တွင်ဖြစ်ပွားနေသော အရာများဟာ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းဆိုတဲ့အရာအားနည်းနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဆရာတော်အနေနဲ့စဉ်းစားမိကြောင်း၊မြန်မာပြည်ကြီးတွင်လည်းတစ်လုံးတစ်ဝတည်းအားနည်းနေသေးကြောင်း၊တစ်လုံးတစ်ဝတည်းအားနည်းနေသေးသ၍ ကျွန်ုပ်တို့လိုချင်တဲ့ပန်းတိုင်ဟာလည်းဝေးနေဦးမှာဖြစ်ကြောင်း၊သို့ပေမယ့် မရောက်နိုင်ဘူးဆိုတာလဲမဟုတ်ကြောင်း၊ထို့အတွက်ကြောင့် ဆရာတော်သိက္ခာတင်ပွဲ၌ ရောက်ရှိနေကြသောကာဒီနယ်နှင့်တကွ ရဟန်းရှင်လူပြည်သူများအားလုံးကို တစ်လုံးတစ်ဝတည်း၌ လက်တွဲပူးပေါင်း၍ ဘုရားရှင်မေတ္တာတော်၌ ဘုရားတရားရေးရာ၊သဘာဝပတ်ဝန်းကျင်ရေးရာ၊လူမှုရေးကိစ္စများတွင်ပါ အတူတကွလက်တွဲ၍ လျှောက်လှမ်းကြဖို့ရန်အတွက်” တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

ဆရာတော်သစ် မောရစ်ညွန့်ဝေမှလည်း “ ဖန်ဆင်းရှင်ခမည်းတော်ဘုရား၊ မထိုက်တန်သော်လည်းရွေးကောက်တော်မူခဲ့သောသားတော်ဘုရား၊ကရုဏာရှင်ယေဇူး၊ သန့်ရှင်းသောဝိညာဥ်တော်ဘုရားတို့ကိုကျေးဇူးတင်ကြောင်း၊ မွေးဖွားပေးခဲ့သည့်ကျေးဇူးရှင်မိဘများ၊ဆရာသမားများ၊ ဆရာတော်သိက္ခာကိုတင်ပေးခဲ့သော ဆရာတော်များ၊ ပွဲတော်၌ ပါဝင်သူများအားလုံး၊ အဝေးမှဆုတောင်းကူပေးနေကြသူများနှင့် အလှူရှင်များအားလုံး၊ပွဲတော်ဖြစ်မြောက်ရေးအတွက်အဘက်ဘက်နေပါဝင်သူအဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း၊ဆရာတော်ဖြစ်တယ်ဆိုတာ ကိုယ်တိုင်ကတော်လို့မဟုတ်ပါဘူး။ကိုယ့်ကိုသင်ပေးတဲ့ဆရာများတော်သည့်အတွက်ကြောင့်ဖြစ်ကြောင်း ၊ထို့ကြောင့်သင်ကြားပေးခဲ့သော ဆရာ၊ဆရာမများအားလုံးကိုကျေးဇူးတင်ကြောင်းများကိုပြောကြားရင်းဆရာတော်အသစ်က

 “ ခရီးတစ်ခုကို သွားလိုတဲ့အခါ မြန်မြန်ရောက်ချင်ရင်တစ်ယောက်ထဲသွားပါ။ ဝေးဝေးရောက်ချင်ရင်တော့အဖော်နှင့်လျှောက်ပါဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ကျွန်တော်တို့လျှောက်ရတဲ့ လမ်းခရီးက အဝေးကြီးပါ။ဒါကြောင့်အတူတူလျှောက်ကြပါစို့လို့ ဖိတ်ခေါ်ရင်းနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်” 

ဟု ပြောကြားခဲ့ပါသည်။

ဆရာတော်သစ် မောရစ်ညွန့်ဝေသည် လေးစားထိုက်သော ရဟန်းတစ်ပါးဖြစ်ကြောင်း၊ရဟန်းအမှုတော်ဆောင်ခဲ့စဥ်ကလည်း ဆင်းရဲသားများနှင့် ချိုးဖဲ့အနှိမ်ခံခဲ့ရသော သူများနှင့်ရင်းနှီးခဲ့ကြောင်း၊ဆရာတော်မောရစ်ညွန့်ဝေ၏ ပြောဆိုပြုမူမှုများအား ယုံကြည်သူခရစ်ယာန်ဘာသာဝင်များသာမက ခရစ်ယာန်မဟုတ်သည့် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များကပါ အားရကြကြောင်း၊ CBCM အဖွဲ့ချုပ်တွင်တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း စီမံခန့်ခွဲမှု ကျွမ်းကျင်ရုံမက ၊သိမ်မွေ့နူးညံ့ ညှင်သာသည့် အစေခံ၊ခေါင်းဆောင် စံပြပုဂ္ဂိုလ်တစ်ဉီးဖြစ်ကြောင်း ကို ကာဒီနယ် ချားလ်စ်ဘိုက ဩဝါဒအတွင်း ထည့်သွင်းပြောကြားခဲ့ပါသေးသည်။
 
​ေမာ်လမြိုင်သာသနာဆရာတော်သစ်မောရစ်ညွန့်ဝေ၏ ဆောင်ပုဒ်မှာ
 " သူတို့သည် တစ်လုံးတစ်ဝတည်းရှိကြပြီ " 
ဟူ၍ ဖြစ်ပါသည်။

News by - Pinky
Photo Credit: CBCM OSC

#rvamyanmar #rvapastoralcare #rvamyanmarnews #MawlamyaingDiocese #Congratulations

Add new comment

5 + 6 =