စိန့်သောမတ်စ်Facility Quarantine Center ၌ လုပ်အားပေးဆပ်ကပ် ခဲ့သူများအား ဂုဏ်ပြုအခမ်းအနား ကျင်းပပေးခဲ့ခြင်း ။

စိန့်သောမတ်စ် Facility Quarantine Center ၌ လုပ်အားပေးဆပ်ကပ် ခဲ့သူများအား ဂုဏ်ပြုအခမ်းအနား ကျင်းပပေးခဲ့ခြင်း ။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ စိန့်သောမတ်စ်ကျောင်းတွင် ထားရှိသော Facility Quarantine Center ၌ လုပ်အားပေးဆပ်ကပ် ခဲ့သူများအား ဂုဏ်ပြုအခမ်းအနား ကျင်းပပေးခဲ့ခြင်း ။
(၁၅.၇.၂၀၂၀)
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ စိန့်သောမတ်စ် အခြေခံ ရဟန်းဖြစ် သင်ကျောင်း ၌ ကရုဏာ မြန်မာ (KMSS-MDY) နှင့် မန္တလေး အစိုးရတို့ ပူးပေါင်းဖွင့်လှစ်သော Facility Quarantine Center တွင် အဖက်ဖက်မှ ပါဝင်လုပ်ဆောင်ခဲ့သော ဌာနဆိုင်ရာများ ၊ ပရဟိတအဖွဲ့များ နှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုညစာ စားပွဲတစ်ခုကို (၁၅.၇.၂၀၂၀) ရက်နေ့ ည က စိန့်သောမတ်စ် ရဟန်းဖြစ်သင်ကျောင်းတွင် ကျင်းပပြုလုပ်ပေးခဲ့ပါသည် ။
အခမ်းအနားသို့ မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီးကိုယ်စား မွန်ဆီညော် ဒေါမိနစ် ဂြိုဟ်တု နှင့် အတူ မန္တလေးသာသနာ Covid19 Respond Team မှ အဖွဲ့ဝင်များ ၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်အုပ်ချုပ်ရေးမှုးနှင့်အတူ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ ပရဟိတ အဖွဲ့များ နှင့် လုပ်အားပေးခဲ့သူများ တက်ရောက်ခဲ့ကြပါသည် ။
မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ ကိုယ်စား မွန်ဆီညော် ဒေါမိနစ်ဂြိုဟ်တုမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ကပ်ရောဂါဖြစ်နေချိန်မှာ မြန်မာပြည်သူများအကြား မိသားစု စိတ်ဓာတ်ကိုတွေ့မြင်ရကြောင်း ၊ လူမျိုးဘာသာ မခွဲခြားဘဲ အတူတကွ လက်တွဲ၍ အမျိုးသားရေး စိတ်ဓာတ်အပြည့်ဖြင့် လှုပ်ရှားကြတာကို တွေ့မြင်ရကြောင်း ၊ ယခုကဲ့သို့ မေတ္တာပြည့်ဝနှလုံးလှ စိတ်ထားများဖြင့် ဆောင်ရွက်ခဲ့ကြခြင်းကို ဂုဏ်ပြုပေးခြင်းဖြစ်ကြောင်း ၊ ဒီဂုဏ်ပြုခြင်းဟာ ကျွန်ုပ်တို့တတွေက ဂုဏ်ပြုသည်ဆိုသည်ထက် သဘာဝတရားကြီးက ဂုဏ်ပြုပေးခြင်းကြောင်း ၊ ကက်သလစ် ခရစ်ယာန် သမ္မာကျမ်းစာတွင် ပါဝင်သော ‘’ အချင်းချင်း ချစ်ခြင်းမေတ္တာမှ တစ်ပါး အဘယ်အကျွေးမှ မတင်စေနှင့် ‘’ ဟူသည့်အချက်ကို ဝေမျှပေးခဲ့ရင်း ကွာရန်တင်းစင်တာတွင် ပါဝင်လုပ်အားပေးခဲ့သူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည် ။
ချမ်းအေးသာဇံ မြို့နယ် အုပ်ချုပ်ရေးမှုးမှလည်း မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် အခြားသော တိုင်းနှင့်ပြည်နယ်များတွင် မလုပ်ခင်အချိန်ကတည်းက မန္တလေးတွင် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ကိုဗစ် ၁၉ ဝင်ရောက်မှု နည်းခဲ့ခြင်းဖြစ်ကြောင်း ၊ ပြည်တော်ပြန်များကို ထားရှိရန် ကွာရန်တင်းစင်တာများကို ပြင်ဆင်နေချိန်တွင် ကက်သလစ် ခရစ်ယာန်သာသနာဘက်မှ ယခုကျောင်းတော်ကြီးကို အသုံးပြုရန် ပေးမည်ဟု ပြောလာသော အခါ လွန်စွာ ဝမ်းသာမိခဲ့ကြောင်း ၊ တခြားသော နေရာများမှ မပေးနိုင်သည့်အခြေအနေတွင် ကက်သလစ် သာသနာဘက်မှ လိုအပ်သည်များအားလုံးကို ဖြည့်ဆည်းပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး ယခုလို ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းသည် မိသားစု စိတ်ဓာတ်ကြောင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍လည်း ဝိုင်းဝန်းကူညီပေးပိုးပေးကြဖို့ရန် မေတ္တာရပ်ခံခဲ့ပါသည် ။
အဲ့ဒီနောက် မန္တလေး ကက်သလစ် သာသနာမှ ဌာနဆိုင်ရာအသီးသီးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ Volunteer များအား ဂုဏ်ပြုမေတ္တာလက်ဆောင်များပေးအပ်ခဲ့ပါသည် ။
၎င်းနောက် မြို့နယ်ဘက်မှလည်း သာသနာနှင့် ပရဟိတ အဖွဲ့များ ၊ လုပ်အားပေးများအား ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးခဲ့ပါသည် ။
အဲ့ဒီနောက် KMSS-MDY ဒါရိုက်တာ Fr. Peter သန်းနိုင်ဉီးမှ ကျေးဇူးတင်စကားပြောကြားရာတွင် ယခုလို ကပ်ရောဂါကာလအတွင်း ကက်သလစ် သာသနာတော်ဘက်မှ တထောင့်တနေရာမှ ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ၊ ယခုလို ပါဝင်ကူညီ ပေးနိုင်ရန် အဖက်ဖက်မှ ကူညီပေးခဲ့သော Funding Agency ပြည်တွင်းပြည်ပ မှ ငွေအင်အား ၊ လူအင်အားဖြင့် ကူညီသူများ ၊ မိမိအသက်ကို ပဓာန မထားဘဲ ဖြူစင်သည့် နှလုံးသားများဖြင့် ဝိုင်းဝန်းလုပ်အားပေးခဲ့ကြသူများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ၊ ငယ်ငယ်က သင်ကြားခဲ့ရသော ''လှည်းဘီး နွံထဲ ကျွံနေသည် ဝိုင်း ကူမှသာ ရွေ့ နိုင်မည်ဆိုသည့်အတိုင်း'' အားလုံးအတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြပါက ဒီကပ်ရောဂါဆိုးကြီးမှ ရုန်းထွက်နိုင်မည့်အကြောင်းကို သာဓကပေး ဝေမျှပေးရင်း အားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည် ။
စေတနာဖြင့် ပါဝင်လုပ်အားပေးခဲ့သော Sr.Francisca သဲသဲမှလည်း ‘’ သာသနာ ၊ အသင်းဂိုဏ်းနှင့်တကွမိဘများကိုယခုလိုလုပ်အားပေးခြင်းတွင်ပါဝင်ခွင့်ပြုပေးခဲ့သည့်အတွက်ကျေးဇူးတင်ကြောင်း ၊ စင်တာတွင် လုပ်အားပေးစဉ် အတူတကွ လက်တွဲလုပ်ဆောင်ခဲ့ကြသော သူများအားလုံး လက်တွဲညီညီ ပါဝင်လုပ်ဆောင်ခဲ့ကြသည့်အတွက်လည်းကျေးဇူးတင်ကြောင်း ၊ ဆုတောင်းပေးသူများ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ‘’ ပြောကြားခဲ့ပါသည် ။
အဲ့ဒီနောက် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြပြီး ဂုဏ်ပြုခြင်း အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည် ။
Photos News by - #Pinky
#RVAPastoralCare #KMSSMDY #Mandalay #Covid19Respond #FacilityQuarantineCenter

Add new comment

8 + 8 =