စိန့်မေရီမာဒလင်း ဘုရားကျောင်းပွဲတော်ကို ကျောင်းထိုင်ဘုန်းတော်ကြီးမှ ဘာသာဝင်များအတွက် တတ်နိုင်သည့်ပုံစံဖြင့်ကြိုးစားပေး
စိန့်မေရီမာဒလင်း ဘုရားကျောင်းပွဲတော်ကို ကျောင်းထိုင်ဘုန်းတော်ကြီးမှ ဘာသာဝင်များအတွက် တတ်နိုင်သည့်ပုံစံဖြင့်ကြိုးစားပေး
ဂျူလိုင် ၂၂ ရက်နေ့ စိန့်မေရီမာဒလင်း ဘုရားကျောင်းပွဲတော်ကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလာခဲ့သော်လည်း ဒီနှစ်မှာတော့ ကပ်ဘေးကာလ အတွင်းကျရောက်တဲ့အတွက် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ရွှေဘိုမြို့နယ်၊ ရွာတော်စံပြကျေးရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီးဖာသာရ်အလွိုက်ရှက်စ်နေမျိုးဆွေက ၎င်း၏ဘာသာဝင်များအတွက် မိမိတတ်နိုင်သည့်ပုံစံဖြင့်ကြိုးစားကာ ဝိညာဉ်အဟာရဖြည့်တင်းပေးခဲ့ပါတယ်။
အဆိုပါကျောင်းပွဲတော်ကို ဘုန်းတော်ကြီးမှ အသံချဲ့စက်ဖြင့် ဘာသာသူများပါဝင်တရားနာယူနိုင်အောင် ဟောကြားပေးခဲ့ပြီး မစ္ဆားအပြီးတွင် တော့ ရွာထဲတွင် ကိုယ်တော်မြတ်လှည့်လည်ဝေငှခြင်းပြုလုပ်ပေးခဲ့ကြောင်း၊ ၎င်းအပြင် ကိုဗစ်ကပ်ရောဘေးကင်းဝေးစေရေးအတွက်ကိုလည်း ကိုယ်တော်မြတ်ရောင်ခြည်တော်ဖြင့် ရွာထဲတွင်လှည့်လည်ကောင်းကြီးပေးခြင်းကိုပြုလုပ်ရာ မှာ မယ်တော့်ဆင်းတုတော်ပင့်ဆောင်ခြင်းလည်းပါဝင်သည့်အတွက် ဆင်းတုတော်ကိုတော့ လူငယ်အဖွဲ့မှသာပင့်ဆောင်သယ်ယူ အကြည်ညိုခံခဲ့ကြောင်း နှင့် အလံတော်ချကာ ပွဲကို အဆုံးသတ်ခဲ့တယ်လို့ဆိုပါတယ်။
ဘုန်းတော်ကြီးမှ မြန်မာပြည်အတွက် ဘေးအန္တရယ် ခပ်သိမ်း ကင်းဝေးစေဖို့ ကိုလည်း အထူးဆုတောင်းပေးခဲ့ကြောင်း ၊ ၎င်း၏ဘာသာဝင်များအတွက် တရားရေအေးမှာတော့ "ဘုရားကျောင်းတွေ ပိတ်ထားရပေမယ့် သင်တို့ရဲ့နှလုံးသားဟာ ဘုရားရှင် ဗိမာန်ဆိုတာ သတိရကြဘို့၊ ရှင်ပြန်ထမြောက်တဲ့ ဘုရားကို အရင်ဉ်းဆုံးဖူးမျှော်ခွင့်ရသူ ရဟန္တာမာရီယားမာဒလေနားကို အတုယူကြဘို့ ၊ ဘုရားကို ပထမနေရာမှာ ထားပေးကြဘို့" ဆိုတဲ့ တရားပေးကာ ကျေးရွာရဲ့ဘုရားကျောင်းပွဲတော်ကြီးကို ဝိညာဉ်ဖခင်တစ်ဉီးအနေနဲ့ မိမိတတ်နိုင်တဲ့ ပုံစံနဲ့ ဖြည့်စွက်ပေးခဲ့တာဖြစ်ပါတယ်။
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Add new comment