ငြိမ်းချမ်း၍ တရားမျှတပြီး ကျန်းမာ ချမ်းသာသော မြန်မာနိုင်ငံတော်သစ်ကို အတူတကွ ထူထောင်ကြပါစို့

ငြိမ်းချမ်း၍ တရားမျှတပြီး ကျန်းမာ ချမ်းသာသော မြန်မာနိုင်ငံတော်သစ်ကို အတူတကွ ထူထောင်ကြပါစို့

ငြိမ်းချမ်း၍ တရားမျှတပြီး ကျန်းမာ ချမ်းသာသော မြန်မာနိုင်ငံတော်သစ်ကို အတူတကွ ထူထောင်ကြပါစို့

ဇန်နဝါရီ ၁၊ ၂၀၂၁

 

ချစ်လှစွာသော မြန်မာပြည်သူပြည်သားအပေါင်းတို့၊

            ““ပျော်ရွှင်ဖွယ် နှစ်သစ်မင်္ဂလာဖြစ်ပါစေ””လို့ ဦးစွာနှုတ်ခွန်းဆက်ပါတယ်။ ဒီနှစ်သစ်ဟာ သင်တို့အားလုံးအတွက် ကောင်းခြင်းအဖြာဖြာ ယူဆောင်လာပါစေလို့လည်း ဆန္ဒပြုပါတယ်။ နှစ်သစ် တစ်ခုရောက်လာတိုင်း မျှော်လင့်ချက်အသစ်တွေလည်း မွေးဖွားလာပါတယ်။

            စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ၂၀၂၀ ပြည့်နှစ်ကို ကျွန်ုပ်တို့ချန်ထားရစ်ခဲ့ပါပြီ။ အဲဒီနှစ်ကို ကျွန်ုပ်တို့ ဘယ်လိုမှ မေ့လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့အတွက် အရမ်းကို ထိခိုက်ခဲ့ရတဲ့နှစ်၊ နာကျင်ခံစားခဲ့ရတဲ့နှစ်လို့လည်း ဆိုနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လူသားတွေရဲ့ဘဝကို ထိုး နှက်တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ရန်သူထွက်ပေါ်ခဲ့ပြီး ကျွန်ုပ်တို့လူသားတွေရဲ့အသက်မွေးဝမ်းကြောင်းနဲ့ နောက်ဆုံးမှာ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ဆိုရင် လူပေါင်း (၁၂၂)သန်းလောက်ဟာ အငတ်ဘေးနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ လူသားတို့ရဲ့ ဘဝရှင်သန်ရေးအတွက် စိုးရိမ်စရာအခြေအနေတစ်ရပ်ဖြစ်ပါတယ်။

            ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်ဟာ လူသားတို့အရှုံးပေးခဲ့ရတဲ့နှစ်မဟုတ်ဘဲ လူသားတွေရဲ့ ကြံ့ကြံ့ခံ နိုင်စွမ်းကို ပြသခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ နှစ်ကုန်ပိုင်းရောက်လာတဲ့အခါ သိပ္ပံပညာရှင်တွေဟာ ဒီဗိုင်းရပ်စ်ကို တိုက်ထုတ်မယ့် မဟာဗျူဟာကို ချမှတ်နိုင်ခဲ့ပါတယ်။ မကြုံစဖူး ထူးခြားစွာနဲ့ တစ်နှစ် အတွင်းမှာပဲ ကာကွယ်ဆေးဟာ မြန်မြန်ဆန်ဆန်ထွက်ပေါ်လာခဲ့ပါပြီ။ ဒါဟာ ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်ရောင်ခြည်ပါပဲ။ မကြာတော့ပါဘူး.. ကိုဗစ်လည်း ဆုံးခန်းတိုင်ပါတော့မယ်။

            ၂၀၂၀ ပြည့်နှစ်ဟာ ကရုဏာတရားကို ပြသခဲ့ကြတဲ့နှစ်လို့ ဆိုရင်လည်း မမှားပါဘူး။ အလှူ ရေစက်မပြတ်တဲ့ မြန်မာလူမျိုးတွေဟာ လော့ခ်ဒေါင်းချခံရတဲ့ဒေသအသီးသီးမှာ အချင်းချင်းဝေမျှ ပေးကမ်းခြင်းအားဖြင့် ဆာလောင်ငတ်မွတ်ခြင်းဘေးကို အံတုခဲ့ကြပါတယ်။ ကိုဗစ်မတိုင်မီကာလက လူမှုစီးပွားရေးကဏ္ဍပိုင်းမှာ ရုန်းကန်ခဲ့ရတဲ့ မြန်မာနိုင်ငံလို နိုင်ငံတစ်ခုအနေနဲ့ ပြည်သူပြည်သားတွေရဲ့ တုံ့ပြန်မှုက အံ့မခန်းလောက်အောင် ဖြစ်ခဲ့ရပါတယ်။ သဘာဝဘေးဒဏ်ကျရောက်ချိန်တိုင်းမှာ ကျွန်ုပ်တို့ဟာ အတူတကွ လက်တွဲရင်ဆိုင်ခဲ့ကြပါတယ်။

            ကျွန်ုပ်တို့ရဲ့နိုင်ငံဟာ ရွှေနိုင်ငံဖြစ်တယ်ဆိုတာကိုလည်း ကျွန်ုပ်တို့နောက်တစ်ဖန်သက်သေပြ နိုင်ခဲ့ပါပြီ။ ဒါဟာ ကျွန်ုပ်တို့နိုင်ငံမှာ ရွှေတွေ၊ ကျောက်စိမ်းတွေရှိလို့ မဟုတ်ဘဲနဲ့ ပြည်သူပြည်သား တွေဟာ ရွှေရောင်နှလုံးသားတွေ ပိုင်ဆိုင်ထားကြလို့ပဲဖြစ်ပါတယ်။ မိမိတို့နဲ့နီးစပ်တဲ့လူတွေမျက်ရည် ကျတာကို မြင်လိုက်ရတာနဲ့တင် နှလုံးသားတွေဟာ အရည်ပျော်နေပါပြီ။ ကျန်းမာရေးစနစ်အား နည်းတဲ့နိုင်ငံတစ်ခုအဖို့ ဗိုင်းရပ်စ်ပိုးကို ရှေ့တန်းကနေ ကာကွယ်တိုက်ဖျက် ပေးနေတဲ့ ကျန်းမာရေး နဲ့ စေတနာ့ဝန်ထမ်းတွေရဲ့စံပြလုပ်ရပ်တွေကြောင့် ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း များမလာရအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ အစိုးရရဲ့ ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာနဲ့ တုံ့ပြန်လုပ်ဆောင်ချက်တွေ ကလည်း ချီးကျူးစရာကောင်းပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ အခုဆိုရင် သေနတ်သံတွေ တိတ်ဆိတ် နေပါပြီ။ ကရုဏာတရားဟာလည်း လူသားအားလုံးလက်ကိုင်ထားတဲ့တရားဖြစ်လာ ပါပြီ။ ဒီအချိန်ဟာ ငြိမ်းချမ်းပြီး တရားမျှတဲ့ မြန်မာနိုင်ငံတော်သစ်ကို ထူထောင်ဖို့ အခွင့်အခါ ကောင်းလည်း ဖြစ်ပါတယ်။

            တခြားသောကပ်ဘေးတွေလိုပဲ ကိုဗစ်ဟာလည်း ကမ္ဘာတစ်ဝန်းမှာ ရှိနေတဲ့ မမျှမတဖြစ်နေ တဲ့အရာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီလိုမမျှမတဖြစ်နေတဲ့ ပကတိ အခြေအနေကို ကမ္ဘာက သိစေဖို့အတွက် စကားအလိမ္မာနဲ့ ““ဒီဗိုင်းရပ်စ်ပိုးဟာ လူအားလုံးကို ညီတူမျှတူ တိုက်ခိုက်ခဲ့တာမဟုတ်ဘူး”” လို့တောင် မိန့်ကြားခဲ့ပါသေးတယ်။ စီးပွားရေးအဆင်မပြေကြတဲ့ အသိုင်းအဝိုင်းမှာ ပိုးကူးစက်မှုနှုန်းရော၊ သေဆုံးနှုန်းပါ များပြားခဲ့ပါတယ်။ လူတွေဟာ ဗိုင်းရပ်စ်ပိုးကြောင့် သေကြရသလို ခွဲခြားဆက်ဆံခံရတာတွေ၊ ရပိုင်ခွင့်ဆုံးရှုံးတာတွေ၊ ဆင်းရဲမွဲတေတာတွေကြောင့်လည်း သေဆုံးခဲ့ကြရပါတယ်။

            ကိုဗစ်ကပ်ရောဂါကို အောင်နိုင်ဖို့ဆိုတာ ကာကွယ်ဆေးနဲ့တင်မရဘဲ ခွဲစိတ်ဖြတ်တောက်ပစ်ဖို့ပါ လိုအပ်ပါတယ်။ အဓိကကတော့ လူမှုအသိုင်းအဝိုင်းမှာ မမျှမတဖြစ်နေတဲ့အရာတွေကို ဖြတ်တောက်ဖယ်ရှားပစ်ဖို့ လိုပါတယ်။ ကျွန်ုပ်တို့ဦးစားပေးတဲ့အရာတွေ၊ ဆင်းရဲသားတွေနဲ့ ထိလွယ်ခိုက် လွယ်ရှိသူတွေအပေါ် ခွဲခြားဆက်ဆံတာတွေကို ဆန်းစစ်ကြည့်ပြီး မမျှမတဖြစ်နေတာတွေကို ဖယ်ရှားပစ်ရပါလိမ့်မယ်။ သစ်ပင်တွေကို အလွန်အမင်း ခုတ်ထွင်ရောင်းစားကြတဲ့အတွက် သစ်တော ပြုန်းတီးပြီး တောနေသတ္တဝါတွေဆီက ဗိုင်းရပ်စ်ပိုးတွေဟာ လူသားတွေနေထိုင်ရာအရပ်ကို ပျံ့နှံ့ရောက်ရှိလာပါတယ်။ အဲဒီအခါမှာ သဘာဝနဲ့ သဟဇာတမဖြစ်တော့ဘဲ ကမ္ဘာကြီးရဲ့အော်သံ၊ ဆင်းရဲသားတွေရဲ့ငိုကြွေးသံတွေ ထွက်ပေါ်လာပါတော့တယ်။

            ဒီလိုဂေဟစနစ်ကို ဖျက်ဆီးခြင်းဟာ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေသလို အခွင့်အခါကောင်း တွေကိုလည်း ပေါ်ထွက်စေပါတယ်။ ဒီနည်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပါတယ်။ ထိလွယ်ခိုက်လွယ်ရှိသူတွေရဲ့အရေးကိုလည်း ထည့်သွင်းစဉ်းစားလာစေ ပါတယ်။ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေးမှာလည်း ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကို ဦး တည်လာစေပါတယ်။

            ပုပ်ရဟန်းမင်းကြီးဟာ သူရေးသားတဲ့ နောက်ဆုံးစာအုပ်ဖြစ်တဲ့ (Let us dream together) ““အတူတကွ စိတ်ကူး ပုံဖော်ကြပါစို့””ဆိုတဲ့စာအုုပ်ထဲမှာ ““ကိုဗစ်ဟာ ကျွန်ုပ်တို့ရဲ့ ဦးစားပေးအရာတွေ ကို ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးပေးထားပါတယ်””လို့ မိန့်ကြားခဲ့ပါတယ်။ စစ်လက်နက်ပစ္စည်း တွေအတွက် ဒေါ်လာဘီလျံပေါင်းများစွာ အသုံးပြုနေကြတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေတောင် တကယ့်တကယ်တမ်း အရေးကြုံလာတဲ့အခါမှာ စစ်သားဦးရေက ဆရာဝန်ဦးရေထက် ပိုများနေတာ၊ စစ်လက်နက်ပစ္စည်းတွေက အသက်ရှူစက်တွေထက် အဆမတန် ပိုမိုများပြားနေတာကြောင့် အခက်ကြုံနေကြရပါတယ်။

            မြန်မာပြည်သူပြည်သားတွေအဖို့ကတော့ ဒီအခြေအနေဟာ ကျွန်ုပ်တို့ဘဝအတွက် အခွင့် အခါကောင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ပြည်သူတွေရဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်လျော့ပါးစေတာ ကိုဗစ်ကပ်ဘေးတစ်ခုတည်းမဟုတ်ပါဘူး။ ကာလကြာရှည်စွာ အဓိပ္ပာယ်မဲ့ဖြစ်ပွားနေတဲ့စစ်ဘေးစစ်ဒဏ်နဲ့ နှစ်ပေါင်း(၇၀) နေရပ်စွန့်ခွာထွက်ပြေးရတဲ့ကပ်ဘေးတွေဟာ မြန်မာနိုင်ငံအတွက် အဆိုးဝါး ဆုံးကပ်ဘေးတွေပါပဲ။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုက အမြဲကပ်ပါနေတာဟာ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ ကပ်ဘေးလို့တောင် ပြောလို့ရပါတယ်။ ကျွန်ုပ်တို့နိုင်ငံက လူငယ်သန်းပေါင်းများစွာဟာ တိုင်းတစ်ပါးမှာ လုံခြုံမှုမရှိတဲ့ လုပ်ငန်းတွေလုပ်ကိုင်နေရပြီး ခေတ်သစ်ကျွန်စနစ်ထဲမှာ သားကောင်ဖြစ်နေတာတွေဟာ စိတ်နှလုံး ကြေကွဲဖွယ် ကပ်ဘေးပဲဖြစ်ပါတယ်။ ထိခိုက်နာကျင်ခဲ့ရတဲ့သမိုင်းဆိုးထဲကနေ ဒီကပ်ဘေးတွေအားလုံးကို ပျောက်ကွယ် သွားအောင် လုပ်ဖို့ အချိန်တန်ပါပြီ။

            ကျွန်ုပ်တို့အားလုံး မြန်မာနိုင်ငံတော်သစ်ကို ထူထောင်ဖို့အတွက် ““အတူတကွ စိတ်ကူးပုံဖော်ကြဖို့”” ကျွန်ုပ်အနေနဲ့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ ကျွန်ုပ်တို့အတူတူ အကောင်အထည်ဖော်နိုင်ပါတယ်။ ၂၀၂၀ မှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်သူပြည်သားတွေ ညီညီညာညာနဲ့ တစ်ခဲနက် မဲပေးအောင်နိုင် ခဲ့ကြတာကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ရပါပြီ။ တိုင်းရင်းသား ဒေသတွေမှာတောင် ပြည်သူတွေဟာ ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်နဲ့ NLD ကို မဲပေးခဲ့ကြပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံပြီး ဖြစ်ပေါ်နေတဲ့ စိတ်ဝမ်းကွဲမှုတွေကို ပြန်လည်ကုစားဖို့ အချိန်တန်ပြီဆိုတာ ရှင်းနေပါတယ်။ အဲဒီအတွက် အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ်ခဲ့ရ ပြီးပါပြီ။ ကျွန်ုပ်တို့အချင်းချင်း ပြန်လည်သင့်မြတ်ခြင်းအားဖြင့် ထိခိုက်နာကျင်နေတဲ့နိုင်ငံကို ပြန် လည်ကုစားကြပါစို့။ တရားမျှတမှုမရှိရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အုပ်ချုပ်သူအစိုးရ ဟာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပြည်သူပြည်သားတွေရဲ့အခွင့်အရေးတွေ ကို လေးစားလိုက်နာရပါမယ်။ မတူကွဲပြားမှုမှာလည်း ဂုဏ်သိက္ခာရှိနေပါတယ်။

            ကျွန်ုပ်တို့နိုင်ငံဟာ အမြတ်ကြီးစားခြယ်လှယ်ခြင်းခံနေရတာ အတော့်လေးကို ကြာညောင်းခဲ့ ပါပြီ။ တရားမဝင်မှောင်ခိုရောင်းဝယ်မှုတွေကြောင့် မြန်မာပြည်သူပြည်သားတွေဟာ ငွေကျပ် ဘီလျံ ပေါင်းများစွာ နစ်နာခဲ့ရပါတယ်။ တွင်းထွက်ရတနာ၊ ကျောက်စိမ်း၊ ကျွန်းနဲ့ အခြားသော မြေပေါ် မြေအောက်သယံဇာတတွေကို နိုင်ငံတကာက မာဖီးယားဂိုဏ်းတွေ၊ ကုန်သည်တွေနဲ့ ပြည်တွင်း ပုစိန်ရိုးတွေပူးပေါင်းပြီး အမြတ်ထုတ်နေကြပါတယ်။ ဒီမိုကရေစီလမ်းစဉ်ဟာ ဒီလိုတရားမဲ့ပြုကျင့် တာတွေကို တိုက်ထုတ်ပါလိမ့်မယ်။ ဆင်းရဲသားပြည်သူတွေကို ချွတ်ခြုံကျစေတဲ့ ဒီမကောင်းတဲ့ အုပ်စုကြီးတွေကို တွန်းလှန်တိုက်ထုတ်ဖို့အတွက် တစ်နိုင်ငံလုံး ညီညီညွတ်ညွတ်နဲ့ ဆန့်ကျင်ကြရပါ လိမ့်မယ်။

            မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေးမှာ တရားမျှတမှုရှိလာပြီး ငြိမ်းချမ်းရေးဖြစ်ထွန်း လာမယ့်နေ့ကို ကျွန်ုပ်တို့အတူတကွ စိတ်ကူးပုံဖော်ကြပါစို့။ ဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေ မိမိတို့နေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်မယ့်နေ့ကို ကျွန်ုပ်တို့အတူတကွ စိတ်ကူးပုံဖော်ကြပါစို့။ အဖျက်အမှောင့်ကင်းကင်းနဲ့ ဒီမိုကရေစီစနစ်ဖြစ်ထွန်းလာမယ့်နေ့၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးမှာ ဘာသာတရားကလည်း အဓိကအခန်းကဏ္ဍ ကနေ ပါဝင်လာမယ့်နေ့၊ သယံဇာတတွေကို ညီတူမျှတူ ပွင့်လင်းမြင်သာစွာ ခွဲဝေသုံးစွဲတဲ့ ““ရွှေနိုင်ငံ တော်””ဖြစ်လာမယ့်နေ့၊ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံကနေ အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်လာမယ့်နေ့ စတာတွေကို ကျွန်ုပ်တို့အတူတကွ စိတ်ကူးပုံဖော်ကြပါစို့။

            ၂၀၂၀ က အိပ်မက်ဆိုးတွေလည်း ကွယ်ပျောက်သွားပါစေ။ ကျွန်ုပ်တို့စိတ်ကူးထဲမှာရှိနေတဲ့ ငြိမ်းချမ်းပြီး ကျန်းမာ ချမ်းသာတဲ့ မြန်မာနိုင်ငံတော်သစ်လည်း အမှန်တကယ် ထွက်ပေါ်လာပါစေ။

            ပြည်သူပြည်သားအားလုံးလည်း မင်္ဂလာအပေါင်းခညောင်းတဲ့နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

ကာဒီနယ် ချားလ်စ်မောင်ဘို

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်

မြန်မာနိုင်ငံ

 

Add new comment

3 + 3 =