ဂျူးများအားအသက်ဘေးမှကယ်ရန်၀ှက်ထားပေးခဲ့သောပိုလန်မိသားစုတစ်စုလုံးရဟန္တာတင်မြောက်ခံရတော့မည်။

ဂျူးများအားအသက်ဘေးမှကယ်ရန်၀ှက်ထားပေးခဲ့သောပိုလန်မိသားစုတစ်စုလုံးရဟန္တာတင်မြောက်ခံရတော့မည်။

ယခုဤဆောင်းပါးသည်လည်း နာဇီဂျာမဏီတို့၏အမဲဖျက်ခံနေခဲ့ရသောဂျူးလူမျိုးတို့အား ကယ်တင်ခဲ့သောပိုလန်မိသားစုများအကြောင်းဖြစ်သည်။ ၄င်းတို့အနေဖြင့်ဤသို့ကယ်ပေးခဲ့သည်မှအန္တရာယ်မကြီးသည်မဟုတ်။ ဖမ်းမိပါကလက်ခံထားသောမိသားစုသည်လည်းအမှုပတ်၍သေဒဏ်မှလွတ်မြောက်ရန်အကြောင်းမရှိပေ။ ထိုသို့အသက်ဘေးနှင့်နီးသော်လည်းသတ္တိရှိလှသောပိုလန်မိသားစုသည် ဖြစ်နိုင်သည့်အခြေအနေအထိကူညီကယ်တင်ပေးခဲ့သည်။ လွယ်ကူလွန်း၍၊ ဘေးကင်း၍ကယ်ခဲ့သည်မဟုတ်။ မိသားစု၏ အသက်နှင့်အလဲထပ်၍ကယ်ခဲ့ခြင်းဖြစ်သည်။

'Holocaust' ဟုခေါ်သော နာဇီဂျာမနီတို့ကဂျူးလူမျိုးတို့အား အစုလိုက်အပြုံလိုက်သတ်ခဲ့သည့်အခင်ကိုပြန်လည်အမှတ်ရသည့်အနေဖြင့် နှစ်စဉ် ဇန္န၀ါရီလ (၂၇) တွင်အောက်မေ့သတိရကျင်းပလေ့ရှိသည်။ Auschwitz-Birkenau ချွေတပ်စခန်းမှငရဲခန်း၏ထိတ်လန့်ကြောက်ရွံ့ဖွယ်အဖြစ်အပျက်များကိုပြန်လည်‌ေ၀မျှအသိပွားထားခြင်းဖြစ်သည်။ ထို့အတူ လူအစုလိုက်အပြုံလိုက်သတ်သည့်ရာဇ၀တ်မှုကိုကျူးခဲ့သည့် ကမ္ဘောဒီးယား၊ ရ၀မ်ဒါ၊ ဘောစနီးယား၊ ဒါဖူနိုင်ငံများတွင်ကျူးလွန်ခဲ့သည့်ရာဇ၀တ်မှုများကိုတင်ပြထားသည်။ (နောက်ပိုင်းမြန်မာနိုင်ငံမှစကစများ၏ (၂၀၂၁ - ၂၀၂၂) အာဏာသိမ်းပြီးနောက်ပိုင်း၏ အခြေအနေများပါလာနိုင်ပါသည်။)

ထိုကာလ၌ မိသားစုတစ်စုသည် အခြားသူများနှင့်မတူဘဲ မားမားမတ်မတ်ထီးထီးကြီးဂျူးလူမျိုးတို့ကိုကယ်ခဲ့သောမိသားစုတစ်စုရှိခဲ့သည်။ ထိုမိသားစုကား Ulma မိသားစုဖြစ်သည်။ ထိုစဉ်က ဂျိုးဇက်က (၄၄) နှစ်၊ ဗစ်တိုးရီယာက (၃၂) သာရှိသေးသည်။ ဂျူး (၈) ဦးအား၄င်းတို့၏အိမ်သေးသေး၌၀ှက်ထားပေးခဲ့သည်။

ပိုလန်နိုင်ငံသား ဗာတီကန်သတင်းပြန်ကြားရေးတာ၀န်ခံဖြစ်သော VLADIMIRO REDZIOCH ကပိုလန်လူမျိုးများလည်း ဂျူးလူမျိုးတို့အားကယ်ခဲ့၍ပြစ်ဒဏ်ချမှတ်သတ်ဖြတ်ခံခဲ့ရကြောင်း၊ ဤအချက်သည်လည်းအရေးကြီးကြောင်း၊ နာဇီဂျာမနီက ၄င်းတို့၏ကိုလိုနီနယ်ဖြစ်နေခဲ့သောပိုလန်နိုင်ငံအတွင်း၌လည်း ဂျူးလူမျိုးတို့အားမည်သည့်နည်းလမ်းဖြင့်ကူညီသည်ဖြစ်စေ ပေါင်မုန့်တစ်ဖဲ့မျှကူညီသည်ဖြစ်စေ ပြစ်မှုထင်ရှားပါကသေဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်းဥပဒေထုတ်ခဲ့သည်။ ဤဥပဒေနှင့်ညှိစွန်းခဲ့သော ပိုလန်လူမျိုး (၁၉၀၀၀၀) ဦးသတ်ဖြတ်ခံခဲ့ရသည်။ ၄င်းတို့အနက် Ulma ၏မိသားစုလည်းတစ်စုပါသွားခဲ့သည်။ မိသားစု၀င် (၈) ဦးဖြစ်ပြီး၊ မိဘနှစ်ပါး၊ ထိုအချိန်၌မိခင်ဖြစ်သူသည် ကိုယ်၀န်နှင့်ဖြစ်နေခဲ့သည်။ ၄င်းတို့၏သား သမီး (၆) ဦးဖြစ်ပြီး အသက်အရွယ်များမှာ (၈ မှ ၂) နှစ်အတွင်းဖြစ်ကြသည်။ ဤမိသားစုအား (မတ် ၂၄၊ ၁၉၄၄) ၌ဂျာမန်စစ်သားများမှပုန်းခိုနေသောဂျူးများအားသတ်ဖြတ်ပြီးနောက် လက်ခံထားသောအိမ်ရှင်မိသားစု၀င်များအားလုံးကိုလည်းလူမဆန်စွာသတ်ပစ်ခဲ့ကြသည်။

ဤဂျူး (၈) ဦးကိုကယ်လိုက်ခြင်းသည် မိသားစုတစ်စုလုံး၏အသက်နှင့်အလဲထပ်ရမည်ကိုသိသည်။ သို့သော် ဘာသာရေးခံယူချက်၊ ယုံကြည်ချက်ကြောင့် မည်သို့ပင်ကြုံရစေ ကာမူ ဤဒုက္ခရောက်နေသူတို့အားအသက်ဘေးမှကယ်မည်ဟုသာဆုံးဖြတ်ခဲ့သည်။ ဤသို့ အသက်ဘေးနှင့်ကြုံနေရသော ဂျူးလူမျိုးတို့အားကူညီခဲ့ကြသောမိသားစု၀င်များသည် ကောင်းသောခရစ်ယာန်မိသားစုတစ်စုဖြစ်သည်။ ထိုခေတ်အခါကလည်း လက်ရှိမြန်မာ့နိုင်ငံရေး၌ဖြစ်ပျက်နေသကဲ့သို့ ဤသို့အခြေအနေဆိုက်ရောက်နေသော်လည်း မကူရဲ၊ မကယ်ရဲသည့် အပြင် မိမိတို့အားအမှုပတ်မည်စိုး၍သက်ဆိုင်ရာအားတိုင်ကြား၍လာရောက်ဖမ်းဆီးစေခဲ့သည်များလည်းရှိခဲ့သည်။

ထို့ကြောင့် ထိုသို့ခရစ်ယာန်တရားတော်နှင့်အညီခံယူ၍ကူညီရာမှကွပ်မျက်ခံခဲ့ကြရသောပိုလန်ခရစ်ယာန်လူမျိုးတို့အား ရဟန္တာအဖြစ်တင်မြောက်နိုင်ရေးကို (၂၀၀၃) ခုနှစ်မှစတင်၍ အချက်အလက်များ၊ အကြောင်းအရာများကိုစုဆောင်းခဲ့သည်။ (၂၀၁၇) ခုနှစ်သို့ ရောက်သောအခါ Ulma ၏မိသားစုကိုမူ သီးသန့်အလေးထားထည့်သွင်းစဉ်းစားလာခဲ့သည်။ ၄င်းတို့၏အခြေအနေသည် အချက်အလက်ခိုင်မာတိကျမှုရှိ၍ ပိုမိုမြန်ဆန်နိုင်ခြေရှိခဲ့သောကြောင့်ဖြစ်သည်။ ယခုအခါ တစ်မိသားစုလုံးအား သူတော်မြတ်အဖြစ်တင်မြောက်နိုင်ရေးနောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

အကယ်၍ Ulma မိသားတစ်စုလုံး သူတော်မြတ်အဖြစ်တင်မြောက်ခံရသကဲ့သို့ ရဟန္တာအဖြစ်ထပ်မံတင်မြောက်ခံရမည်ဆိုပါက ဤမိသားစုသည် အလွန်ထူးခြားသောမိသားစုဖြစ်လာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့အထိအမိသာသနာတော်ကြီး၏သမိုင်း၌ မိသားစုတစ်စုလုံးသူတော်မြတ်အဖြစ် (သို့) ရဟန္တာအဖြစ်တင်မြောက်ခံထားရသည့်အဖြစ်အပျက်မရှိသေးသောကြောင့်ဖြစ်သည်ဟု အဆိုပါဗာတီသတင်းဌာန၏သတင်းသမားကရှင်းပြခဲ့သည်။ CNA

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3WEmB5T
 

Add new comment

15 + 0 =