ဂိုဏ်းချုပ်ဆရာတော်ကြီးလည် ဆွဲအပ်နှင်းခြင်း ။

ဂိုဏ်းချုပ်ဆရာတော်ကြီးလည်ဆွဲအပ်နှင်းခြင်း ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ဆရာတော်အသစ် မာကုတင်ဝင်းအား ဂိုဏ်းချုပ်ဆရာတော်ကြီးလည်ဆွဲအပ်နှင်းခြင်း ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ ဆရာတော်အသစ် မာကုတင်ဝင်းအား ဂိုဏ်းချုပ် ဆရာတော်ကြီး လည်ဆွဲအပ်နှင်းခြင်းကို (၂၅.၈၂၀၁၉) နံနက် (၇း၀၀) နာရီက ရွှေနှလုံးတော် ကက်သီဒြယ်ဘုရားကျောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပွဲတော်မစ္ဆားတရား၌မြန်မာနိုင်ငံဆိုင်ရာဗာတီကန်သံအမတ်ဂိုဏ်းချုပ်ဆရာတော်ကြီးပေါလ်ချန်အင်နန်၊မန္တလေးဂိုဏ်းချုပ်သာသနာ လက်အောက်ရှိ ဂိုဏ်းအုပ်သာသနာများမှ ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ကိုရင်များနှင့် ဘာသာတူ ဓမ္မမိတ်ဆွေများ ပါဝင်ခဲ့ပါသည်။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာဆရာတော်အသစ် မာကုတင်ဝင်းအတွက် ဂိုဏ်းချုပ် ဆရာတော်ကြီး လည်ဆွဲသည် ထူးခြားသည့်တာဝန်ဝတ္တရားနှင့် အဓိပ္ပာယ်များစွာပါဝင်သည့်ကြောင်းကို ဗာတီကန်သံအမတ်ကြီးမှ မြွတ်ကြားခဲ့ပါသည်။

ဂိုဏ်းချုပ်ဆရာတော်လည်ဆွဲ၏ ပထဦးဆုံးအဓိပ္ပာယ်မှာ ပျောက်သောသိုးကို ရှာတွေ့ပြီး ပခုံးပေါ်ပြန်တင်လာခဲ့သည့် ဖခင်ကဲ့သို့  အမိသာသနာတော်ကြီးကို ပြန်လည်ဂုဏ်ဆောင်ပေးတဲ့ သိုးထိန်းကောင်းပုံကို အတုယူဖို့ ပုံသက်သေဖြစ်ပါသည်။

ဂိုဏ်းချုပ်ဆရာတော်အသစ်ဟာ သူ့ရဲ့သိုးတွေကိုကြည့်ပြီး သူ့ရဲ့သိုးတွေအတွက် အသက်ကိုစတေးခံဖို့ အဆင့်သင့်ရှိတဲ့ သိုးထိန်းတော်မြတ်ရဲ့ စံနမူနာကို ယူရန်လည်းဖြစ်သည်။

ဂိုဏ်းချုပ်ဆရာတော်လည်ဆွဲသည် သံပေတရူး၏ အရိုက်အရာကို ဆက်ခံသည့် ပုပ်ရဟန်းမင်းကြီးနှင့် တစ်လုံးတစ်ဝတည်းတည်ရှိခြင်းအမှတ်လက္ခဏာအဖြစ်လည်းဖော်ပြနေခြင်းဖြစ်ပါသည်။

ကိုယ်တော်ဟာ အသက်ရှင်တော်မူသော ဘုရား၏သားတော် ခရစ္စတူးဖြစ်ပါသည်ဟု ပေတရူးက ၀န်ခံသည့်အခါ သခင်ယေဇူးက ယောန၏သားစီမွန် သင်သည် မင်္ဂလာရှိ၏။ ဤကျောက်ပေါ်မှာ ငါ၏အသင်းတော်ကို ငါသည်တည်ဆောက်မည်။ဤအသင်းတော်ကို ငရဲတံခါးတို့သည် မအောင်နိုင်ရာ ကောင်းကင်နိုင်ငံတော်၏သော့ကို သင့်အားငါပေးမည်။ဤမြေကြီးပေါ်မှာ သင်ချည်နှောင်သမျှသည် ကောင်းကင်နိုင်ငံတော်၌ ချည်နှောင်လျှက်ရှိပြီး ဤမြေကြီးပေါ်မှာ သင်ဖြေလွှတ်သမျှသည် ကောင်းကင်နိုင်ငံတော်၌ ဖြေလွှတ်လျှက်ရှိလိမ့်မည် ဟု မိန့်တော်မူခဲ့ပါသည်။

ယုံကြည်သူသားသမီးများအတွက် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် ယုံကြည်ခြင်းနှင့် တလုံးတ၀တည်းတည်ရှိခြင်းကိုဖော်ပြသည့်ထာဝရတည်သော မြင်နိုင်သော အရင်းအမြစ် လည်းဖြစ်ပါ သည်။

ဂိုဏ်းချုပ်ဆရာတော်လည်ဆွဲသည် ဆရာတော်များအကြား၌ ပိုမိုကြီးမားလေးနက်သည့် တာဝန် ၀တ္တရား များရှိခြင်းကို ဖော်ပြသည့် အမှတ်လက္ခဏာတစ်ခုလည်းဖြစ်ပါသည်။

ဂိုဏ်းချုပ်ဆရာတော်တစ်ပါးသည်အိမ်နီးချင်းဂိုဏ်းအုပ်သာသနာများအပေါ် ကြည့်ရှု့ စောင့်ရှောက် ပေးရမည့် တာဝန်ဝတ္တရားနှင့် အခွင့်အာဏာလည်း ရှိသည့် အကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ် ဆရာတော်ကြီး ပေါလ်ချန်အင်နန်က မြွတ်ကြားတော်မူခဲ့ပါသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး လည်ဆွဲကိုသိုးငယ်တစ်ကောင်၏ သိုးအမွှေးများမှ ရက်လုပ် ထားခြင်း ဖြစ်ပါသည်။ကမ္ဘာတစ်ဝှမ်း၌ အသစ်ခန့်အပ်ခဲ့သည့်  ဂိုဏ်းချုပ်ဆရာတော်များဖြစ်လာမည့် ဂိုဏ်းချုပ် ဆရာတော်သစ်များအားလုံးအတွက် ဇွန်လ (၂၉) ရက် ၊ စိန်ပီတာ နှင့် စိန်ပေါလ် ပွဲနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ကိုယ်တိုင် ထို ဂိုဏ်းချုပ်ဆရာတော်လည်ဆွဲများအား ကောင်းချီးပေးခဲ့ခြင်းဖြစ်ပါသည်။

Photos News – Pinky

Add new comment

1 + 9 =