ချမ်းသာရွာ၌ ကပ်ဘေးကာလတွင်ကျရောက်သော ဘုရားကျောင်းပွဲကို အန္တရာယ်အကင်းဆုံးပုံစံဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီးမှ ကျင်းပပေး

ချမ်းသာရွာ၌ ကပ်ဘေးကာလတွင်ကျရောက်သော ဘုရားကျောင်းပွဲကို အန္တရာယ်အကင်းဆုံးပုံစံဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီးမှ ကျင်းပပေး

ချမ်းသာရွာ၌ ကပ်ဘေးကာလတွင်ကျရောက်သော ဘုရားကျောင်းပွဲကို အန္တရာယ်အကင်းဆုံးပုံစံဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီးမှ ကျင်းပပေး

သြဂုတ်လ ၁၅ ရက်နေ့ဟာ မယ်တော်သခင်မ ကောင်းကင်ဘုံသို့တက်တော်မူသော ပွဲတော်နေ့ကြီးဖြစ်ပြီး ဒီပွဲဟာဆိုရင် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာ ၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဉီးမြို့နယ်၊ ချမ်းသာကျေးရွာမှ နှစ်ပေါင်း ရာကျော်ပြီဖြစ်တဲ့ အထက်ပါမယ်တော်ဘွဲ့ခံ ဘုရားကျောင်းရဲ့ ပွဲတော်နေ့ကြီးလည်းဖြစ်ပါတယ်။

အဆိုပါပွဲတော် ကို နှစ်စဉ် နှစ်တိုင်း၊ ဘာသာရေးထုံးတမ်းစဉ်လာ၊ အညာကျေးလက် ရိုးရာဓလေ့ တို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိသလို၊ အဝေးရောက်ရွာသားများ ဇာတိချက်မြှုပ်သို့ မပြန်မနေနိုင်အောင် အလေးထားကာ ပြန်လာကြတဲ့အတွက် မိသားစုဆွေမျိုးများပြန်ဆုံကြတဲ့ပွဲတခုလည်းဖြစ်ပါတယ်။

ဒီနေ့ သြဂုတ်လ ၁၅ ရက်နေ့ မယ်တော်ပွဲဟာဆိုရင်ဖြင့် ကပ်ဘေးကာလမှာကျရောက်တဲ့ ပွဲဖြစ်တာမို့၊ နှစ်စဉ်ကျင်းပနေတဲ့ ပုံစံအတိုင်းမကျင်းပနိုင်သော်လည်း ဘာသာဝင်များရဲ့ ဝိညာဉ်အကျိုး အတွက် ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ရစ်ချက်ကျော်မျိုးလှိုင် မှ ဖြစ်နိုင်ချေ အရှိဆုံးပုံစံဖြင့်ကြိုးစားကျင်းပပေးခဲ့ပါတယ်။

ထိုအတွက်၊ ပွဲတော်မစ္ဆားတရားတော်မြတ်ကြီး ကို နံနက် ၆:၃၀ နာရီ ၌ ဟောကြားကာ ဘာသာဝင်များအား မိမိတို့အိမ်မှ မစ္ဆားပါ၀င်တက်ရောက်နိုင်စေရန်အတွက် အသံချဲ့စက်နဲ့ ချိပ်ဆက်ဟောကြားပေးခဲ့တာဖြစ်ပါတယ်။

မစ္ဆားတရားအပြီးမှာတော့ ကျောင်းထိုင်ဘုန်းတော်ကြီး၊ သီလရှင်များ
နှင့် ကွိုင်ယာသီချင်းသံစုံအဖွဲ့တို့မှ ကားများဖြင့် လှည့်လည်ကာ ကိုယ်တော်မြတ်ရောက်ခြည်တော်နှင့်၊ မယ်တော်ဆင်းတုတော်များ ကို စုစုပေါင်း ကား ၄ စီးတို့ဖြင့် လှည့်လည်ခြင်းကို ပြုလုပ်ခဲ့ပြီး ဘာ သာ၀င်များမှ မိမိတို့နေအိမ်ဘေးလမ်းများသို့ထွက်ကာ၊ အထူးကောင်းကြီးတော်ခံယူခဲ့ကြပါတယ်။

"နှစ်စဉ်စည်ကားစွာကျင်းပနေကျဖြစ်တဲ့ ကိုယ့်ရွာရဲ့အထင်ကရ ပွဲကြီးကို အရင်လိုမကျင်းပနိုင်ပဲ၊ ကပ်ဘေးအခြေအနေကြောင့် အခုလို တိတ်ဆိတ်စွာကျင်းပရတာဟာ ရင်ထဲမချိဖြစ်ရကြောင်း၊ သို့သော် ဘာသာ၀င်များအတွက်စဉ်းစားပေးကာ ဝိညာဉ်အကျိုးအတွက် အဆင်ပြေအောင်၊ အခုလိုစီစဉ်ပေးတဲ့ ဘုန်းဘုန်းကိုလည်းတကယ်ပဲ ကျေးဇူးတင်မိတယ်။ ဒီကပ်ရောဂါဘေးမှ မြန်မာပြည်သားများ အမြန်ဆုံးကင်းဝေးကြဘို့နဲ့အရာရာဟာ ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဘို့ နေ့တိုင်းဆုတောင်းနေရတာပဲ စစ္စတာရ် ရယ်" လို့ ဘာသာဝင် အမျိုးသမီးတစ်ဉီးမှ ရင်ဖွင့်ပြောကြားခဲ့တာပါ။

ချမ်းသာရွာဟာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်၊ (အများခေါ်) ဘုရင်ဂျီရွာဖြစ်ပြီး ရှေး ဟောင်းအမွေအနှစ်များမြင်နိုင်တဲ့ ဘုရားကျောင်းကြီးရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ် ၃ ပတ်တာ အတွင်း၊ ကိုဗစ် ကပ်ဘေးကာလမှာ မိမိဘာသာ၀င်များရဲ့ ကျန်းမာရေးအတွက် စိတ်ပူပြီး လိုအပ်တဲ့စည်းမျဉ်းများချမှတ်ခြင်းနဲ့ အချိန်မှီကာကွယ်ကုသမှုများ ကြိုးပမ်း ဆောင်ရွက်ပေးတဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးကိုလည်း ရွာသူရွာသားများက အထူးကျေးဇူးတင်နေကြတာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
၁၅ ၊ ၈ ၊ ၂၀၂၁ ( တနင်္ဂနွေနေ့)

Add new comment

1 + 13 =