ကျန်းမာခြင်းဆီတော်လူးမှတ်ခြင်းစက္ကရာမင်တူးသည် သေ၀နီးပါရောက်နေသူများအတွက်သာမဟုတ် ဟုရဟန်းမင်းကြီးမိန့်ကြား

ကျန်းမာခြင်းဆီတော်လူးမှတ်ခြင်းစက္ကရာမင်တူးသည် သေ၀နီးပါရောက်နေသူများအတွက်သာမဟုတ် ဟုရဟန်းမင်းကြီးမိန့်ကြား

အမိသာသနာတော်ကြီး၏ စက္ကရာမင်တူး (၇) ပါးအနက် တစ်ပါးဖြစ်သော ကျန်းမာခြင်းဆီတော်လူးမှတ်ခြင်းစက္ကရာမင်တူးလည်း တစ်ပါးပါသည်။ စက္ကရာမင်တူးကိုနားလည်လွယ်အောင်ဆိုရသော ‘outward sign and inward grace’ (အပေါ်အပြင်ထင်ရှားသောအမှတ်လက္ခဏာများကိုပြုလုပ်ခြင်းဖြင့် ၀ိညာဉ်ကျေးဇူးတော်ကိုခံစားရခြင်း) ဟုဆိုလိုသည်။ စက္ကရာမင်တူးများကို ယေဇူးသခင် လောက၌သက်ရှိထင်ရှားရှိနေစဉ်က ကိုယ်တိုင်လည်းလုပ်ဆောင်ရင်းတည်ထောင်ထားခဲ့သည်။

ရဟန်းမင်းကြီးများသည် ကမ္ဘာကြီးတစ်ခုလုံး၏သိုးထိန်းဖြစ်၍ တစ်လတာ၌ဆုတောင်းရာတွင်ရည်ရွယ်ချက်များထားရှိဆုတောင်းပေးလေ့ရှိသည်။ ထိုရည်ရွယ်ချက်သည် ကမ္ဘာတစ်၀ှမ်းလုံးရှိလူ သားများအတွက်ဖြစ်သည်။ လစဉ်လတိုင်းရည်ရွယ်ချက်များထားရှိဆုတောင်းလေ့ရှိသည်။

နှစ်စဉ်ဇူလိုင်လသည် အလွန်အဖိုးထိုက်သော ယေဇူးသခင်၏သွေးတော်အား အထူးသဒ္ဓါကြည်ညိုရသောလဖြစ်သည်။ ယေဇူးသခင်၏သွေးတော်သည် ယေဇူးသခင်လက်၀ါးကပ်တိုင်ပေါ်၌တွဲလွဲရှိနေစဉ် လူတစ်ရာတပ်မှူးတစ်ဦးကလာ၍ နံဘေးတော်လှံဖြင့်ထိုးလိုက်ရာ ‘သွေးနှင့်ရေ’ သည်ချက်ချင်းထွက်လာခဲ့သည်ကိုအမှတ်ရခြင်းဖြစ်သည်။ (သံယောဟန် ၁၉း၃၁-၃၅) ဤအဖြစ်အပျက်သည် ယေဇူးသခင်လူသားတို့ကိုချစ်၍အဘယ်မျှခံထမ်းခဲ့သည်ကိုဖော်ပြခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ယခုနှစ် (၂၀၂၄) ဇူလိုင်လ၊ ရဟန်းမင်းကြီးဖရန်စစ်၏ တစ်လလုံးအတွက်ဆုတောင်းခြင်းရည်ရွယ်ချက်မှာ ‘မကျန်းမမာဖြစ်နေသူများအား ၀ိညာဉ်ရေးဆိုင်ရာဂရုစိုက်စောင့်ရှောက်မှုပေးရေးနှင့်ပေးနေသူများ’ အတွက်အထူးသတိရဆုတောင်းပေးထားသည်။ ဤသို့ဂရုစိုက်စောင့်ရှောက်ခြင်းသည် ယေဇူးသခင်လူသားတို့အားချစ်သောကြောင့်ခံထမ်းခဲ့သည်ကို ပြန်လည်မျှယူခံထမ်းစောင့်ရှောက်ပေးခြင်းလည်းဖြစ်သည်။

ဤဆုတောင်းခြင်း၏ရည်ရွယ်ချက်နှင့်စပ်လျင်း၍ရဟန်းမင်းကြီးဖရန်စစ်က မကျန်းမမာသောသူတို့အား ကျင်းပပေးလေ့ရှိသော ကျန်းမာခြင်းဆီတော်လိမ်းကျံပေးခြင်းသည် သေ၀နီးပါးရောက်နေသောသူတို့အတွက်သာရည်ရွယ်ကျင်းပခြင်းမဟုတ်။ များသော အားဖြင့် ဤကျန်းမာခြင်းဆီတော်ကိုကျင်းပပေးလိုက်ခြင်းသည် လောကကြီးမှထွက်ခွာရန်လုပ်ဆောင်စရာရှိသော နောက်ဆုံး၀ိညာဉ်ရေး၀တ္တရားတစ်ပါးကိုဖြည့်ဆည်းပေးလိုက်သကဲ့သို့မှတ်ထင်နေကြသည်။ အမှန်မှာထိုသို့မဟုတ်။ မကျန်းမမာသူအား ဤစက္ကရာမင်တူးကိုခမ်းနားစွာကျင်းပပေးခြင်းဖြင့် မကျန်းမာသူအားအဘယ်မျှဂရုစိုက်သည်။ အဘယ်မျှပြန်လည်ကျန်းမာလာစေလိုသည်။ မကျန်းမမာ၍စိတ်အားငယ်နေချိန် ဘုရားသခင်၏ ခွန်အားနှင့်ဆွေမျိုးသားခြင်းများအားလုံး၏ဆုတောင်းခြင်းဖြင့် ၀ိညာဉ်ခွန်အား၊ စိတ်ခွန်အား၊ နာကြင်ခံစားနေရသော‌ေ၀ဒနာများကိုလျော့ နည်းခံထမ်းနိုင်စွမ်းရရှိစေရန်၊ တစ်နည်းဆိုရသော် ဘုရားခွန်အားဖြင့်သက်သာပျောက်ကင်းခြင်းကောင်းချီကိုတောင်းခံယူခြင်းဖြစ်သည်။

ရဟန်းမင်းကြီး၏ ဇူလိုင်လဆုတောင်းရန်ရည်ရွယ်ချက်မှာ မကျန်းမမာသူများအားရဟန်းမင်းကြီးအနေဖြင့်မမေ့မလျော့ဘဲ သတိရဆုတောင်းပေးနေကြောင်း၊ ထို့အတူပင် မိသားစု၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းများအနေဖြင့်လည်း မကျန်းမမာသူများကိုမမေ့လျော့သင့်ကြောင်းနှင့်အစဉ်သတိရဆုတောင်းပေးရန်၊ ဂရုစိုက်စောင့် ရှောက်ရန်အသိ၀င်စေခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်က နေထိုင်မကောင်းသူများအပြင် သက်ကြီးရွယ်အိုများအားလည်းဤစက္ကရာမင်တူးကိုကျင်းပပေးရန်မိသားစု၀င်များ၊ သက်ကြီးရွယ်အိုများအားပြုစုစောင့်ရှောက်ပေးသူများအနေ ဖြင့် အသိရှိသင့်ကြောင်း၊ ဤစက္ကရာမင်တူးသည် ‘မြင်သာသိသာ သော ချစ်ခင်ကြင်နာမှုနှင့်မျှော်လင့်ခြင်း’ လည်းဖြစ်သည်ဟုမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/Cm5t0

Add new comment

9 + 7 =