ကိုးဗစ် 19 အခြေအနေကြောင့် အီစတာ အခါကြီးရက်ကြီးပွဲတော်များနဲ့ စပ်လျှင်းပြီး ထုတ်ပြန်ကြေညာချက်

ပုပ်ရဟန်းမင်းကြီး

ကိုးဗစ် 19 အခြေအနေကြောင့် အီစတာ အခါကြီးရက်ကြီးပွဲတော်များနဲ့ စပ်လျှင်းပြီး ထုတ်ပြန်ကြေညာချက်

အီစတာပွဲ မတိုင်ခင် ပြင်ဆင်ကျင်းပလေ့ရှိသော အခါကြီးရက်ကြီးပွဲတော်များကို လတ်တလော ရင်ဆိုင် ဖြစ်ပေါ်နေသည့် ကိုးဗစ် 19 ကပ်ရောဂါကြောင့် ပြောင်းလဲကျင်းပပြုလုပ်မည့် ၀တ်ပြုခြင်းများနဲ့ စပ်လျှင်းပြီး ကြေညာချက်များကို မတ်လ၁၉ ရက်နေ့တွင် ပထမအကြိမ်၊ မတ်လ ၂၅ ရက်တွင် ဒုတိယအကြိမ်အဖြစ် ဖြည့်စွက်ကာ ပုပ်ရဟန်းမင်းကြီး၏ ညွှန်ကြားမှုနှင့် အတူ ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်သည် ၂၀၂၀ ခုနှစ်အတွက်သာ အကျုံးဝင်ပတ်သက်မှုရှိသည်။

အီစတာပွဲတော်နေ့

သခင်ယေဇူးရှင်ပြန်တော်မူသော ပါစကားပွဲတော်နေ့ကို ပြောင်းရွှေ့မရနိုင်သောကြောင့် ကိုးဗစ် 19 ကပ်ရောဂါ ဆိုက်ရောက်နေသည့်နေရာများ၌ သတ်မှတ်ထားသည့်အတိုင်း ဆရာတော်ကြီးများနှင့် ဘုန်းတော် ကြီးများသည် လူထု ပရိသတ်မပါဝင်ဘဲ သင့်လျော်သောနေရာတွင် ကျင်းပပြုလုပ်ရပေမည်။ အတူတကွ မစ္ဆားပူဇော်ခြင်းနှင့် ငြိမ်းချမ်းခြင်း အမှတ်လက္ခဏာ ကမ်းလှမ်းခြင်းများကို ချန်လှပ်ထားရမည်။

ဘာသာဝင်များ ပါဝင်နိုင်မှု

ဘာသာဝင်များသည် မိမိတို့ အိမ်မှ ဘုရားရှိခိုးခြင်းများကို သဒ္ဓါကြည်ညိုစွာ ပါဝင်ပြုလုပ်နိုင်ရန် ရဟန်း ဘုန်းတော်ကြီးများမှ မိမိတို့၏ ဘာသာဝင်သား သမီးများကို ၀တ်ပြုကိုးကွယ်ခြင်း ပြုလုပ်ချိန်များကို အသိပေး ကြေညာပေးထားရမည်။ Online မှ Live လွှင့်ပေးချိန်၌ ပါဝင်ရမှာ ဖြစ်ပြီး လွှင့်ပေးသော Live သည် ထုတ်လွှင့် ပြီးသား မဖြစ်ရဘဲ လက်ရှိလွှင့်နေသော Live သာဖြစ်ရမည်။ ၀တ်ပြုဆုတောင်းခြင်းများသည် အရေးကြီး သောကြောင့် ဆုတောင်းချိန်အတွက် လုံလောက်သော အချိန်ပမာဏကို ထားရှိပေးရမည်။

မေတ္တာပန်း တနင်္ဂနွေ

သန့်ရှင်းသော ရက်သတ္တပါတ်သည် မေတ္တာပန်းတနင်္ဂနွေနေ့ဖြင့် စတင်သည်။ သခင်ခရစ်တော် ဂျေရုဆလင်မြို့သို့ တခမ်းတနား ကြွဝင်တော်မူခြင်းကို အောက်မေ့သည့် ဤပွဲတော်အား မွန်မြတ်သပ္ပါယ်သော နေရာတွင် ကျင်းပရန် အားပေးသည်။ ကာသီဒြယ်ကျောင်းတော်၌ ပြုလုပ်မည်ဖြစ်ပါက Roman Missal ၀ိနည်းထဲမှ ဒုတိယ ပုံစံကို အသုံးပြုရမည်ဖြစ်ပြီး ဘုရားကျောင်းများ၌ ပြုလုပ်မည်ဖြစ်လျှင် တတိယပုံစံကို အသုံးပြုရန် သတ်မှတ်ထားသည်။

ကြာသပတေးနေ့ ဆီကောင်းကြီးပေးခြင်း မစ္ဆားတရား

ကြာသပတေးနေ့တွင် ကျင်းပပြုလုပ်သော ဆီကောင်းကြီးပေးခြင်း မစ္ဆားတရား ပြုလုပ်မည့် နေ့ကို ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ညွှန်ကြားပေးပါလိမ့်မည်။ ယေဘုယျအားဖြင့် ယင်းပွဲတော်ကို သာသနာတိုင်း၌ ကြာသပတေးနေ့ ကြီး သို့မဟုတ် သန့်ရှင်းသော ရက်သတ္တပါတ်အတွင်း တစ်ရက်ရက်တွင် ကျင်းပလေ့ရှိသည်။

ကြာသပတေးနေ့ကြီး

ကြာသပတေးနေ့ကြီးတွင် ပြုလုပ်လေ့ရှိသည့် ခြေဆေးခြင်း အခမ်းအနားကို မပြုလုပ်ရန် ကြေညာ ချက်၌ ဖော်ပြထားသည်။ မစ္ဆားတရားပြီးနောက် ပြုလုပ်လေ့ရှိသည့် ကိုယ်တော်မြတ် စီတန်းလှည့်လည်ကာ ဖူးမြော်ဝတ်ပြုခြင်းကိုလည်း မပြုလုပ်ရပါ။ ကိုယ်တော်မြတ်စက္ကရမင်တူးကို ကိုယ်တော်မြတ် ဗိမ္မာန်ကျောင်း ဆောင်တော်၌သာ ထားရှိရမည်ဖြစ်သည်။ ရဟန်းတော်များအား လူထုပရိသတ်မပါဝင်ဘဲ မစ္ဆားတရားကို သင့်တော်သည့်နေရာ၌ ကျင်းပပူဇော်ရန် အထူးခွင့်ပြုထားသည်။

သောကြာနေ့ကြီး

သခင်ယေဇူး အသက်စွန့်တော်မူသော သောကြာနေ့ကြီးကို ကျင်းပသည့်နေရာတိုင်း၌ ကိုးဗစ်19 ကြောင့် သေဆုံးသွားသူများ၊ နာမကျန်းဖြစ်နေသူများနှင့် စိတ်ဓါတ်ကျနေသူများအတွက် အထူးရည် ရွယ်ဆုတောင်းပေးရန် ဆရာတော်များမှ စီစဉ်သတ်မှတ်ပေးရန် ညွှန်ကြားထား သည်။ ကားတိုင်တော် ရိုသေဂါရ၀ ပြုခြင်းအခမ်း အနား၌လည်း ကျင်းပသည့် ရဟန်းတော် တစ်ပါးမှလွဲ၍ တခြားသူများအား ကန့်သတ်ထားသည်။

အီစတာပွဲတော် အဖိတ်ည

အီစတာပွဲတော် အဖိတ်ည ၀တ်ပြုခြင်းအခမ်းအနားကို ကာသီဒြယ်များနှင့် ဘုရားကျောင်းများ၌သာ ကျင်းပပြုလုပ်ရမည်ဖြစ်သည်။ ဆေးကြောခြင်း စမ်းအိုင်ဖြစ်သည့် ရေကောင်းကြီးပေးခြင်း အခမ်းအနား၌ ဆေးကြောခြင်းကတိသစ္စာများ ပြန်လည်မွမ်းမံခြင်းကို ပြုလုပ်သွားရမည်ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်များကို ရဟန်းသင်ကျောင်းများ၊ ရဟန်းအိမ်ယာများ၊ သုံးပါးသစ္စာခံ ရသေ့ ကျောင်းများနှင့် သူတော်စင်အဖွဲ့အစည်း အသီးသီးတို့မှလည်း ဤထုတ်ပြန်ညွှန် ကြားချက်များကို လိုက်နာကြရ မည်ဖြစ်သည်။

ထိုထုတ်ပြန်ကြေညာချက်တွင် တရားဝင် ၀တ်ပြုကိုးကွယ်ခြင်း အခမ်းအနားများကဲ့သို့ မဟုတ်ဘဲ သန့်ရှင်းသော ရက်သတ္တပါတ်နှင့် ပါစကား အခါကြီး ရက်ကြီးများကို အားပေးလေးနက်မှုဖြစ်စေသည့် လူထု သဒ္ဓါကြည်ညို ခြင်းများ၊ စီတန်းလှည့်လည်ခြင်းများကို နှစ်တစ်နှစ်၏ သင့်လျော်သောနေ့ရက်များ၌ ပြောင်းရွှေ့ပြုလုပ်နိုင်သည်။ ဥပမာ၊ စက်တင်ဘာလ ၁၄ ရက် (ခရူးစူးတိုင်အောင်နိုင်ပွဲ) နှင့် စက်တင်ဘာလ ၁၅ ရက် (၀မ်းနည်းခြင်း မယ်တော်ပွဲ) နေ့တို့၌ သဒ္ဓါကြည်ညိုခြင်းကို ပြုလုပ်နိုင်သည်။ ဤသို့သော သဒ္ဓါကြည်ညိုခြင်းများအား ပြောင်းရွှေ့ကျင်းပခြင်းကို သာသနာပိုင်ဆရာတော်ကြီး၏ ဆုံးဖြတ်လမ်းညွှန်မှုဖြင့် ပြုလုပ်ရမည်ဖြစ်သည်။

ဘာသာပြန်- သီကိုရှင်း
Photo credit: The Catholic Sun

https://bit.ly/343NBSr

Add new comment

5 + 0 =