ကိုရိုနာဗိုင်းရပ်စ် (Covid 19) ဖြစ်ပွားနေစဉ်ကာလအတွင်း အာဟာရပြည့်၀အောင် ဘယ်လိုစားသောက် နေထိုင်ကြမလဲ ???

ကိုရိုနာဗိုင်းရပ်စ် (Covid 19) ဖြစ်ပွားနေစဉ်ကာလအတွင်း အာဟာရပြည့်၀အောင် ဘယ်လိုစားသောက် နေထိုင်ကြမလဲ ???

ကိုရိုနာဗိုင်းရပ်စ် (Covid 19) ဖြစ်ပွားနေစဉ်ကာလအတွင်း အာဟာရပြည့်၀အောင် ဘယ်လိုစားသောက် နေထိုင်ကြမလဲ ???

 

အာဟာရပြည့်ဝစွာ စားသုံးခြင်းဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ပြီး ကျန်းမာခြင်းကိုပါ ပေးစွမ်းနိုင်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကို သင့်တင့်မျှတစွာ စားသုံးလျှင် ရောဂါပိုးများ ဝင်ရောက်လာခဲ့ရင်လည်း ပြန်လည်ခုခံနိုင်မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးများနဲ့ အစားအသောက်ရယ်လို့ မရှိသေးပါ။ ရောဂါပိုးမကူးစက်အောင်သာ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှာနေခြင်း စတဲ့ လမ်းညွှန်ချက်များကိုသာ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

Covid 19 ရောဂါပိုးသည် ဘက်တီးရီးယားကြောင့်မဟုတ်ဘဲ Virus ကြောင့်ဖြစ်တဲ့ရောဂါဖြစ်တဲ့အတွက် ရောဂါကူးစက်ခံရလျှင် ပြန်လည်ခုခံနိုင်အောင် မိမိ၏ကိုယ်ခံအားကောင်းမွန်အောင် လုပ်ဆောင်ဖို့က အဓိကအချက်တစ်ခုဖြစ်ပါတယ်။

ကိုယ်ခံအားကောင်းမွန်စေတဲ့ ဗီတာမင်၊ သတ္တုဓာတ် နှင့် အသားဓာတ်တွေကို နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေကနေ ရရှိနိုင်ပါတယ်။

ဗီတာမင်စီ (Vitamin C)၊ ဗီတာမင်ဒီ (Vitamin D)၊ ဇင့် (Zinc) ၊ သံဓာတ် (Iron) နှင့် အသားဓာတ် (Protein) စတဲ့ ဓာတ်တွေက ကိုယ်ခံအားမြှင့်တင်စေနိုင်တဲ့ ဓာတ်တွေဖြစ်ပါတယ်။

Vitamin C ကြွယ်၀သောအစားအစာများ -- လီမွန်၊ သံပုရာသီး၊ နာနတ်သီး၊ လိုင်ချီး၊ သင်္ဘောသီး၊ ကီဝီသီး၊ ကိုက်လန်၊ ပန်းဂေါ်ဖိစိမ်း

Vitamin D ကို နေရောင်ခြည်ကနေရရှိနိုင်ပါတယ်။ တနေ့ကို ၁၅မိနစ်ခန့် နေရောင်ခြည်ခံပေးခြင်းဖြင့် လိုအပ်တဲ့ Vitamin D ကို ရရှိနိုင်သလို အစားအသောက် တွေ ကနေလည်း ရရှိန်ိုင်ပါတယ်။

Vitamin D ကြွယ်၀သော အစားအစာများ-- Oily Fish (ဆဲလမွန်ငါး၊ ဆာဒင်း)၊ Cheese၊ နွားနို့ ၊ ဒိန်ချဉ်၊ ထောပတ်၊ အသည်း၊ မုန်လာဥနီ၊ တို့ဟူး

Zinc ဓာတ်ကြွယ်၀သော အစားအစာများ-- အစေ့အဆန်များ၊ ပုစွန်၊ ပဲနီလေး၊ ဥ၊ ဟင်းနုနွယ်၊ ကညွတ်၊ ဒိန်ချဉ်၊ ပဲပြား

သံဓာတ်ကြွယ်၀သော အစားအစာများ-- အနီရောင်ရှိသောအသားများ၊ အသည်း၊ ပဲကတီပါ၊ ပဲနီလေး၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း

အသားဓာတ် ကြွယ်၀သောအစားအစာများ--အမဲသား၊ ဝက်သား၊ ကြက်သား၊ ပင်လယ်စာ၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ တို့ဟူး

 အဆီအစိမ့်များသောအစားအသောက်တွေကို လျှော့စားပါ။

 သွေးတိုးစေနိုင်တဲ့ ဆားပါဝင်မှုများသော ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စတာတွေကိုလျှော့စားပါ။

 သကြားပါဝင်မှုများသော အချိုရည်များ၊ အားဖြည့်အချိုရည်များအစား သဘာဝအသီးအနှံ ဖျော်ရည်များကိုသောက်သုံးပါ။

 ရေကိုတစ်နေ့လျှင် အနည်းဆုံး ၂ လီတာခန့်သောက်သုံးပါ။

 ကိုယ်လက်လှုပ်ရှားမှု တစ်နေ့လျှင်နာရီဝက်ခန့် ပြုလုပ်ပေးပါ။

 နေ့စဉ် ကယ်လိုရီ ၂၀၀၀ မှ ၂၅၀၀ အတွင်းစားသုံးပေးရန် လိုအပ်ပါသည်။ နေ့စဉ် ကယ်လိုရီလိုအပ်ချက်ကို မဖြည့်နိုင်တဲ့ သူတွေအနေနဲ့ အာဟာရဖြည့်စွက်အရည် တွေ၊ အမှုန့်တွေကို အာဟာရပညာရှင်များနှင့် တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်။

 နာတာရှည်ရောဂါရှိသူများ၊ အသက်အရွယ်ကြီးရင့်သူများအနေနှင့် ရောဂါကူးစက်ခံရပါက ဆေးဝါးများကို ဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျသောက်သုံးရန်နှင့် အာဟာရပြည့်၀အောင် စားသုံးဖို့လိုအပ်ပါတယ်။

 ရောဂါကူးစက်ခံခဲ့ရလျှင်လည်း ကြောက်လန့်စိတ်ကိုလျှော့ချပြီး ရောဂါကိုအကောင်းဆုံး တွန်းလှန် နိုင်အောင် စိတ်ခွန်အားကိုမြှင့်တင်ထားဖို့လိုအပ်ပါတယ်။

 တစ်ယောက်နဲ့တစ်ယောက် ရောဂါကူးစက်မှု အခြေအနေမတူတဲ့အတွက် ဆေးဝါးများ သောက်သုံးလျှင် မိမိသဘောဖြင့်မသောက်သုံးဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရန် လိုအပ်ပါတယ်။

 မိမိသဘောဖြင့် အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးများကို အလွန်အကျွံသောက်သုံးခြင်း၊ ပိုးသတ်ဆေးများ၊ ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ စတီးရွိုက် (Steroid) ဆေးများကိုဆရာဝန် ညွှန်ကြားချက်မရှိဘဲ မသောက်သုံးရန်အထူးလိုအပ်ပါတယ်။

မြန်မာပြည်သူအားလုံး ကပ်ရောဂါဘေးမှကျော်လွှားနိုင်ကြပါစေ။

 

Dr. Naw A Thu Han

M.B.,B.S (Ygn)

Dip.Med.sc (Family Medicine)

M.Sc (Nutrition and Dietetics), UK

အထွေထွေရောဂါကုနှင့် အာဟာရဆိုင်ရာဆရာဝန်

 

#BeHealthy #DuringCovid19 #Howto #BalanceLife

Add new comment

7 + 6 =