Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
နွေးထွေးသော မေတ္တာ [ခရစ္စမတ်ဝတ္ထုတို]
နွေးထွေးသော မေတ္တာ [ခရစ္စမတ်ဝတ္ထုတို]
~~~~~~~~~~~
-----( ၁ ) ------
ခြံ၀င်းထဲကို ၀င်လိုက်သည်နှင့် သူ့ကို အရင်ဆုံးဆီးကြိုနှုတ်ဆက်လိုက်တာက တော့ Merry Christmas လို့ရေးထားသည့် ရောင်စုံမီးသီးတလက်လက်နှင့် ဆိုင်းဘုတ်ကြီးပင်ဖြစ်သည်။ ခြံတစ်၀င်းလုံး ရောင်စုံမီးသီးများ၊ ခရစ္စမတ်ဒီဇိုင်းများနှင့် လင်းထိန်တောက်ပလို့နေသည်။ ဒီနေ့က ဖိုးဂျွန်တို့၀န်ထမ်းတွေအတွက် သီးသန့်အထူးကျင်းပပေးသည့် ခရစ္စမတ်မိတ်ဆုံစား ပွဲ။ သူဌေးက နှစ်တိုင်းလိုလို ကျင်းပပေးလေ့ရှိသည်။ အချင်းချင်း ရင်းရင်းနှီးနှီး မိတ်ဆုံစားသောက်ပြီးတဲ့နောက် ခရစ္စမတ်လက်ဆောင်မဲနှိုက်ခြင်း အစီစဉ်လည်းရှိတာမို့ တစ်ယောက်တစ်မျိုး ဆုတွေကိုယ်စီနှိုက်ပြီး ပျော်ရွှင်စရာလည်း ကောင်းလှသည့်ပွဲတော်တစ်ခုပင်။
ဆုမဲတွေက ဆိုင်ကယ်၊ တီဗွီ တွေကအစ ပါ၀င်တာမို့ မဲနှိုက်သူတိုင်း ရင်တဖိုဖိုနှင့်။ ဖိုးဂျွန်ကတော့ ဆုအကြီးကြီးတော့မမှန်းထားပါ။ ဒီလိုစီစဉ်ပေးတာကိုတောင် များလှနေပြီ။ ဒါပေမဲ့လည်း ကိုယ့်မိသားစုအတွက် အသုံးလိုတာလေးတော့ ရချင်တာတော့အမှန်။ ရတာယူမှာပေါ့ကွာ ဆိုပြီး မဲကို မျက်စိမှိတ်၍ နှိုက်လိုက်သည်။ ဖြစ်ချင်တော့ ပေါက်သည့်မဲက အိတ်စောင်အကြီးကြီး တစ်ထည်ဖြစ်နေသည်။ဆုအကြီးကြီး မရပေမဲ့လည်း စောင်ပေါက်တယ်ဆိုတော့ မိသားစုအတွက် အသုံးလည်းတည့်၊ လိုလည်းလိုအပ်နေတာမို့ စောင်ပေါက်တာကိုပင် သူ့မှာ ပျော်ရပါသည်။
ရတဲ့ခရစ္စမတ်လက်ဆောင်လေးပိုက်ကာ အိမ်ပြန်ဖို့ ခြံ၀င်းထဲကအထွက်မှာ အထုပ်လေးတစ်ထုပ်နဲ့ မအေးတင်ကို တွေ့လိုက်သည်။
“Merry Christmas ပါ ကိုဖိုးဂျွန်”
“same to you မအေးတင်၊ မပြန်သေးဘဲ ဘာလုပ်နေတာလဲ”
“သြော် . ရွှေမိလေ . . သူ့ကိုစောင့်ဦးဆိုလို့ စောင့်နေတာ၊ ဒါနဲ့ ရှင်က ခရစ္စမတ်လက်ဆောင် ဘာပေါက်လဲ”
“ ကျွန်တော်က အိတ်စောင်ပေါက်တယ်ဗျ .. ဒါနဲ့ အမရော ဘာရလဲ”
“ ကိုဖိုးဂျွန် ကံကောင်းတာပေါ့ ၊ ကျွန်မက ကော်ဖီထုတ်နဲ့ မုန့်ပုံးတစ်ဗူး ပေါက်တယ်၊ ကျွန်မသာ ရှင်နေရာဆိုရင်တော့ သိပ်ပျော်မိမှာပဲ”
မအေးတင်၏ စကားကို ဖိုးဂျွန်ရိပ်မိလိုက်ပါသည်။ မအေးတင်သည် တစ်နေ့လုပ်မှတစ်နေ့စားရသည့် မုဆိုးမ၊ အပို၀င်ငွေဆိုတာမရှိ။ မအေးတင်ဘ၀အကြောင်းဖိုးဂျွန်သိတာမို့ ကိုယ်ချင်းစာမိသည်။ သူမက ဆက်ပြောရှာသည်။
“ဟုတ်တယ် ကိုဖိုးဂျွန်ရဲ့ ကလေးကများတော့ ဒီနှစ်ဆောင်းရာသီမှာ စောင်ကမလောက်ဘူးလေ၊ ကျွန်မမလာခင်က စောင်တစ်ထည်လောက်ရရင် ကောင်းမှာပဲလို့ စိတ်ကူးနေတာ၊ ကိစ္စမရှိပါဘူးလေ၊ ဖိုးဂျွန်တို့ဘုရားသခင်က ပစ်မထားလောက်ဘူးထင်ပါရဲ့”
မအေးတင်က ရယ်သွမ်းလေးနဲ့ အိန္ဒြေရှိစွာ ပြောလိုက်ပါသည်။ သူမက ခရစ်ယာန်ဘာသာ၀င် မဟုတ်ပါ။ ဖိုးဂျွန်ပြောပြောနေ၍သာ ခရစ်ယာန်ဘာသာအကြောင်းရင်းနှီးနေ
သည်။ အခုမှ ဖိုးဂျွန် ကိုယ့်ထက်ဆိုးသည့် ကံဆိုးမနဲ့မှ တည့်တည့်တိုးနေရပေသည်။ ဒီစောင်လေးက ဖိုးဂျွန်တို့ မိသားစုအတွက်လည်း လိုအပ်လို့ နေသည်။ တစ်ဖက်ကိုကြည့်ပြန်တော့လည်း မအေးတင်၏ ဒုက္ခအမောက သူ့ထက်ပြင်းထန်သည်။ ဖိုးဂျွန်ဘာလုပ်ရမှန်းမသိအောင် ဦးနှောက်ခြောက်သွားသည်။ ကလေး(၄) ယောက်အမေ၊ မုဆိုးမ မအေးတင်ဖက်သို့ မေတ္တာစိတ်တွေ အလေးပိုသွား သည်။ နောက်ဆုံးတော့ သူဆုံးဖြတ်လိုက်ပါသည်။
“ ကဲ ဒီလိုလုပ်ပါလား မအေးတင်၊ အစ်မလက်ဆောင်နဲ့ ကျွန်တော့်လက်ဆောင် လဲရအောင်လေ။ အိမ်မှာလည်း အမေက ဖျားနေတာဆိုတော့ အမရဲ့လက်ဆောင်က အမေ့အတွက် အဆင်ပြေဆုံးပေါ့။ အိမ်မှာက စောင်တွေရှိပါတယ်၊ အမ ဒီစောင် လေး ယူသွားလိုက်ပါနော် . . . ရော့”
ပြောပြောဆိုဆိုနဲ့ ကိုဖိုးဂျွန်က သူ့လက်ဆောင်ကို ထိုးပေးလိုက်ပါသည်။
“ကိုဖိုးဂျွန် ရှင်တကယ်ပြောတာနော်၊ ၀မ်းသာလိုက်တာရှင်၊ ကျွန်မဘယ်လိုကျေးဇူးတင်ရမှန်းမသိ တော့ဘူး”
“ မလိုပါဘူး အမရယ် ၊ အမကိုပေးတဲ့ ကျွန်တော့်ရဲ့ ခရစ္စမတ်လက်ဆောင်လို့ သဘောထားလိုက်၊ ဟုတ်ပြီလား”
ကိုဖိုးဂျွန်လည်း မအေးတင်ရဲ့လက်ဆောင်ကိုယူပြီး ပြန်လာခဲ့သည်။ အိမ်ရောက်တော့ မိသားစုကို သူရတဲ့ ခရစ္စမတ်လက် ဆောင်ဆိုပြီး မိန်းမဖြစ်သူကို ပေးလိုက်သည်။ ပြီးတော့ ဖိုးဂျွန် အိပ်ယာ၀င်ကာ မအေးတင်အကြောင်း စဉ်းစားရင်း အိပ်ပျော် သွားပါသည်။ အိပ်မက်ထဲမှာ မအေးတင်က သူ့ကိုကျေးဇူးတင်ကြောင်းပြော၍ မဆုံးတော့။
------ (၂) ------
မနက်ခင်းအိပ်ယာမှမနိုးသေး ၊ သူ့မိန်းမ၏ ဒေါသ ဆိုက်ကလုန်းက နားထဲကို စူးစူးရှရှ ၀င်လာသည်။
“ ကိုဖိုးဂျွန် . . .”
အသံကမာပြီးတော့ ဒေါသရိပ်တို့ စွက်နေသည်။
“ ထစမ်းပါဦး . . . ထပါဦး ဘယ်မလဲ မနေ့က ရှင်ရတဲ့ ခရစ္စမတ်လက်ဆောင်”
ဖိုးဂျွန်က အိပ်မှုံစုံမွှားနဲ့ မျက်နှာပွတ်၍ ထလိုက်သည်။
“ ဘာလဲကွာ ၊ စောစောစီးစီး မနေ့ညက မင်းကိုပေးပြီးပြီပဲ”
“သြော် တော်က ခုမှ မသိချင်ယောင်ဆောင်နေတယ်ပေါ့ ဟုတ်လား။ ရှင်မနေ့ညက အိတ်စောင်ပေါက်တယ်ဆို၊ ကျုပ်ကို နီလာတို့ အကုန်ပြောပြီးပြီ ၊ အဲဒီစောင် အခုဘယ်မလဲ ဘယ်က မယားငယ်ကို ပေးကမ်းလိုက်တာလဲ ပြောစမ်းပါဦး”
ဖိုးဂျွန် မိန်းမက နုတ်ကြမ်းလျှာကြမ်းသည်။ စောစောစီးစီးလာရစ်နေတာမို့ စိတ်က ထောင်းကနဲဖြစ်သွားသည်။
“မင်းငါ့ကို မစော်ကားနဲ့ . . ဟုတ်တယ် ငါစောင်ရတာမှန်တယ်။ ဒါပေမဲ့ ငါ ဘယ်မယားငယ်ကိုမှ ပေးတာမဟုတ်ဘူး။ ငါဆိုတဲ့ကောင်က မယားငယ်ထားရလောက်အောင်လည်း သစ္စာမမဲ့ဘူးကွ။ ကိုယ့်ထက်အခြေနေပိုဆိုးတဲ့သူနဲ့ လက်ဆောင် ချင်းလဲပေးလိုက်တာ . . .အဲဒီတော့ မင်းကဘာမကျေနပ်လဲ ပြော”
“အောင်မလေး ကိုဖိုးဂျွန်ရဲ့ ရှင်က ဘယ်လောက်တောင်ချမ်းသာနေလို့တုန်း၊ ရှင့်မိသားစုကိုလည်း နဲနဲပြန်ကြည့်ပါဦးတော်”
“ ငါကွာ . . ဒီမိန်းမ တယ်စကားများပါလား၊ မင်းတော်တော်တရားလွန်နေပြီနော်၊ မနက်မိုးလင်း ကျက်သရေမရှိအောင် ငိုယိုညည်းပြနေတာ ငါ အမုန်းဆုံးပဲ၊ ငါ့ဒေါသတွေ မပေါက်ကွဲခင် အခုငါ့ရှေ့က ထွက်သွား”
ယောက်ျားက ငေါက်ယုံငေါက်ပြီး ဘာမှမလုပ်ရသေးခင် ငိုချင်းက ညည်းချပစ်လိုက်သည်။ မိန်းမက ငိုတော့ ဖိုးဂျွန် စိတ်ကို နဲနဲပြန်လျှော့လိုက်သည်။စိတ်ငြိမ်အောင် စောင့်ပြီးတော့မှ ကိုဖိုးဂျွန် အကျိုးအကြောင်း သဘောပေါက်အောင် ရှင်းပြသည်။
“ဒီမယ် ငါ့မိန်းမ၊ နောက်ကိုဘယ်တော့မှ အဲလိုမညည်းနဲ့ကွာ၊ ငါတို့ အဆင်မပြေတာမှန်တယ်။ ငါ့မိသားစုအတွက် ငါလည်း စဉ်းစားတာပေါ့၊ အခြေအနေကြည့်ပြီး မအေးတင်ကို ကူညီလိုက်တာ ငါကျေနပ်တယ်ကွာ ၊ ငါကျေနပ်တယ်”
အခြေအနေအကျိုးအကြောင်း နားလည်အောင်ရှင်းပြနေစဉ် လူတစ်ယောက်ရောက်လာသည်။
“ကိုဖိုးဂျွန် ၊ ဒီမယ် ခင်များဖို့တဲ့ မအေးတင်ပေးခိုင်းလိုက်တာ”
ထိုလူယူလာသည့် အထုပ်ကိုမြင်လိုက်တော့ ဖိုးဂျွန် စိတ်မကောင်းဖြစ်သွားသည်။သူနဲ့လဲလိုက်သည့် စောင်ထုပ်ကြီးဖြစ်နေတာကိုး။ မအေးတင် ဘာလို့ပြန်လာပေးတာပါလိမ့်၊ တို့လင်မယား စကားများတာသိပြီးတော့များ . . ဟာ ဒါလည်းမဖြစ်နိုင် ပါဘူး။ ဖိုးဂျွန် စဉ်းစားရကျပ်သွားသည်။ရပ်ကွက်က လည်းတခြားစီပါ။ စောင်ထုတ်လေးကိုဖွင့်ကြည့်လိုက်တော့ စာတစ်စောင် ထွက်လာသည်။ စာလေးကိုဖွင့်၍ သူဖတ်ကြည့်လိုက်ပါသည်။
“ ဖိုးဂျွန် . .
အစ်မလေ အရမ်းကျေးဇူးတင်ပါတယ်။ ဖိုးဂျွန်နဲ့ လဲလိုက်တဲ့ စောင်ထဲမှာ ငွေသုံးသောင်းလည်း ပါနေသေးတယ်။ ဘုရားက အစ်မတို့ မိသားစု လိုတာကိုပေးတယ်သိလား။ ညက ရွှေမိကိုစောင့်ရင်း သူရောက်လာတော့ သူဌေးက ပေးခိုင်းလိုက်တဲ့လက်ဆောင်ဆိုပြီး ငွေသုံးသောင်းပေးလာတယ်။ အဲဒါနဲ့ အိမ်အတွက်လိုအပ်တာလေးတွေ ၀ယ် လိုက်ပါတယ်။ ဖိုးဂျွန်ရဲ့ စောင်နဲ့ ငွေ သုံးသောင်းကို ခရစ္စမတ်လက်ဆောင်အဖြစ် အစ်မပြန်ထည့်ပေးလိုက်တယ်။ ဖိုးဂျွန်တို့ ခရစ်ယာန်တွေက ဒုက္ခသည်အပေါ် စာနာတတ်တယ်ဆိုတာ အမကိုယ်တွေ့ကြုံလို့ ယုံလိုက်ပါပြီ။ ဖိုးဂျွန်ရဲ့ စောင်လေးက အစ်မတို့ မိသားစုကိုနွေးထွေးစေသလို ဖိုးဂျွန်ရဲ့ မေတ္တာ အနွေးဓါတ်ကလည်း အစ်မတို့ နှလုံးသားတွေကို နွေးထွေးစေပါတယ် . . ကျေးဇူးတင်ခြင်းများစွာနဲ့ . . .
အစ်မအေးတင်”
စာလေးက ဒီမှာတင်ဆုံးသွားသည်။ ဖိုးဂျွန်၏ ပီတိကတော့ နှလုံးသားထဲကို စိမ့်၀င်စီးဆင်းနေဆဲ။ လှိုက်ဖိုခြင်း၊ ပျော်ရွှင်အံ့သြခြင်းများစွာနဲ့ ပြည့်နှက်လို့သွားသည်။ ကြည့်စမ်းပါ . . .လုံး၀မထင်မှတ်ထားတဲ့ အရာတွေ။ သူတစ်ပါးအပေါ်မှာ မေတ္တာထားရင် ကိုယ့်ရဲ့ နှလုံးသားကိုပါ ရောင်ပြန်ဟပ်တယ်ဆိုတာ နဖူးတွေ့ ဒူးတွေ့ခံစားလိုက်ရသည်။ ဒီနှစ် ခရစ္စမတ် ကတော့ သူ့အတွက် မေတ္တာဓါတ်တွေလွှမ်းခြုံပြီး အဓိပ္ပါယ်ပြည့်နှက်စေသည့် ခရစ္စမတ်ပါပဲ။ သူတစ်ချက်လောက် စဉ်းစားကြည့်မိပါသည်။ မေတ္တာဓါတ်ဟာ ဘယ်လောက်တောင် စွမ်းအားတန်ခိုးတွေ ရှိနေပါလဲလို့။ ကဲ . ဆောင်းရာသီကြီးရေ လောကကြီးကို ကြိုက်သလို အအေးဓါတ်တွေနဲ့ ချမ်းတုန်သွားအောင်လုပ်လိုက်စမ်းပါ။
ဘယ်လောက်ပဲ ချမ်းအေးခိုက်တုန် နေပါစေ၊ တို့တစ်တွေသာ မေတ္တာတရားနှင့် လွှမ်းခြုံနိုင်မယ်ဆိုရင်တော့ . . . . ။
~~~~~ သီကိုရှင်း ~~~~~
Add new comment