ခရစ္စမတ်လူငယ်

ခရစ္စမတ်လူငယ်

***************

___ ( ၁ ) ____

ဂစ်တာယူပြီး ဘုန်းကြီးဆောင်ထဲမှ ထွက်လိုက်သည်နှင့် ကာလာစုံလူငယ်များကို မြင်လိုက်ရ၍ ဖာသာရ်ပေါလ် ရင်ထဲ ကျေနပ်ပီတိတွေ ဖြစ်သွားရပါသည်။ ဒီနေ့က ဖာသာရ်ပေါလ်နှင့် လူငယ်များမှ ခရစ္စမတ်ကယ်ရယ်သီချင်းများနှင့် ခင်ရာမင်ရာ မိတ်ဆွေများကို သွားရောက်နုတ်ဆက်ကြမည့်နေ့။ သေချာကြည့်လိုက်တော့မှ ကိုယ်တောင် တစ်ခါမှ မမြင်ဖူးသေးတဲ့ လူငယ်များကိုပါ သတိထားမိလိုက်သည်။ ထားပါတော့လေ ။ လူများတော့လည်း အုပ်စုတောင့်တာပေါ့ဆို ပြီး ပြောချင်သည့်စကားကို မပြောတော့ဘဲ မျိုချပစ်လိုက်သည်။

"အားလုံးအဆင်သင့်ဖြစ်ရင် မေတ္တာဆိုပြီး သွားကြမယ်ဟေ့"

ဖာသာရ်ပေါလ်မှ ခရစ္စမတ်ကယ်ရယ်သီချင်းဆိုထွက်သည့်အခါ အစစအရာရာ အဆင်ပြေချောမွေ့ဖို့ ဆုတောင်းမေတ္တာ တိုင်ပေးလိုက်သည်။ စုစုပေါင်း လူဦးရေက အယောက် (၄၀) ခန့်ရှိသည်။ သီချင်းတိုက်တုန်းက အယောက် (၂၀) တောင် မပြည့်ချင်။ အခုကျမှ လူငယ်အသစ်တွေ ဘယ်ချောင်ကနေ ထွက်လာကြလဲမသိ။ ခုလို လာပေးတာကိုပင် ကြံဖန်ပြီးတော့ ကျေးဇူးတင်ရတော့မလိုလို . . ။

ဖာသာရ်ပေါလ်နှင့် လူငယ်အဖွဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် ခရစ္စမတ်သီချင်းများဖြင့် သီဆို နုတ်ဆက်ကြသည်။ မိမိရင်ထဲမှာ ခံစားနေရသည့် ၀မ်းမြောက် ရွှင်လန်းခြင်းများကို သူတစ်ပါးနှင့် ဝေမျှခွင့်ရခြင်းပင်လျှင် ခရစ္စမတ်၏ ရသဟု ဆိုရပေတော့မည်။ ခရစ္စမတ်ရောက်လျှင် တစ်ဦးနှင့်တစ်ဦး ကဒ်ကလေးတွေ၊ လက်ဆောင်လေးတွေပို့၍ ပျော်ရွှင်စွာ နုတ်ဆက်ကြသည်။ ကယ်တင်ရှင်မွေးဖွားခြင်းသည် ခရစ်ယာန်တိုင်း၏ မဟာပျော်ရွှင်ဝမ်းမြောက်ခြင်း၏ အကြောင်းရင်းတစ်ခုပင်။

" ခွမ်း " . .

အတွေးလေးနှင့် ပီတဖြစ်နေခိုက် အနောက်ဖက်ဆီမှ ခွမ်းကနဲ ပုလင်းကျကွဲသံ တစ်ခုကို ကြားလိုက်ရသည်။ အိမ်ရှေ့မှာ တေးဆိုနုတ်ဆက်နေစဉ် အိမ်အနောက်မှာ ပုလင်းကို ပွေ့ဖက်နေသည့် ယမကာ လုလင်ပျိုတို့ သောင်းကျန်းကြပြီထင်သည်။ သေချာမှာထားသည့်ကြားကပင် ဒီအရက်က ပါလာပြန်သည်။ ခရစ္စမတ်ရောက် ရင် အရက်က အော်တိုမက်တစ် ယှဉ်တွဲပါလာပြီလား မသိတော့။

တချို့ဆို ခရစ္စမတ်ပွဲကို အရက်သောက်ပွဲကြီး ကျင်းပခွင့်ရသည့်အတိုင်း အာသာပြင်းပြင်းနှင့် စောင့်စားတတ်သူများလည်းရှိသည်။ ကြည့်ရတာ ရုပ်ပျက်ဆင်းပျက်ရှိလှ သည်။ မနှစ်က လူငယ်တစ်ယောက် စန်တာကလော့စ် ၀တ်စုံကြီး ၀တ်ပြီး မူးမူးရူးရူးနဲ့ ထ ကသည်။ အရက်နံ့ကသင်း တမြမြ။ ဘာသာခြားမိတ်ဆွေတွေအိမ်ရှေ့မှာဆို ရှက်လွန်းလို့ မျက်နှာကို ဘယ်နား ထားရမှန်းကိုမသိ။ ကပြီး မပြီးသေး။ ထပ်ခါထပ်ခါ သောက်လိုက်မှောက်လိုက်နဲ့ တကယ့် စန်တာကလော့စ်ဘိုးဘိုးကြီးသာ မြင်တွေ့ရင်တော့ ဘယ်လောက် တောင် ရင်ထုမနာ ဖြစ်လိုက်မည်နည်း။ မဖြစ်သေးပါဘူးဆိုပြီး ဖာသာရ်ပေါလ်ကိုယ်တိုင် အိမ်နောက်သို့ သွား၍ အကြောင်းအရင်းကို အကဲခတ်ကြည့်လိုက်သည်။ ကယ်ရယ်စင်းဂင်း ပြီးသည်အထိ ရုပ်မပျက်အောင် ကိုယ်တိုင်ကိုယ်ကျ ထိန်းပေးရသည်အထိပင်။ ရှေ့တစ်အိမ်ပြီးရင်တော့ ဒီညအဖို့တော့ ကယ်ရယ်သီချင်းဆိုပြီးတော့မည်။ ဒီကြားထဲ မိန်းကလေးတွေက စိတ်ကောက်တဲ့သူနဲ့၊ သမီးရည်းစားအကြည်ဆိုက်နေတဲ့သူနဲ့၊ ဖက်ရှင်ဒီဇိုင်းကို သူထက်ငါ အပြိုင်ကြဲချင်တဲ့သူက ရှိသေးသည်။ ဒါ လူငယ်သဘာဝပဲလေ …။ ဒီလောက်တော့ ဖာသာရ်ပေါလ် နားလည်ပေးလို့ ရပါသည်။

သီချင်းဆိုပြီးသည့်နောက် ကားပေါ်မှာ လူစုံ မစုံ လူငယ်ဥက္ကဌက သေချာလိုက်၍ စစ်ဆေးကြည့်သည့်အခါ

"ဖာသာရ်ပေါလ် . . အောင်တိုးနှင့် ချက်ကြီး ကျန်သေးတယ် "

လူငယ်ဥက္ကဌက ပြောလာသည်။

" အဲ့ဒါမှ ပြသနာပဲကွာ ၊ ဒီကောင်တွေ ခုနကလည်း အရက်သောက်ပြီး သောင်းကျန်းနေသေးတယ်။ လာ လူငယ်တချို့ လိုက်ခဲ့ ၊ ခုနက လမ်းထဲ ပြန်သွားကြည့်ရအောင် . . "

ရပ်ကွက်လမ်းကြားထဲကို ပြန်သွားရှာကြည့်တော့ ပတ်ဝန်းကျင်က တိတ်ဆိတ်လို့။ အိမ်တွေလည်း တံခါးတွေပိတ်ပြီး အိပ်ရရာဝင်ကုန်ကြပြီ။ အောင်တိုးနဲ့ ချက်ကြီးကို တော်တော်နှင့် ရှာလို့မတွေ့။

"ရှေ့နားက အပင်အောက်မှာ တစ်ခုခုတွေ့မိသလိုပဲ ဖာသာရ်"

လူငယ်တစ်ယောက် ဓါတ်မီးနဲ့ထိုးကြည့်ရင်း ပြောတော့မှ သေချာကြည့်မိသည်။ အောင်တိုးနဲ့ ချက်ကြီး တုံးလုံးပက်လက်လဲနေသည်။ လူငယ်တွေက လဲနေသော သူတို့အား ဝိုင်းထူ မပေးလိုက်ကြသည်။

"ဟား . . ခေါင်းမှာလည်း ဒဏ်ရာတွေနဲ့ပါလား၊ သွေးတွေလည်း ရဲလို့၊ ဟေ့ကောင် အောင်တိုး သတိရပြီးလား၊ နဲနဲပါးပါး သတိထားဦးမှပေါ့ကွာ"

ဖာသာရ်ပေါလ်က အောင်တိုးကို လှုပ်နှိုး၍ ပြောလိုက်သည်။ ချက်ကြီးကတော့ ဘာမှ ကြီးကြီး မဖြစ်လိုက်၍ တော်သေးသည်။ ကြည့်ရတာ ရန်ဖြစ်ပြီး အရိုက်ခံရလို့ မေ့မြောသွားပုံရသည်။ တအောင့်လောက်နေတော့ ချက်ကြီး ပြန်သတိရလာသည်။ အောင်တိုးကတော့ မေ့မြောနေဆဲ။

"ဟာ ချက်ကြီး သတိရလာပြီ၊ ချက်ကြီး . . ဘယ်လိုနေသေလဲ၊ ဘယ်လို ဖြစ်ကြတာလဲကွာ"

ဖာသာရ်ပေါလ် စိတ်ပူပူနဲ့ လှမ်းမေးလိုက်ရာ

"ဆောရီးပါ ဖာသာရ်၊ ခုနက တပည့်တော်တို့ ဘီယာသောက်ချင်လို့ ဘီယာဆိုင်လိုက်ရှာရင်း ကျန်ခဲ့တာ။ ဟိုရောက်တော့ အရက်သမားတချို့နဲ့ငြိပြီး ရန်စဖြစ်တာ ကံကောင်းလို့ မသေတယ်။ တပည့်တော်တို့ အပြေးမြန်လို့"

ချက်ကြီးက လေးပင်ဖြေးညင်းစွာ အဖြစ်အပျက်ကို ပြန်ပြောပြလေသည်။

"ကဲ ကဲ မြန်မြန် လုပ်ကြ၊ အောင်တိုးကို ဆေးခန်းပို့ရအောင်"

ဖာသာရ်ပေါလ် မှာကြားတော့မှ လူငယ်တွေ အောင်တိုးကို ၀ိုင်းမကာ ဆေးခန်းပို့လိုက်ကြသည်။ ထိုနေ့ညကတော့ လူငယ်များလည်း ထိပ်ထိပ်ပျာပျာ ဖြစ်သွားကြရလေသည်။

~~~~~~~~~~~~

___ (၂) ___

ခရစ္စမတ်ပွဲက တဖြေးဖြေးနဲ့ နီးလာပြီ။ ၃ ရက်သာလိုတော့သည်။ ဖာသာရ်ပေါလ်လည်း ဘာသာတူများ၏ ၀ိဉာဉ်ရေးအတွက် ပြင်ဆင်ပေးလိုက် ဘုရားကျောင်းအလှ မီးတွေဆင်လိုက်နှင့် အလုပ်ရှုပ်၍နေသည်။ သြော် မကြာခင် ခရစ္စမတ်ပွဲတောင် ရောက်လာတော့မှာပါလား။ မိမိကိုယ်ကိုတော့ ၀ိဉာဉ်ရေးပိုင်းဆိုင်ရာ ပြင်ဆင်ထားသည်မို့ စိတ်ကျေနပ်မှုတော့ ဖြစ်မိသည်။ ခရစ္စမတ်ကို အပေါ်ယ့တွေနဲ့ပဲ ပေါ့ပြတ်ပြတ်နဲ့ မပြီးဆုံးချင်ပါ။ ခရစ်တော်ဘုရားကို နှလုံးသားထဲမျာ အမှန်တကယ် မွေးဖွားစေချင်သည်။ အပြင်အဆင်တွေလုပ်ရင်း မောလာသည်မို့ သစ်ပင်အောက်မှာ အနားယူနေစဉ် လူငယ်တွေ အုပ်စုလိုက် ချီတက်လာသည်ကို တွေ့လိုက်ရသည်။

" ဘယ်လိုလဲ အဖွဲ့တောင့်လှချည်လားကွ၊ လာထိုင်ကြ"

ပြောပြောဆိုဆိုနဲ့ လူငယ်တွေကို နေရာပေး၍ ကြိုဆိုလိုက်ပါသည်။

"ဘာမှတော့ မရှိဘူးကွာ ရော့ သကြားလုံးစားကြ၊ အေး ဒါနဲ့ အောင်တိုးရော သက်သာရဲ့လား"

သကြားလုံးထုတ်ကို ကမ်း၍ ဖာသာရ်က မေးလိုက်သည်။ အောင်တိုးလည်း နေကောင်းသက်သာကြောင်း၊ ဖြစ်ခဲ့တဲ့ကိစ္စအတွက် လူငယ်ခေါင်းဆောင်မှ တောင်းပန်လိုကြောင်း၊ အခုလည်း သူတို့လာတာ လိုအပ်တဲ့ ဝေယျာဝိစ္စတွေ ကူလုပ်ပေးဖို့ ဖြစ်ကြောင်း ပြောပြကြသည်။ ဘုရားကျောင်းမှာ လုပ်အားပေးဖို့ ရောက်လာသည့် လူငယ်အဖွဲ့က ကယ်ရယ်ထွက်တုန်းက ဦးရေလောက် မနည်းမများ ပါလာကြတာတော့ ဖာသာရ်ပေါလ် သတိပြုမိသည်။ လူငယ်တွေကို တစ်ချက်လောက် ဝေ့ဝိုက်ကြည့်ရင်း

"ကောင်းပြီ၊ အခု မင်းတို့ လာကြတာ ဖာသာရ်အနေနဲ့ ကြိုဆိုတယ်။ ကယ်ရယ်ထွက်တဲ့ညက ပြောမထွက်ခဲ့တဲ့ စကားတစ်ခွန်းကို အခု ဖာသာရ်ပြောချင်တယ်။ အဲ့ဒီနေ့က မင်းတို့ကိုတွေ့တော့ ဖာသာ့ရ်စိတ်ထဲမှာ တွေးမိတယ်။ ခရစ္စမတ်အချိန်ကျမှ ပေါ်လာကြတဲ့ ပေါ်တော်မူ ခရစ္စမတ်လူငယ်လေးတွေပါလား ဆိုပြီးတော့ပေါ့လေ။ အရက်က သောက်၊ ဟေးလားဟားလားနဲ့ ရန်ဖြစ်လိုက်သေး ဆိုတော့ အမှန်တိုင်းပြောရရင် စိတ်တောင်ကုန်တယ်။ ဖာသာရ်တို့တွေက လောကမှာလည်း ပျော်ရမှာ၊ နောင်ဘ၀မှာလည်း ပျော်ချင်တာပဲလေ။ ဒါပေမဲ့ ခရစ္စမတ်ရောက်ရင် အပေါ်ယံ အစားအသောက်တွေ၊ အ၀တ်အစားတွေ၊ ဘာကျွေးရမလဲဆိုတဲ့ အပူအပင်တွေ၊ ဘယ်လို ပြင်ဆင်ရမလဲဆိုတဲ့ အတွေးတွေနဲ့ပဲ ပြည့်နှက်နေတော့ တကယ့်အနှစ်သာရရှိတဲ့ ဝိညာဉ်ရေးပိုင်း ပြင်ဆင်မှုကို မေ့သွားတတ်ကြတယ်။ ခရစ်တော်မပါဘဲ ခရစ္စမတ်ကို ကျင်းပဖြစ်သွားတာပဲ ဆိုပါတော့။ ခရစ်တော်ကို နှလုံးသားထဲမှာ တကယ်မွေးဖွားပိုင်ဆိုင်နိုင်မယ်ဆိုရင် ကျန်တာတွေက သာမညပါကွာ။ အဓိက က ခရစ်တော်ပဲလေ။ ခရစ်တော်ကို ပိုင်ဆိုင်မှတော့ ဘာလိုသေးလို့လဲ။ မဟုတ်ဘူးလား။ အစတုန်းက မင်းတို့တွေဟာ ခရစ္စမတ်ချိန်မှ ပေါ်လာတဲ့ လူငယ်တွေလို့ ဖာသာရ် ထင်ထားခဲ့တာ။ အခုလို မင်းတို့တွေ စုစုရုံးရုံးနဲ့ ပါဝင်လာတာမြင်ရတော့ ဖာသာ့ရဲ့စကား " ခရစ္စမတ်လူငယ်" ဆိုတာကို တစ်မျိုး ပြန်ပြောင်းပြောမယ်ကွာ။ မင်းတို့တွေ ခရစ္စမတ်ချိန်မှာ စည်းလုံးစွာ၊ ပျော်ရွှင်စွာ ပေါင်းစည်းပေးဆပ်ကြသလို အမြဲတမ်း ခရစ္စမတ်လူငယ်လေးတွေ ဖြစ်စေချင်တယ်။ ခရစ္စမတ်မှ ပျော်ပွဲရွှင်ပွဲအတွက် ပေါ်လာတာမဟုတ်ဘဲ ခရစ္စမတ်အချိန်ခါလို အချိန်တိုင်း အားရပါးရ လုပ်ဆောင်ကြမယ့် ခရစ္စမတ်လူငယ်လေးတွေပေါ့ကွာ မဟုတ်ဘူးလား။ ကဲ . . လုပ်စရာလေးတွေ ရှိသေးတယ်။ ခရစ္စမတ်သစ်ပင် အလှမီးဆင်တာနဲ့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလေး ၀ိုင်းပြီးတော့ လုပ်လိုက်ကြရအောင် ခရစ္စမတ်လူငယ်တို့"

ဖာသာရ်ပေါလ်လည်း ပြောပြီးသည်နှင့် လူငယ်တွေလည်း တပြိုင်နက်ထ၍ ပျော်ရွှင်တက်ကြွစွာ လုပ်ဆောင်ကြတော့သည်။ လူငယ်များနှင့်အတူ ခရစ်တော်ကို လူတိုင်း၏ နှလုံးသားထဲမှာ မွေးဖွားကြမည်ဆိုလျှင် ခရစ္စမတ်ပွဲတော်ကြီးသည် အပေါ်ယံ ပျော်ပွဲရွှင်ပွဲသက်သက် မဟုတ်တော့ဘဲ နက်ရှိုင်းလေးနက်ပြီး အဓိပ္ပါယ်ရှိသော ဝိညာဉ်ရေးရာ ဘာသာရေးပွဲတော်ကြီး ဖြစ်လာပေမည်။ ခရစ်တော်ပါမှ ခရစ္စမတ်ဟူသည့် ခရစ်တော်ဘုရား၏ မွေးနေ့ပွဲတော်ကြီးသည် ကောင်းကြီးမင်္ဂလာအတိ၊ အဓိပ္ပါယ်ရှိသော နေ့ထူးနေ့မြတ် ဖြစ်လာပေတော့မည်။

သီကိုရှင်း

Add new comment

7 + 1 =