Benefits

                                                                                                                                  Benefits

ဒီနေ့မှာ မည်သူမဆို စာအုပ်စာပေဖတ်ရင်း အကျိုးကျေးဇူးတွေ အများကြီးရနိုင်ပါတယ် ဆိုတဲ့ အကြောင်းလေးမျှဝေပေးချင်ပါတယ်။
တချို့သော သူတွေကတော့ စာဖတ်တဲ့ အကျိုးကျေးဇူးမသိကြ။ နားမလည်ကြပါဘူး။ စာဖတ်ရတာ အချိန်ကုန်တယ်။ ပျင်းခြောက်ခြောက်ကြီး ငါတို့အတွေးအခေါ်တွေမှာ အသုံးမတဲ့ပါဘူး။ အချိန်ကုန်ပြီး အင်အားကုန်တာပဲ အဖတ်တင်တယ်လို့ ယူဆကြတယ်။
စာဖတ်တာကို ဝါသနာပါတဲ့သူတွေက စာအမြဲဖတ်တဲ့အတွက် အသက်ကြီးလာရင် ဖြစ်တတ်တဲ့ Alzimer အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်တယ်။ အယ်ဇိုင်းမားရောဂါဆိုတာက မှတ်ဉာဏ်တွေ တွေးတောတဲ့ အမူအကျင့်တွေ မေ့လျော့ကုန်တဲ့ ရောဂါဖြစ်ပါတယ်။ အသက်ကြီး လာရင် စာဖတ်တဲ့သူတွေအတွက် ဒီရောဂါက မဖြစ်နိုင်ဖူးပေါ့နော်။
စာအုပ်စာပေ ဖတ်တဲ့သူဟာ သူ့ရဲ့ဦးနှောက်ကို အလုပ်လုပ်စေတဲ့အတွက် TV ကြည့်တာ ရေဒီယိုနားထောင်တာတို့ထက်စာရင် စာဖတ်သူကို အထောက်အကူအများကြီး ရစေပါတယ်။
စာဖတ်တဲ့ အကျိုးကျေးဇူးက ကိုယ့်ရဲ့ဘဝ အစစ်အမှန်ကို ပြန်ရှာလို့ရတယ်။ နောက်ပြီး ကိုယ့်ဘဝရဲ့ အမျိုးမျိုးသော မြင်ကွင်းတွေကို မြင်တတ်လာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မိဘတွေ မိမိရဲ့သားသမီးလေးတွေကို စာဖတ်ဖို့ အလေ့အကျင့်လုပ်ပေးရင် အံ့မခန်းနိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရပါတယ်။ စာဖတ်တဲ့ ကလေးတယောက်ဟာ အပြင် လောကကြီးကို ကျယ်ကျယ်ပြန့်ပြန့် မြင်လာတယ်။ စာအုပ်စာပေကနေ ဗဟုသုတတွေရတဲ့အတွက် သူတို့က စဉ်းစားတတ်လာတယ်။ သူတို့ရဲ့ ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်သလို ဖြစ်သွားစေ ပါတယ်။ သူတို့လေးတွေ ဖတ်တဲ့စာအုပ်တွေထဲမှာ အကြောင်းအရာ အမျိုးမျိုးတွေက သူတို့ရဲ့ အနားမှာ ကမ္ဘာကြီးကပတ်ချာလည် ရှိနေသလို ခံစားရစေပါတယ်။ စာဖတ်တော့ ကလေးက စကား အသုံးအနှုန်းကြွယ်လာတယ်။ စကားပြောပါ တိုးတက်လာတယ်။ စာဖတ်တာများတဲ့ ကလေးတယောက်ဟာ မျှဝေခံစားတတ်တဲ့ သူတပါးကို စာနာတတ်တဲ့ စိတ်နေစိတ်ထားတွေ တဖြည်းဖြည်း ကြီးထွားတိုးတက်လာပါတော့တယ်။ ကလေးတယောက်ရဲ့ အတွေးထဲမှာလည်း ပြင်ပလောကကြီးကို ခန့်မှန်းတတ်လာတယ်။ နှိုင်းယှဉ်တတ်လာတယ်။ ဟာသစာပေကို ဖတ်ရင်လည်း ကလေးက ပျော်ရွှင်လာတယ်။ ဒါကြောင့်မို့ ကလေးငယ်လေးတွေအတွက် စာအုပ် စာပေဖတ်တာ အင်မတန် အရေးကြီးသလို အကျိုးကျေးဇူးတွေလည်း အများကြီးရပါတယ် ဆိုတာကို ပြောချင်ပါတယ်။
ကလေးငယ်လေးတွေမှ မဟုတ်ပါဘူး။ ကျောင်းသားလူငယ်တွေမှာဆိုရင်လည်း စာဖတ်တဲ့ ကျောင်းသားနဲ့ စာမဖတ်တဲ့ ကျောင်းသား၊ နှိုင်းယှဉ်လိုက်ရင် စာဖတ်တဲ့ ကျောင်းသားဟာ တဖတ်သား အရိပ်အကဲ နားလည်လွယ်တယ်။ စကားပြောလည်း တိုးတက်စေတယ်။ စာဖတ်လေ ကမ္ဘာကြီးရဲ့ အတွေးအခေါ်တွေ ဗဟုသုတတွေ တိုးတက်စေတယ်။ စကားလုံးတွေရဲ့ အဓိပ္ပာယ် တွေပိုပြီး အသိကြွယ်လာတယ်။ အဲဒီတော့ အတန်းထဲမှာ တခြားကျောင်းသားတွေထက် အရေး အသား အသိပါတဲ့ ကျောင်းသား ဖြစ်လာပါလိမ့်မယ်။
ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အိမ်ထောင်ဦးစီးတို့ အိမ်ထောင်ရှင်မတို့အရွယ်မှာ စာအုပ် စာပေဖတ်တဲ့ အိမ်ထောင်ရှင်တို့မှာ မိမိအိမ်ထောင်ကို နည်းလမ်းအသစ်တွေ နားလည်မှုအသစ်တွေ အချက်အလက်အသစ်တွေနဲ့ ဖြစ်လာတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လာတယ်။
စာဖတ်တဲ့အတွက် မိမိကိုယ်မိမိ ကွဲပြားခြားနားစွာ နားလည်လာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စာဖတ်တဲ့အတွက် အတွေအခေါ်ကို ပွင့်စေပြီး ကိုယ့်ဘဝရဲ့ အလှည့်အပြောင်းတွေကို လက်ခံ နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ကိုယ့်ဘဝရဲ့ အပြုသဘောဆောင်တဲ့ ကဏ္ဍတွေကို သဘောပေါက်နားလည်အောင် ပြုပြင်ပေးတယ်။ ကမ္ဘာကြီးကိုလည်းပိုပြီးတော့ နားလည်လာတယ်။ စာဖတ်တဲ့သူဟာ အခြားသူထက် ပိုပြီး စမတ် smart ဖြစ်တယ်လို့ ဆိုရပါမယ်။
အိမ်ထောင်ရှင်တွေ စာအုပ်စာပေဖတ်တဲ့အတွက် မိမိအိမ်ထောင်ကို ထိန်းသိမ်းနိုင်မဲ့ နည်းလမ်းအသစ်တွေ၊ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ အတွေးအမြင်မှာ ပေါ်လာစေပါတယ်။ မိမိအိမ်ထောင်ရဲ့အလှည့်အပြောင်းတွေကို လက်ခံ နိုင်အောင် စာဖတ်တာက ကူညီပေးပါတယ်။ မိမိဘဝအတွက် ကွဲပြားခြားနားတဲ့ အပြုသဘော ဆောင်တဲ့ ကဏ္ဍတွေကို နားလည်တတ်အောင် ပြုပြင်သင်ပေးသလို ဖြစ်စေပါတယ်။ လောကကြီးကို ပိုပြီး နားလည်စေပါတယ်။
စာဖတ်တာက စိတ်ဖိစည်းမှုကို လျော့ကျစေတယ်။ ဦးနှောက်ကို relax ဖြစ်စေတဲ့ အကောင်းဆုံးနည်းလို့ဆိုရင် မမှားပါဘူး။ အပြုသဘောဆောင်တဲ့ အတွေးတွေကိုလည်း အားပေး ပါတယ်။
မိမိရဲ့ ဦးနှောက်ကို ကျန်းမာစေတယ်။ သန်မာစေတယ်။ သင့်လျော်စေတယ်။
ဒါကြောင့်မို့ ကလေး၊ လူငယ်၊ လူကြီးတို့ ဘဝတစ်သက်တာအတွက် အင်မတန် အရေးကြီးတဲ့ တန်ဖိုးရှိတဲ့ စာဖတ်ခြင်းပါ။ ဒီလိုအကြောင်းတွေကြောင့် နေ့စဉ်အလေ့အကျင့်တခုကို မပြုသင့်ဘူးလား။ ခန္ဓာကိုယ်ကျန်းမာဖို့လိုသလို ဦးနှောက်အတွက်လည်း ကျန်းမာဖို့ မလိုဘူးလား။
ဘဝရဲ့ ကဏ္ဍတိုင်းမှာ အရေးကြီးလှတဲ့အတွက် ခန္ဓာကိုယ်အတွက် ကျန်းမာအောင် ဂရုစိုက်ကြသလို ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

                                                                                                                               

Add new comment

3 + 3 =