‘‘ပျော်စရာမွေးနေ့ (သို့မဟုတ်) ရှင်သန်ခွင့်’’

‘‘ပျော်စရာမွေးနေ့ (သို့မဟုတ်) ရှင်သန်ခွင့်’’

ရေးသူ - ဆရာတော် ဂျွန်စောယောဟန်

မွေးနေ့ကို ပျော်စရာနေ့အဖြစ် ကျင်းပတဲ့အကြောင်းတွေကတော့ တန်ဖိုးရှိတဲ့ လူ့အသက်တစ်ချောင်းကို ရရှိတာရယ်၊ ဘုရားသခင်ရဲ့ပုံစံတော်နဲ့တူတဲ့ဂုဏ်သိက္ခာရှိတာရယ်၊ လူ့အဖြစ်ကိုယူတော်မူတဲ့ ခရစ်တော်ဘုရားရှင်ရဲ့အသက် သွေး ချွေးတွေနဲ့ ရင်းပြီး ကယ်တင်ခဲ့ရတဲ့တန်ဖိုးတွေကြောင့်ပါ။

ဒါပေမဲ့ မိခင်ဝမ်းထဲမှာ သန္ဓေစွဲတဲ့သူတိုင်း ရှင်သန်ခွင့်မရရှာပါဘူး။ တချို့ဆို တစ်လ နှစ်လ၊ တချို့ဆိုရင် မွေးဖွားခြင်း ခံရခါနီးဆဲဆဲမှာပဲ နည်းမျိုးစုံနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်း ခံနေရပါတယ်။ ဒီလို မိခင်ရဲ့ဝမ်းထဲမှာ မညှာမတာ သတ်ဖြတ်ခြင်း ခံလိုက်ရတဲ့ ‘‘မွေးနေ့မဲ့’’ကလေးတွေရဲ့ဘဝတွေ ကတော့ အင်မတန်မှ ဝမ်းနည်းစရာပါ။ ‘‘အဖေအမေတို့ရယ်၊ မွေးနေ့ပွဲမကျင်းပပေးနိုင်လည်း ကိစ္စမရှိပါဘူး။ ရှင်သန်ခွင့်လေးပေးရင်ပဲ ဝမ်းသာလှပါပြီ’’လို့ပြောနေကြမှာပါ။

ယနေ့ အသက်ကို တန်ဖိုးမထားတဲ့ လူသတ်ယဉ်ကျေးမှုဟာ ကမ္ဘာအနှံ့အပြားမှာ အရှိန်အဟုန်နဲ့ ပြန့်နှံ့နေပါပြီ။

ကျွန်တော်တို့လေးစားရတဲ့ မာသာရ်ထရေဇားကတော့ ‘‘ငြိမ်းချမ်းရေးကို အကြီးမားဆုံးခြိမ်းခြောက်ဖျက်ဆီးနေတဲ့အရာ ဟာ သန္ဓေသားဖျက်ချခြင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် မိခင်တစ်ဦးဟာသူ့ရဲ့ ရင်သွေးငယ်ကိုတောင် သတ်ဖြတ်ရဲသေးတယ် ဆိုရင် တစ်ပါးသူကိုသတ်ဖို့ ဝန်လေးတော့မှာမဟုတ်ဘူး။ ဤနှစ်မျိုး (လူသတ်မှုနှင့် သန္ဓေဖျက်ချမှု) ကြားမှာ ခြားနားခြင်း မရှိဘူး’’လို့ သတိပေးခဲ့ပါတယ်။

ရှင်သန်ခွင့်ဆိုတဲ့ Right to Life ဟာ လူ့အခွင့်အရေးအားလုံးထဲမှာ အခြေခံအကျဆုံးအခွင့်အရေးဖြစ်ပါတယ်။ ရှင်သန်နေကြတဲ့ ကျွန်တော်တို့တတွေက ကိုယ့်ရဲ့အခွင့်အရေးတွေကိုရချင်သလို မိခင်ဝမ်းမှာရှိနေတဲ့၊ ဘာမှမပြောနိုင် မဆိုနိုင်တဲ့ သန္ဓေသားလေးတွေရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ အခြေခံအခွင့်အရေး ရှင်သန်ခွင့်ကို ကိုယ်ချင်းစာတရားနဲ့ ပေးကြရမှာ ကာကွယ်ကြရမှာပဲ ဖြစ်ပါတယ်။

သန္ဓေသားဖျက်ချရတဲ့အခြေခံအကြောင်းတရားကတော့ အဆင်သင့်မဖြစ်ခင် ကိုယ်ဝန်ဆောင်ခြင်း (Unwanted Pregnancy) ကြောင့်ဖြစ်ပါတယ်။ သဘာဝနဲ့ဆန့်ကျင်တဲ့သန္ဓေတားဆေး၊ ထိုးဆေး၊ သောက်ဆေး၊ ထည့်ဆေးတွေကို အားကိုးပြီး အချို့သောလူငယ်များ ကိုယ်ကျင့်တရားလျော့ပါးလာခြင်း၊ သမီးရည်းစားဘဝမှာ စောင့်ထိန်းမှုနည်းလာခြင်း၊ အချို့သော အိမ်ထောင်သည်များ သစ္စာမဲ့လာခြင်း၊ မှားယွင်းသွားတဲ့လူငယ်လေးများကို အတင်းအကြပ် ကလေးဖျက်ချဖို့၊ အသက်ထက် အရှက်ကို ဦးစားပေးတတ်ကြတဲ့ မိဘအသိုင်းအဝိုင်းက ဖိအားပေးခြင်းနဲ့အတူ အသက်ရဲ့တန်ဖိုး၊ ကိုယ်ကျင့်တရားရဲ့စံနှုန်းတွေကို လုံလုံလောက်လောက် ပဲ့ပြင်ဆုံးမဖို့ ဖာသာရ်၊ ဘရာသာရ်၊ စစ္စတာရ်၊ ဓမ္မဆရာ/မ အစရှိတဲ့ သာသနာအမှုထမ်းများဘက်မှ ပျက်ကွက်ခြင်းတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။

‘‘ကလေးများဟာ ဘုရားသခင်ပေးတဲ့လက်ဆောင်တွေပါ။ ဒီလက်ဆောင်တွေကို သင်မယူချင်ဘူးဆိုရင် ကျွနု်ပ်ကို ပေးပါ’’လို့ မာသာရ်ထရေဇားက မိန့်မှာခဲ့တယ်၊ တောင်းဆိုခဲ့တယ်၊ လက်ခံခဲ့တယ်၊ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံးသာ ဒီခံယူချက်မျိုးနဲ့ ရှင်သန်နေကြမယ်ဆိုရင်တော့ သန္ဓေသားတိုင်းဟာ ပျော်စရာမွေးနေ့ကို ကျင်းပနိုင်ကြမှာ ဖြစ်ပါတယ်။

‘‘သနားကြင်နာတတ်သောသူ တို့သည် မင်္ဂလာရှိကြ၏၊ အကြောင်းမူ ကား ထိုသူတို့သည် သနားခြင်းခံကြရလိမ့်မည်။’’ (မာတေးဦး ၅း၇)

(မျိုးကြဲသူ)

Add new comment

4 + 5 =