‘‘စားပွဲခင်းလေးတစ်ခု’’

‘‘စားပွဲခင်းလေးတစ်ခု’’

၁၉၇၄ ခုနှစ်ဝန်းကျင်လောက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရဲ့ ဆင်ခြေဖုံးတစ်ခုမှာ ြဖစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

ဘုန်းတော်ကြီးတစ်ပါးဟာ သာသနာသစ်ကို အောက်တိုဘာလမှာ ပြောင်းလာခဲ့ပါတယ်။ ရောက်ရောက်ချင်း ဘုရားကျောင်းကို ကြည့်လိုက်တော့ ဘုရားကျောင်းက အနည်းငယ်ယိုယွင်းနေပြီး လုပ်စရာတွေတော်တော်များတာကို တွေ့လိုက်ရပါတယ်။ မကြာခင်မှာပဲ ခရစ္စမတ်ရောက်တော့မှာဆိုတော့ ဘုန်းတော်ကြီးလည်း ဘုရားကျောင်းကို ပြင်ရဆင်ရနဲ့ အတော်လေး အလုပ်ရှုပ်သွားခဲ့တာပေါ့။

သူတို့ကြိုးကြိုးစားစားလုပ်ခဲ့တဲ့အတွက် ဘုရားကျောင်းထိုင်ခုံတွေ၊ အမိုးတွေ၊ အခင်းတွေ၊ မီးတွေ ပြင်နိုင်ခဲ့သလို ဘုရားကျောင်းတစ်ခုလုံးကိုလည်း အတွင်းအပြင်ဆေးသုတ်နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်ရောက်နေပါပြီ။ ဒီလိုနဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မမျှော်လင့်ဘဲ ရုတ်တရက် လေပြင်းတိုက်ပြီး (၂)ရက်ဆက်တိုက် မိုးသည်းကြီးမဲကြီး ရွာသွန်းခဲ့ပါတယ်။

ြဖစ်ချင်တော့ လေပြင်းကြောင့် သွပ်မိုးတစ်ခုဟသွားပြီး အဲဒီကနေ မိုးပက်တဲ့အတွက် နံရံတစ်ခြမ်း အောက်ပိုင်းတစ်ကွက် အကျယ်ပေ ၂၀၊ အမြင့် ၈ ပေလောက်မှာ အသစ်စက်စက်သုတ်ထားတဲ့ ဆေးတွေအားလုံးကွာကျပြီး ကြည့်ရတာ အတော်လေးကို အရုပ်ဆိုးသွားပါတော့တယ်။ အဆိုးဆုံးက အဲဒီနေရာဟာ တရားဟောစင်နောက်တည့်တည့်မှာ ြဖစ်နေတာပါ။ ပြီးတော့ ဒီဇင်ဘာ ၂၁ ရက်လည်း ရောက်နေပါပြီ။

ဘုန်းတော်ကြီးလည်း အကြံအိုက်သွားပါတယ်။ သူခေါ်လာခဲ့တဲ့အလုပ်သမားတွေကိုလည်း ရွာပြန်လွှတ်လိုက်ပြီ။ သူမှာလည်း ခရစ္စမတ်အတွက် တခြားြပင်ဆင်စရာတွေအများကြီးရှိသေး တယ်။ ပျက်စီးသွားလို့ ရှုပ်ပွနေတဲ့ဟာတွေကိုလည်း ရှင်းရလင်းရအုံးမယ်။ ဒီနံရံကိစ္စ ဘယ်လိုလုပ်မလဲ။

အပျက်အစီးတွေကို ရှင်းလင်းပြီးလို့ ညနေပိုင်း အပြင်ခဏထွက်တဲ့အချိန် အနီးအနားမှာ လမ်းဘေးစျေးတန်းလေးြဖစ်နေတာ သတိထားမိတဲ့အတွက် ဘာများရှိမလဲ သွားကြည့်တော့ ဆိုင်တစ်ဆိုင်မှာ ခင်းပြီးရောင်းထားတဲ့ ဆင်စွယ်ရောင်စားပွဲခင်းလေးတစ်ခုကို တွေ့လိုက်ပါတယ်။ စားပွဲခင်းက လက်နဲ့ချုပ်လုပ်ပုံဖော်ထားပြီး အတော်လေးကို လှပတာကိုလည်း သတိထားမိပါတယ်။ ပြီးတော့ အလယ်တည့်တည့်မှာ လက်ဝါးကားတိုင်ပုံကို ြခည်နဲ့ဖောင်းကြွထိုးထားတဲ့အတွက် ဘုန်းတော်ကြီးအကြံတစ်ခုရလိုက်ပါတယ်။

ဟုတ်ပြီ။ ဆေးကွာနေတဲ့နံရံကို ဒီစားပွဲခင်းနဲ့ ခဏ ကာထားလိုက်မယ်။ လှတောင် လှနေအုံးမှာလို့ သူတွေးလိုက်ပါသေးတယ်။ ဒီလိုနဲ့ ဘုန်းတော်ကြီးလည်း စားပွဲခင်းလေးဝယ်ပြီး ဘုရားကျောင်းကို ပြန်လာခဲ့ပါတယ်။

ဘုရားကျောင်းဝင်းထဲ ဝင်မလို့အလုပ် ကားဂိတ်မှာ တစ်ယောက်ထဲ ချမ်းချမ်းစီးစီးရပ်နေရှာတဲ့ အဘွားအိုတစ်ယောက်ကိုတွေ့လို့ အကျိုးအကြောင်း မေးကြည့်တော့ သူစီးရမယ့်ကားလွတ်သွားတဲ့အတွက် နောက်(၄၅)မိနစ်မှာလာမယ့် ကားတစ်စီးကို ထပ်စောင့်နေတာလို့ အဘွားအိုက ပြန်ဖြေပါတယ်။ ဒါနဲ့ ဘုန်းတော်ကြီးလည်း ‘‘အပြင်မှာ မစောင့်ပါနဲ့၊ အေးတယ်၊ ဘုရားကျောင်းထဲ ခဏဝင်စောင့်ပါ’’လို့ဆိုပြီး ခေါ်လာခဲ့တယ်။

အဘွားအိုလည်း အတော်လေးချမ်းနေတာနဲ့ ဘုန်းတော်ကြီးနဲ့ ဘုရားကျောင်းထဲ လိုက်လာ ခဲ့ပါတယ်။ သူက ဘုရားကျောင်းခုံမှာ ထိုင်၊ ဘုန်းတော်ကြီးကလည်း ဆေးကွာနေတဲ့နံရံကို ကာဖို့ စားပွဲခင်းနဲ့ တူနဲ့ သံနဲ့ ချိတ်နဲ့ အလုပ်ရှုပ်ပေါ့။

နံရံကို စားပွဲခင်းနဲ့ ကာပြီးသွားချိန်မှာတော့ ဘုန်းတော်ကြီးလည်း ကျေနပ်အားရသွားပြီး ခပ်လှမ်းလှမ်းဆုတ်ပြီးတော့မှ အဆင်ပြေမပြေ ပြန်ကြည့်နေပါတယ်။ ဒီအချိန်မှာ စောစောက အဘွားအိုက ထိုင်ရာက ထလာပြီး အံ့ဩလွန်းမက အံ့ဩနေတဲ့မျက်လုံးနဲ့ ဘုရားကျောင်းအလယ်လျှောက်လမ်းအတိုင်း လျှောက်လာပါတော့တယ်။

ပြီးတော့ စားပွဲခင်းကို အသေအချာပြန်ကြည့်ပြီး ဘုန်းတော်ကြီးကို ‘‘ကိုယ်တော်..အဲဒီစားပွဲခင်းကို ဘယ်က ရတာလဲ။ သူ့ရဲ့ ညဘက် အောက်နားထောင့်လေးမှာ EBG ဆိုတဲ့စကားလုံးထိုးထားတယ် မဟုတ်လား’’လို့ မေးလိုက်ပါတယ်။

ဘုန်းတော်ကြီးလည်း အံ့ဩသွားပြီး သူပြောတဲ့တိုင်း သွားကြည့်လိုက်တော့ EBG ဆိုတဲ့စကားလုံးကို တွေ့လိုက်ရတယ်။ အဘွားအိုလည်း အဲဒါသူ့ရဲ့ နာမည်အတိုကောက်စကားလုံးြဖစ်ပြီး ဒီစားပွဲခင်းကို သူကိုယ်တိုင် လွန်ခဲ့တဲ့(၃၅)နှစ်က လုပ်ခဲ့တာလို့ ရှင်းပြရင်း သူ့ရဲ့ဝမ်းနည်းဖွယ် ဇာတ်လမ်းကို ပြောပြပါတော့တယ်။

သူနဲ့ သူယောက်ျားဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ဩစထရီးယားမှာ ချမ်းချမ်းသာသာနေထိုင်ခဲ့ ကြသူတွေဖြစ်ပါတယ်။ နောက်တော့ နာဇီတွေကျူးကျော်လာတဲ့အတွက် သူ့ယောက်ျားက သူ့ကို ထွက်ပြေးခိုင်းတယ်။ သူကတော့ လက်စသတ်စရာလေးတွေလုပ်ပြီး နောက်တစ်ပတ်ကျရင် လိုက်လာခဲ့မယ်ပေါ့။ ဒါပေမဲ့ အဘွားအိုဟာ ပြေးလို့ မလွတ်ဘဲ အဖမ်းခံရပြီး နာဇီအကျဉ်းစခန်းကို ရောက်သွားပါတော့တယ်။ အဲဒီကတည်းက စပြီး သူ့ယောက်ျားကို မတွေ့တော့ပါဘူး။ အိမ်ကိုလည်း မပြန်နိုင်တော့ပါဘူး။

ဘုန်းတော်ကြီးလည်း အတော်လေးစိတ်မကောင်းဖြစ်သွားပြီး သူ့ရဲ့စားပွဲခင်းလေးကို ပြန်ယူသွားဖို့ ပြောပါတယ်။ ဒါပေမဲ့ အဘွားအိုက စားပွဲခင်းလေးက လောလောဆယ် နေရာမှန်မှာ ရှိနေတဲ့အတွက် ဘုရားကျောင်းမှာပဲ ယူထားလိုက်ဖို့ ပြောပါတော့တယ်။ အဲဒီအခါမှာ ဘုန်းတော်ကြီးက ကျေးဇူးတင်တဲ့အနေနဲ့ အနည်းဆုံးတော့ အိမ်ကို လိုက်ပို့ခွင့်ပြုပါလို့ တောင်းဆို တာနဲ့ အဘွားအိုလည်း ဘုန်းတော်ကြီးရဲ့ကားနဲ့ အိမ်ပြန်ခဲ့ပါတယ်။

ခရစ္စမတ်ညမှာ ဘုရားကျောင်းတစ်ခုလုံး ဝတ်ပြုသူတွေနဲ့ စည်းကားလှပြီး အားလုံးလည်း အသစ်စက်စက်လိုဖြစ်နေတဲ့ ဘုရားကျောင်းမှာ ရှိခိုးရတဲ့အတွက် ပျော်ရွှင်နေကြပါတယ်။ အချိန်တန်လို့ အားလုံးအလျှိုအလျှိုပြန်သွားကြချိန်မှာတော့ အဘိုးအိုတစ်ယောက်ဟာ မပြန်သေးဘဲ ကျန်နေတာကို ဘုန်းတော်ကြီး သတိထားမိလိုက်တယ်။

အဘိုးအိုအနားကို ဘုန်းတော်ကြီးရောက်တော့ သူက တရားဟောစင်နောက်က စားပွဲခင်းလေးကို အသေအချာစိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။ ပြီးတော့ ဘုန်းတော်ကြီးကို သူမေးပါတော့တယ်။

‘‘ကိုယ်တော်..ဒီစားပွဲခင်းက လွန်ခဲ့တဲ့ (၃၅)နှစ်တုန်းက ဩစထရီးယားမှာ ကျွန်တော့မိန်းမချုပ်ခဲ့တဲ့ စားပွဲခင်းနဲ့ တစ်ပုံစံထဲပဲ။ ဘယ်လိုလုပ်ပြီး အဲဒီလောက် တူနေရတာလဲ။ အဲဒီတုန်းက နာဇီတွေ ရောက်လာလို့ သူ့ကို အရင်ပြေးခိုင်းပြီး ကျွန်တော်က နောက်တစ်ပတ်နေမှ လိုက်သွားခဲ့တယ်။ ဒါပေမဲ့ နာဇီတွေက ကျွန်တော့်ကို မိသွားပြီး အကျဉ်းစခန်းကို ပို့လိုက်ကြတယ်။ အခုဆို အမျိုးသမီး ဘယ်ရောက်နေသလဲဆိုတာ ကျွန်တော်မသိတော့ဘူး’’လို့ ဆိုပါတယ်။

ဒါနဲ့ ဘုန်းတော်ကြီးက ‘‘အဘိုး အချိန်နည်းနည်းရမယ်ဆိုရင် ကျွန်တော့်ကားနဲ့ ခဏလိုက်ခဲ့လို့ ရမလား’’လို့ မေးလိုက်ပါတယ်။ အဘိုးအိုလည်း နည်းနည်းကြောင်သွားပေမဲ့ ဘုန်းတော်ကြီး အကူအညီတစ်ခုခုလိုနေလို့ထင်ပါတယ်ဆိုပြီး လိုက်ခဲ့ပါတော့တယ်။

သူတို့နှစ်ယောက်စီးသွားတဲ့ကားဟာ မနေ့က ဘုန်းတော်ကြီးလိုက်ပို့ခဲ့တဲ့ အဘွားအိုရဲ့အိမ်ရှေ့ကို ရောက်တော့ ရပ်သွားပါတယ်။ ဘုန်းတော်ကြီးလည်း အဘိုးအိုကို ‘‘အဘိုး...ခဏဆင်းပြီး အိမ်ထဲ အတူလိုက်ပေးလို့ရမလား’’မေးတော့ အဘိုးအိုကလည်း ‘‘ရပါတယ်’’ဆိုပြီး လိုက်လာပါတယ်။ ဘုန်းတော်ကြီးလည်း အဘိုးအိုနဲ့အတူ လှေကားထစ်သုံးထစ်ကို တဖြည်းြဖည်းချင်းလိုက်တက်ပြီး အိမ်တံခါးကို ခေါက်လိုက်ပါတယ်။

တံခါးပွင့်သွားတဲ့အခါမှာတော့ ဒီတစ်သက် ဘယ်တော့မှ ပြန်တွေ့ရတော့မယ်လို့ ထင်မထားတဲ့ သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦး မမျှော်လင့်ဘဲ ပြန်ဆုံဆည်းတဲ့အခိုက်အတန့်လေးဟာ ဘုန်းတော်ကြီးအဖို့ ဘယ်လိုမှ မေ့လို့မရနိုင်တော့တဲ့ ခရစ္စမတ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်သွားပါတော့တယ်။

တကယ့်ကို ကောင်းချီးနဲ့ပြည့်၀တဲ့၊ မေ့လို့မရနိုင်တော့မယ့် ခရစ္စမတ်ညလေးတစ်ညလို့ ဆိုရင် မှားမယ်မထင်တော့ပါဘူး။

- - - - -

(ယေဇူးသူငယ်တော်၏ကောင်းချီးမင်္ဂလာဖြင့် ပြည့်ဝသော

ပျော်ရွှင်ဖွယ်ခရစ္စမတ်ကို အားလုံးပိုင်ဆိုင်နိုင်ကြပါစေ။ - မျိုးကြဲသူ)

(ဝန်ခံချက် ။ ။ "truthbook.com" တွင် ဖော်ပြထားသော Pastor Rob Reid ရေးသားခဲ့သည့် "The Table Cloth" ကို ဆီလျော်အောင် ပြန်ဆိုထားခြင်းဖြစ်ပါသည်။) 

Add new comment

9 + 4 =