၂၁ ရာစု ပညာရေးစနစ်၏စိန်ခေါ်သံ

၂၁ ရာစု ပညာရေးစနစ်၏စိန်ခေါ်သံ
~~~~~~~~~~~~~~~~~~~~~
// ညောင်စေး //

ပညာရှင်တွေက ပညာရေးကို အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသလို၊ ၁၉ရာစုပညာရေးစနစ်၊ ၂ဝရာစုပညာရေးစနစ်၊ ၂၁ ရာစုပညာရေးစနစ် စသည်ဖြင့် ပညာရေးစနစ်တွေကိုလည်း ခောတ်နဲ့အညီ ကျင့်သုံးနေခဲ့ကြတယ်။ ၂ဝရာစုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပညာရေးလည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ စာသင်ကျောင်းတွေ ပိုမိုများပြားလာသလို ကျောင်းသားကျောင်းသူများစွာကိုလည်း နိုင်ငံတော်က မွေးထုတ်ပေးနိုင်ခဲ့တယ်။ နိုင်ငံအတွင်းရှိ အစိုးရကျောင်းများအပြင် ကိုယ်ပိုင်ကျောင်းတွေလည်း ပေါ်ပေါက် လာသလို ကျောင်းတွေအချင်းချင်း ပူးပေါင်းပြီး ပညာတတ်တွေအမြောက်အများ မွေးထုတ်ပေးဖို့ ကြိုးပမ်းလာခဲ့ကြတယ်။ လူတိုင်းသည် တန်းတူပညာရေးရရန်နှင့် လူတိုင်းမဖြစ်မနေ ကျောင်းတက်ရန်လိုအပ်သည် ဆိုတဲ့အချက်ကို ကြိုးစားအကောင်အထည်ဖေါ်နေကြတာကလည်း ပညာရေးအတွက် ကောင်းတဲ့အလားအလာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ အရေအတွက်ပိုမိုများပြားလာခဲ့ပါတယ်။

၂၀ ရာစုနှစ်နှောင်းပိုင်းတွင် မူကြိုကျောင်း၊ မူလတန်းကျောင်းမှအစ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်များအထိ ပညာသင်ကြားခွင့်ရဖို့ ကျောင်းတွေတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။ နိုင်ငံအတွင်းရှိ အလွှာစုံလူတန်းစားတွေကလည်း ပညာရေးသည် အရေးကြီးကြောင်းသိမြင်လာကြတယ်။ အရင်က မြန်မာနိုင်ငံကို ဗြိတိသျှများ မကျူးကျော်မှီ မြန်မာတို့ရဲ့ပညာရေး၊ ဗြိတိသျှအုပ်စိုးစဉ်နှင့် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ ပညာရေးသည် အတော်ကိုကွာခြားခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြပြီးနောက် မြန်မာတို့ရဲ့ မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ် မြင့်မားလာသည်နှင့်အမျှ ပညာတတ်မြန်မာလူမျိုးများ ပွါးများလာစေရေးအတွက် မြန်မာနိုင်ငံ၏ ပညာရေးစနစ် အပြောင်းအလှဲကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။

အခြေခံပညာသင်ကျောင်းနှင့် တက္ကသိုလ်များသာမက အသက်မွေးကျောင်းများလည်း ပေါ်ပေါက်လာသလို ပိုမိုကျယ်ပြန့်သော ဘာသာရပ်များသင်ကြားနိုင်ရန် ကြိုးပမ်းလာကြပါတယ်။ နည်းပညာဆိုင်ရာဘာသာရပ်၊ အင်ဂျင်နီယာ၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ ဆေးပညာ၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှုရေးသိပ္ပံနှင့် သစ်တောရေးရာ စသည့် အဆင့်မြင့် ပညာရပ်များလည်း လေ့လာနိုင်သင်ယူနိုင်ပါပြီ။ ရှေးဘုရင်များလက်ထက်ကအစ မြန်မာလူမျိုးများဟာ ပညာရေးကိုတန်ဖိုးထားကြတယ်။ ဘုန်းတော်ကြီးကျောင်းနဲ့ အိမ်တွေမှာ ရေးတတ်ဖတ်တတ်ရုံ သင်ကြားလာရတဲ့ စာပေပညာရေးဟာ အခုဆို ကျောင်းတွေမှာ တက္ကသိုလ်တွေမှာ အဆင့်မြင့် စာပေဘာသာရပ်တွေကို သင်ကြားလာနိုင်ခဲ့ပြီ။ မြန်မာနိုင်ငံရဲ့ပညာရေးအဆင့်အတန်းက ကမ္ဘာမှာ ကျော်ကြားခဲ့ဖူးတာလည်း လူတိုင်းအသိပါပဲ။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် သင်ကြားခြင်း၊ သင်ယူခြင်း၊ နည်းပညာတွေလိုအပ်ချက်တွေနဲ့အတူ အခြားသော အခွင့်အလမ်းဆုံးရှုုံးမှုတွေကြောင့် မြန်မာ့ပညာရေးတိုးတက်မှု နှောင့်နှေးခဲ့ရတယ်။

ယနေ့ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးပညာရှင်များ၊ နိုင်ငံရေးသမားများ၊ သိပ္ပံပညာရှင်များနဲ့ နည်းပညာရှင်များက ၂၁ရာစုသစ်ရဲ့ ပညာရေးစနစ်ဟာ ကျောင်းသားများအတွက် အောင်မြင်မှုတွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်လာကြတယ်။ တို့မြန်မာနိုင်ငံကျောင်းသားများအနေနဲ့ ၂၀ ရာစုအတွင်း ရရှိခဲ့သော နိုင်ငံပညာရေးကဏ္ဏရဲ့ အောင်မြင်မှုများအတွက်ဂုဏ်ယူရင်း တိုးတက်မှုကို အဟန်အတား ဖြစ်စေတဲ့အချက်တွေကို ကျော်လွှားနိုင်ဖို့ကြိုးစားရပါတော့မယ်။ ရာစုသစ်ရဲ့ ပညာသင်ကြားခြင်း၊ ပညာသင်ယူခြင်းစနစ်ကို လေ့လာကျင့်သုံးကြဖို့ အချိန်တန်နေပါပြီ။ ၂၀ ရာစုပညာရေးစနစ်မှ ၂၁ ရာစုစနစ်သို့ ခြေလမ်းလှမ်းဖို့ ကြီးမားတဲ့စိန်ခေါ်မှုကြီးကို ရင်ဆိုင်ကြပါစို့။

၁. ဆရာ/ဆရာမများတို့၏ အရည်အချင်း၊ (Teachers Skills)
ကျွန်တော်တို့နိုင်ငံအတွင်း နေထိုင်ကြသောလူမျိုးများရဲ့ ယာဉ်ကျေးမှုနဲ့ နေထိုင်မှုအခြေအနေပေါ် မူတည်ပြီး စာသင်ကျောင်းနဲ့ စာသင်ကြားမှုပုံစံ၊ ကလေးများ စာသင်ကြားနိုင်မှုအခွင့်အလှမ်းတွေ ကွာခြားနေပါတယ်။ ကျောင်းတွေမှာ ကလေးများကို စာသင်ကြားပေးနေကြတဲ့ ဆရာ/ဆရာမများတို့ရဲ့ ဝိသေသလက္ခာများ၊ ပညာရေးနည်းဗျူဟာများ၏ အခန်းကဏ္ဏ များကို ပြန်ပြီးလေ့လာပြင်ဆင်ဖို့ ရာစုသစ်ကြီးက စိန်ခေါ်နေပါပြီ။ ကျောင်းသားများကို ကျွမ်းကျင်စွာ ရေးတတ် ဖတ်တတ် ပြောတတ်အောင် သင်ကြားပေးနိုင်ရုံနဲ့ မလုံလောက်ပါဘူး။

Problem-based learning and project-based learning လို့ခေါ်တဲ့ ပြသနာအခြေပြုသင်ကြားခြင်းနှင့် စီမံကိန်းအခြေပြုသင်ကြားခြင်းများ ပြုနိုင်ဖို့အတွက် ဆရာများတို့ရဲ့ ကျွမ်းကျင်မှုအဆင့်ကို မြင့်တင်ပေးဖို့ လိုအပ်ပါတယ်။

Problem-based learning ဆိုတာ ကျောင်းသားဗဟိုပြုသင်ကြားသောစနစ်တစ်ခုဖြစ်ပါတယ်။ အမှန်တကယ်ဖြစ်ပျက်နေသော ပြသနာတွေကို ကျောင်းသားများကိုယ်တိုင် အုပ်စုဖွဲ့ပြီး ခေါင်းစဉ်အလိုက် အကြောင်းအရာများကို လေ့လာအဖြေရှာခြင်းမျိုးဖြစ်ပါတယ်။ Project-based learning ဆိုတာကတော့ အစီအစဉ်တကျ သင်ကြားမှုစနစ်တစ်ခုဖြစ်ပြီး၊ ၄င်းစနစ်ဟာ ကျောင်းသားများ၏ အတွေ့အကြုံ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို လက်တွေ့အသုံးချနိုင်ရန် ကူညီပေးခြင်းအပြင် တက္ကသိုလ်၊ ဘွဲ့လွန်ပညာများနှင့် အသက်မွေးဝမ်းကြောင်းပညာအတွက် အခွင့်အလမ်းများပေးနိုင်သော ကျွမ်းကျင်ဖွံ့ဖြိုးမှုအတွက် ပြင်ဆင်ပေးနိုင်ပါတယ်။

၂၀ ရာစုပညာရေးစနစ်မှာ teacher-centered လို့ခေါ်တဲ့ ဆရာဗဟိုပြု စာသင်တဲ့စနစ်ကို အသုံးပြုခဲ့ကြတယ်။ ၄င်းစနစ်ဟာ ဖတ်စာအုပ်ကိုပဲမူတည်ထားတဲ့သင်ရိုးညွှန်းတန်းနဲ့ ကျောင်းသူကျောင်းသားများကို ဖတ်စာအုပ်ထဲက အချက်အလက်များကို အလွတ်ကျက်မှတ်ရန် အားထားလုပ်ဆောင်တဲ့စနစ်ဖြစ်တယ်။ ဆရာကသာ the “sage on the stage” ဆိုသလို စင်ပေါ်က ပညာရှိ၊ အသိပညာအားလုံးပေးစွမ်းသူအဖြစ်နဲ့ အလုပ်လုပ်နေတယ်။ ကျောင်းသူကျောင်းသားများက မိမိစားပွဲခုံများ၌သာ ဆရာများကို ကြောက်ရွံ့ရိုသေစွာ နားထောင်၊ မှတ်သားနေကြရပြန်တယ်။ ယခု ရာစုသစ်ရဲ့ စနစ်က learner-certered လို့ခေါ်တဲ့ ကျောင်းသားဗဟိုပြု စာသင်ခန်းအဖြင့် ကျောင်းသားအချင်းချင်းပူးပေါင်းသင်ယူခြင်း၊ ဆရာနှင့် ကျောင်းသားပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည်တို့ကို အခြေခံတဲ့စနစ်ဖြစ်ပါတယ်။ ဆရာတွေက ကျောင်းသားများရဲ့ လမ်းညွှန်သူ၊ သင်ယူမှု၏နည်းပြအဖြစ်ရှိနေရမှာဖြစ်ပြီး ကျောင်းသားများသင်ကြား ကျက်မှတ်ရမည့် သင်ခန်းစာများကို ပိုမိုလွယ်ကူစေရန် အချက်အလက်များကို သင်ပြပေးနိုင်ရပါမယ်။ ဖတ်စာအုပ်ပါ အကြောင်းအရာများကိုသာ အာရုံစိုက်သင်ကြားခြင်း၊ သတ်မှတ်ထားသော စာအုပ်အတွင်းမှ အဖြေများကို အလွတ်ကျက်မှတ် ဖြေဆိုခြင်းဖြင့် အတန်းကိုအောင်မြင်စွာဖြေဆိုနိုင်ရန် သင်ကြားခြင်း၊ အစရှိသော သမာရိုးကျစနစ်ကိုသာ အသုံးပြုနေမည့်အစား၊ ကျောင်းသားများကိုယ်ပိုင်သုတေသနပြုလုပ်နိုင်ခွင့်၊ ကျောင်းသားများ၏ နည်းပညာတိုးတက်မှုကို အားပေးတဲ့ နည်းလမ်းများဖြစ်သော ကျောင်းသားများအချင်းချင်း ဆွေးနွေးတိုင်ပင်လေ့လာခြင်း၊ ဆန်းသစ်တီတွင်ခွင့်ပေးခြင်း၊ ကျောင်းသား ဆရာတို့ပူးပေါင်းကာ ကျောင်းသားများ၏ သင်ကြားမှု၊ လေ့လာမှုစွမ်းရည်ကို မြင့်တင်ခြင်း၊ အစရှိသော အခွင့်ထူးများကိုဖန်တီးပေးရတဲ့စနစ်ကြီးကို အသုံးပြုရပါတော့မယ်။

ဆရာတစ်ဦးအနေဖြင့် မိမိစာပြမည့် ကျောင်းသားများကို မိမိသင်ကြားရမည့်ဘာသာရပ်ကိုလည်း ကျွမ်းကျင်သူဖြစ်ပြီး ကျောင်းသားများ စိတ်ဝင်သစားရှိအောင် နားလည်အောင်သင်ကြားနိုင်ရပါမယ်။ ထို့အပြင် စာသင်ခန်းတစ်ခုလုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲ သင်ကြား၊ လမ်းညွှန်ပေးနိုင်ရမယ်။ စာသင်သားများကို ကောင်းမွန်စွာ ကိုင်တွယ် သင်ကြားနိုင်ဖို့ အခြေခံလိုအပ်ချက်များကတော့ အပြုသဘောဆောင်သော နှုတ်ဆက်ခြင်း၊ နွေးထွေးပျူငှာသော ကျောင်းသားဆရာ ဆက်ဆံမှုတည်ဆောက်ခြင်း၊ ကျောင်းသားများ၏ ဦးဆောင်မှုကို အားပေးခြင်း၊ အချင်းချင်း မျှဝေနိုင်သော အခွင့်အရေးများကို ဖန်တီးပေးခြင်း၊ မိမိ၏သင်ကြားမှုအပေါ် ကျောင်းသားများ၏ အပြုသဘောဆောင်သောတုံ့ပြန်မှုကို ရရန်ကြိုးစားခြင်းနှင့် ကျောင်းသားများ၏ လုပ်ဆောင်ချက်များအပေါ်၌လည်း အပြုသဘောဆောင်သော တုံ့ပြန်မှုများ (positive or constructive feedback) ပေးခြင်း စသည်တို့ဖြစ်ပါတယ်။ ထို့အပြင် ဆရာများသည် ကျောင်းသားတစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများကိုထောက်ပံ့ရန် တာဝန်ရှိပါတယ်။ မိမိ၏ တပည့်များ၏ အားသာချက်၊ အားနည်းချက်များကို သိခြင်း၊ ကျောင်းသားများ၏ အားသာချက်များကို အသိအမှတ်ပြုခြင်း၊ နားလည်မှုလွှဲမှားခြင်းနှင့် အပျက်သဘောဆောင် ဝေဖန်ခြင်းများသိရှိပါက အခြေအနေ ပိုပြီးဆိုးမလာစေရန် စွမ်းဆောင်ခြင်း၊ အစရှိသော အချက်များကိုလည်း သတိပြု လုပ်ဆောင်ရပါမယ်။ ထိရောက်သော (classroom management) စာသင်ခန်းစီမံခန့်ခွဲမှုသည် ကျောင်းသားဆရာများတို့ရဲ့ ပြေလည်ကောင်းမွန်သော ဆက်ဆံရေးအပေါ် မူတည်ပါတယ်။ စာသင်ကျောင်းသည် ကျောင်းသူကျောင်းသားများ၏ ဒုတိယ အိမ်ဖြစ်ရပါမယ်။ ဒီလို စာသင်ခန်းတစ်ခုလုုံးကို ကောင်းမွန်ချောမွေ့စွာ စီမံကိုင်တွယ် သင်ကြားနိုင်ဖို့အတွက် ဆရာများရဲ့ အခန်းကဏ္ဏက အင်မတန်ကို အရေးကြီးလှပါတယ်။ ကျွန်တော့် တွေ့ကြုံခဲ့တဲ့ ကျွန်တော့်နိုင်ငံရဲ့ ပညာရေးစနစ်ရဲ့ အားနည်းချက်တစ်ခုကို ဒီလိုလေး ပြောပြချင်ပါတယ်။

တစ်ချိန်က တွေ့ကြုံဖူးတယ်
ဆရာ့အာဏာ ပြားဝပ်စွာနာရ
အိသည်မရွေး ရေးကျက်မှတ်လို့
ပြစ်ဒဏ်ကြိမ်ဒဏ် တာဝန်မကျေက
လက်ပေါ်သလုံးပေါ် စင်းရာလည်းမြဲခဲ့ပေါ့။
ဆရာသာအဓိက စံတင်ပြလို့
စင်ပေါ်ကသူတို့အရေး အလေးပေးစနစ်ရယ်၊
ကျောင်းသားအရေး ဒုတိယဘေးပို့
ဖတ်စာအုပ်ကိုအရင်းတည် ဒါကျက်ဒါရေးရင်
အတန်းတင်ရုံအတွက် ထူးချွန်လှပြီတဲ့
တပည့်များရဲ့ အတွေးအကြံသစ်
တက်မလာရန် ဖိထားဟန်ရှိခဲ့တယ်။

၂. စာတွေ့လက်တွေ့သင်ရိုးညွှန်းတမ်း (Curriculum)

သင်ရိုးညွှန်းတမ်းဆိုတာ ကျောင်းတစ်ကျောင်း၌ ပညာရေးဆိုင်ရာအကြောင်းအရာများကို သင်ကြားပို့ချရသော သင်ခန်းစာများကို ဆိုလိုပါတယ်။ ပညာရှင် Paige (2009) ရဲ့ အဆိုအရ ၂၁ရာစုရဲ့ သင်ရိုးညွှန်းတမ်းတစ်ခုမှာ အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှု၊ မီဒီယာ၊ သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာတတ်မြောက်မှုနဲ့ လက်တွေ့ဘဝများနဲ့ ကိုက်ညီတဲ့ ဘာသာရပ်ဖြစ်ရမယ်။ ထို့ကြောင့် သင်ရိုးညွှန်းတမ်းသည် ကျောင်းသားများ၏ ဘဝအတွက် အဓိပ္ပါယ်ရှိသော ကျွမ်းကျင်မှုနဲ့ ဗဟုသုတများဆောက်တည်နိုင်ရန် အထောက်အကူပြုပေးနိုင်သော သတင်းအချက်အလက်တွေပါရှိရပါမယ်။ စစ်မှန်ပြီး လက်တွေ့ကျတဲ့ ပညာရေးဆိုင်ရာ ဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်းတွေကို ပြင်ဆင်အသုံးပြုခြင်းဖြင့် ကျောင်းသားတို့ဟာ မိမိတို့ သင်ကြားနေသော သင်ခန်းစာအပေါ် နားလည်လက်ခံမှုရှိပြီး သူတို့ဘဝအတွက် အထောက်အကူပြုစေမှာဖြစ်ပါတယ်။ ပြီးတော့ ထိုသင်ရိုးညွှန်းတမ်းများကို လေ့လာသင်ယူခြင်းကြောင့် သင်ယူသူတို့ရဲ့ ရည်ရွယ်ချက်တွေကို ဖြည့်စီးဖို့၊ သူတို့တတွေ အရွယ်ရောက်လာရင်လည်း အလုပ်အကိုင်နဲ့ ဂုဏ်သရေရှိစွာ နေထို်င်နိုင်ဖို့ပြင်ဆင်ပေးပြီးဖြစ်ပါလိမ့်မယ်။ သင်ရိုးညွှန်းတန်းတစ်ခုသည် တိကျသောပညာရေးဆိုင်ရာရည်ရွယ်ချက်နဲ့အတူ ကျောင်းသားများ သင်ယူမှုတိုးတက်စေရန် အထောက်အကူပြုနေရပါမယ်။ သင်ရိုးညွှန်းတမ်းတစ်ခု ရေးဆွဲရာမှာ မူလတန်းမှ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်အထိ တစ်ဆင့်ပြီးတစ်ဆင့် အနာဂတ်အတန်းများအတွက် ကြိုတင်ပြင်ဆင်အထောက်အကူပြုပေးသော သင်ရိုးညွှန်းတမ်းဖြစ်ရင် ပိုပြီးကောင်းပါတယ်။ ယေဘုယျအားဖြင့် သင်ရိုးညွှန်းတမ်း သုံးမျိုးတွေ့နိုင်ပါတယ်။ ၄င်းတို့မှာ ၁။ ဘာသာရပ် ဗဟိုပြုသင်ရိုး၊ ၂။ ကျောင်းသားဗဟိုပြုသင်ရိုးနဲ့ ၃။ ပြသနာဗဟိုပြုသင်ရိုးတို့ပဲ ဖြစ်ပါတယ်။

ဘာသာရပ်ဗဟိုပြုသင်ရိုးညွှမ်းတမ်းသည် ဥပမာအားဖြင့် သချင်္ာဘာရပ်လို ဘာသာရပ်တစ်ခုတွင်ပါရှိသော စည်းမျဉ်း၊ ပုံသေနည်းအစရှိသော သင်ခန်းစာများကို ဘာတွေလေ့လာရမယ်၊ ဘယ်လိုလေ့လာရမယ် ဆိုတာကို ဖေါ်ပြသော သင်ရိုးဖြစ်ပါတယ်။ ၄င်းသင်ရိုးညွှန်းတမ်းဟာ အရပ်ဒေသအသီးသီးရှိ ကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် စံသတ်မှတ်ထားသော ဘာသာရပ်ဖြစ်တယ်။
ကျောင်းသားဗဟိုပြုသင်ရိုးဆိုတာ သင်ယူလိုသူတစ်ဦးချင်းစီ၏ လိုအပ်ချက်များ၊ အကျိုးစီးပွါးနှင့် ပန်းတိုင်များအပေါ် မူတည်ပြီး သင်ယူလေ့လာနိုင်အောင် ရေးဆွဲထားသော သင်ရိုးဖြစ်ပါတယ်။ ကျောင်းသားဗဟိုပြုသင်ရိုးညွှမ်းတမ်းသည် သင်ယူသူများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ၄င်းတို့၏ကိုယ်ပိုင်ရွေးချယ်မှုများမှတဆင့် ရည်ရွယ်ချက်များကို ပုံဖေါ်နိုင်ရန်ရည်ညွှန်းပါတယ်။ ဥပမာအားဖြင့်ပြောရရင် အထက်တန်းကျောင်းမှာ သိပ္ပံအထူးပြု၊ ဝိဇ္ဇာအထူးပြု ခွဲပြီးလေ့လာသလို၊ ပြီးတော့ တက္ကသို်လ်တွေမှာ မိမိကြိုက်နှစ်သက်ရာ အထူးပြုဘာသာရပ်ကို တက်ရောက်လေ့လာသင်ယူသလိုပေါ့။

ပြသနာဗဟိုပြုသင်ရိုးညွှန်းတမ်းသည် ကျောင်းသားများကိုပြသနာတစ်ခုကို မည်သို့မည်ပုံ ဖြေရှင်းကိုင်တွယ်ရမည်ကို သင်ကြားပေးခြင်းနှင့် ပြသနာတစ်ခုရဲ့အဖြေပေါ်ထွက်လာစေရန် ကူညီပေးနိုင်တဲ့ သင်ရိုးတစ်ခုဖြစ်ပါတယ်။ ထို့ကြောင့် ကျောင်းသားများအနေဖြင့် လက်တွေ့ဖြစ်ပျက်နေတဲ့ လောကပြသနာများကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဖြေရှင်းကာ တိုးတက်ပြောင်းလဲလာအောင် စွမ်းဆောင်နိုင်ရန် ၄င်းသင်ရိုးညွှန်းတမ်းက အရေးပါလှပါတယ်။ ၄င်းသင်ရိုးညွှန်းတမ်းသည် သင်ယူသူဗဟိုပြုသော သင်ရိုးနှင့် ပုံစံတူပါတယ်။ အရှင်းလင်းဆုံးဥပမာတစ်ခုကိုပေးရမယ်ဆိုရင် သဘာဝဘေးအန္တရာယ် ကျရောက်နေသောအခါ ဘာကြောင့် ဒီလို သဘာဝဘေးဆိုးကျရောက်နေရတယ်ဆိုတာ လေ့လာအဖြေရှာနိုင်ဖို့အတွက် ပတ်ဝန်းကျင်ထိမ်းသိမ်း ရေးဘာသာရပ်ကို အထူးပြုသင်ယူလေ့လာခြင်း၊ သုတေသနာပြုခြင်းဖြင့် နည်းလမ်းရှာပြီး ပြသာနာရဲ့ အရင်းအမြစ်ကို အဖြေရှာ ဖြေရှင်းခြင်းမျိုုးဖြစ်ပါတယ်။

သင်ယူသူကျောင်းသူကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းကောင်းရှိဖို့က အထူးပင် အရေးကြီးလှပါတယ်။ ကျောင်းသားတစ်ယောက်ဖြစ်ချင်သောဆန္ဒနှင့် ရည်ရွယ်ချက်များကို တက္ကသိုလ်ရောက်မှ ဒါမှမဟုတ် စာသင်ကျောင်းပညာပြီးမှ လိုအပ်တဲ့သင်တန်းတိုတွေတက်ပြီး လေ့လာနေရင် အရမ်းကိုနောက်ကျသွားလိမ့်မယ်။ မူလတန်းကစပြီး သူ့အဆင့်နဲ့သူ သင်ရိုးညွှန်းတမ်းလေးနဲ့ ပြုစုပျိုးထောင်လာရင် ကျောင်းပြီး၊ တက္ကသိုလ်ပြီးရင် လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

၃. အကဲဖြတ်စစ်ဆေးခြင်း (Assessment )
ကျောင်းသားများရဲ့ ပညာရေးအဆင်သင့်ဖြစ်မှု၊ သင်ယူခြင်းတိုးတက်မှု၊ ကျွမ်းကျင်မှုကို သိရှိဖို့ရန်အတွက်နှင့် သူ့တို့၏ပညာရေးလိုအပ်ချက်များကို သိရှိပြီးနောက် ကူညီဖြည့်စီးနိုင်ဖို့ရန် အကဲဖြတ်စစ်ဆေးခြင်းများကို ဆရာများက ပြုလုပ်ကြရတယ်။ Palomba နဲ့ Banta, 1999 တို့၏အဆိုအရ အကဲဖြတ်စစ်ဆေးခြင်းဆိုတာ ကျောင်းသားများရဲ့ သင်ယူမှုနဲ့ ဖွံ့ဖြိုးမှုကို တိုးတက်စေရန်ရည်ရွယ်တဲ့ ပညာပေးအစီအစဉ်များနဲ့ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းသုံးသပ်ခြင်းဖြစ်ပါတယ်။ Assessment လို့ခေါ်တဲ့ ကျောင်းသားများကို သင်ယူမှုကာလအတွင်း ၄င်းတို့၏သင်ယူလေ့လာမှုအခြေအနေကို အကဲဖြတ်စစ်ဆေးခြင်းအမျိုးမျိုးရှိပါတယ်။

၁. Diagnostic Assessment လို့ခေါ်တဲ့ အကဲဖြတ်စစ်ဆေးခြင်း
၄င်းအကဲဖြတ်စစ်ဆေးခြင်းသည် ကျောင်းသားတစ်ဦး၏ အားသာချက်များ၊ အားနည်းချက်များ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို စာမသင်ကြားမှီ ဆရာများက ကြိုတင် အကဲဖြတ်စစ်ဆေးခြင်းမျိုးဖြစ်ပါတယ်။ ၄င်းသည် ကျောင်းသားများ၏ အခက်အခဲများကို ရှာဖွေရန်နှင့် သင်ခန်းစာနှင့် သင်ရိုး ညွှန်းတမ်းများကို စီစဉ်ပေးခြင်းအတွက် အရေးပါလှပါတယ်။ အရှင်းဆုံးဥပမာပေးရမယ်ဆိုရင် အလုပ်ခွင်ဝင်ခွင့်ရဖို့၊ ဒါမှမဟုတ် တက္ကသိုလ်တစ်ခုခုတွင် ပညာသင်ကြားခွင့်ရဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုတာမျိုးပေါ့။

၂. Formative Assessment လို့ခေါ်တဲ့ အကဲဖြတ်စစ်ဆေးခြင်း
ဒီအကဲဖြတ်စစ်ဆေးခြင်းကိုတော့ Assessment for learning နဲ့ Assessment as learning ဆိုပြီး ခွဲခြားလေ့လာနိုင်ပါသေးတယ်။ Assessment for learning ဆိုတာ ကျောင်းသားများ ကာလတစ်ခုအတွင်း သင်ယူနေသော သင်ခန်းစာကို မည်မျှအထိ တတ်မြောက်နားလည်သည်ကို တိုင်းတာရန် အကဲဖြတ်စစ်ဆေးခြင်းမျိုးကို ဆိုလိုပါတယ်။ ဥပမာ သင်ခန်းစာအခန်းဆုံးစာမေးပွဲဖြေဆိုခြင်း၊ လပတ်စာမေးပွဲဖြေဆိုခြင်း စသည်အစမ်းစာပေးပွဲမျိုးဖြစ်ပါတယ်။ တာဝန်ရှိသူများက ကျောင်းသားများကို ချိန်ခါအားလျော်စွာ ဝင်ရောက်စစ်ဆေးခြင်းမျိုးကိုလည်း Assessment for learning လို့ခေါ်နိုင်ပါတယ်။ Assessment as learning ဆိုတာကတော့ ကျောင်းသားတစ်ဦးဟာ မိမိရဲ့လေ့လာသင်ယူမှုအခြေအနေကို မိမိကိုယ်တိုင် အကဲဖြတ် စစ်ဆေးခြင်းမျိုးဖြစ်ပါတယ်။ ကျောင်းသားများသည် မိမိတို့၏ သင်ယူလေ့လာ တတ်မြောက်မှုကို ပိုမိုလေးနက်စွာ နားလည်စေရန် ဆရာများက ကူညီပေးနိုင်သော အကဲဖြတ်ခြင်းမျိုးလည်းဖြစ်ပါတယ်။ Metacognition လို့ခေါ်တဲ့ မိမိရဲ့အပြုအမှု အတွေးအခေါ်တွေ၊ မိမိရဲ့ နားလည်မှုနဲ့ စွမ်းဆောင်ရည်များကို မိမိကိုယ်တိုင် သိမြင်ခြင်းကလည်း ပညာရေးအတွက် အင်မတန်မှ အရေးကြီးလှပါတယ်။ ကျောင်းသားအနေဖြင့် မိမိတို့သင်ယူနေသော ဘာသာရပ်နှင့်ပတ်သက်၍ မိမိတို့ရဲ့နားလည်မှုကို ပြသရန် အခွင့်အရေးပေးခြင်း၊ အကဲဖြတ်စစ်ဆေးခြင်းသည် သင်ကြားရေး လုပ်ငန်းစဉ်အတွက်လည်း အရေးကြီးလှပါတယ်။
၃. Summative Assessment ဆိုသည်မှာ ပညာသင်နှစ်အဆုံး သို့မဟုတ် သင်တန်းကာလအဆုံးတွေမှာ ပြုလုပ်လေ့ရှိသော ကျောင်းသားများ၏ ပညာအရည်အချင်းကို အကဲဖြတ်စစ်ဆေးခြင်းမျိုးကို ဆိုလိုပါတယ်။ အလွယ်တကူဆိုရရင် အတန်းတင်စာပေးပွဲဖြေဆိုခြင်းမျိုးဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးစီ၏ ကျွမ်းကျင်မှုကို စစ်ဆေးခြင်းနှင့် အဆင့်အတန်းတစ်ခုကို သတ်မှတ်ပေးနိုင်ရန် အသုံးပြုကြပါတယ်။ Assessment ပုံမှန်လုပ်ခြင်းအားဖြင့် ဆရာများ၏ သင်ကြားမှုစံနှုန်းပြည့်မှီခြင်း ရှိမရှိကိုလည်း ဆန်းစစ်ပြီးဖြစ်ပါတယ်။

အကဲဖြတ်စစ်ဆေးခြင်းအမျိုးမျိုး

ပညာသင်ကြားခြင်း၊ ပညာသင်ယူခြင်းစနစ်တစ်ခုအောင်မြင်ဖို့ရန် ဘာတွေလိုအပ်သလဲ။ ရည်ရွယ်ချက်ပန်းတိုင်တစ်ခု ထားပြီး အဲ့ဒီရည်ရွယ်ချက်ပန်းတိုင်သို့ ပို့ဆောင်နိုင်မယ့် သင်ရိုးညွှန်းတမ်းနဲ့ နည်းဗျူဟာတွေရေးဆွဲကာ ၄င်းရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ သင်ကြားမှု သင်ယူမှုအခွင့်အလမ်းကို ဖန်တီးပေးရပါမယ်။ ထိုသို့သော အခွင့်အလမ်းများနဲ့အတူ စနစ်ကျသော သင်ကြားမှု သင်ယူမှု နည်းဗျူဟာများကို တတွေမတိမ်းလုပ်ဆောင်မှသာ သင်ကြားသူ သင်ယူသူတို့၏ ရည်ရွယ်ချက်ပန်းတိုင်ကို အကောင်အထည်ဖေါ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ညောင်စေး

(သင်ယူလေ့လာနေဆဲဖြစ်သော Curriculum Implementation နဲ့ Assessment ဘာသာရပ်များမှ ကောက်နှုတ်သင်ပြလိုက်ပါတယ်)

 

Add new comment

9 + 2 =