အောင်မြင်မှုအတွက် အဓိကလိုအပ်ချက် (ကျွမ်းကျင်တဲ့ပညာလား၊ ကျင့်ကြံတဲ့ စာရိတ္တလား)

အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်
(ကျွမ်းကျင်တဲ့ပညာလား၊ ကျင့်ကြံတဲ့ စာရိတ္တလား)
================
စိုးနိုင် sdb
+++++++
လူကောင်း နဲ့ လူတော် ဘယ်သူကို လူတွေ ပိုနှစ်သက်ပါသလဲ။
+++++++
လွန်ခဲ့တဲ့ တလကျော်လောက်က အက်ဖ်အမ်ရေဒီယို လိုင်းတစ်ခုမှာ အလုပ်သမားခန့်တဲ့အခါ ကျွမ်းကျင်တဲ့ အလုပ် သမားခန့်မလား၊ ဒါမှမဟုတ် ကုမ္ပဏီအပေါ် သစ္စာတည်ကြည် ပြီး နှစ်ရှည်ထမ်းဆောင်မယ့် အလုပ်သမား ခန့်မလားဆိုပြီး ဆွေးနွေးခန်းတစ်ခုကို ကြားမိလိုက်တယ်။ အဖြေကတော့ သစ္စာရှိမယ့် ကျွမ်းကျင်လုပ်သားကို ခန့်ချင်တာပေါ့။

၂၀၁၆ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာမှာ ချစ်နိုင် (စိတ်ပညာ) ရဲ့ လူငယ်နဲ့ အကျင့်စာရိတ္တဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့ ဆောင်းပါးမှာ လူငယ်ဘဝအတွက် စာရိတ္တဟာ အလွန်အရေးပါကြောင်း ရေးဖွဲ့ထားပါတယ်။ အကျင့်စာရိတ္တဟာ လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ အကျင့်စာရိတ္တ ခိုင်မာမှုရှိမှ စစ်မှန်တည်ကြည်တဲ့ အောင်မြင်မှုရရှိနိုင်မယ်၊ ခေါင်းဆောင် ကောင်းတစ်ယောက် ဖြစ်လာနိုင်မယ် ဆိုတာတွေကိုအကျယ် တဝင့်ရှင်းပြထားပါတယ်။

@ ပညာရေးခေတ်

ယခုလို နိုင်ငံတော်ရဲ့ စပ်ကူး မတ်ကူးကာလမှာ ဘာဖြစ်လာမလဲ မသိဆိုတဲ့ စိတ်ကူးတွေနဲ့ သောကတွေ ပွါးနေကြမှာပါ။ ဒါပေမဲ့ လူငယ်တွေ အသိုင်းအဝိုင်းမှာတော့ သင်တန်းတွေ အလုအယက်တက်နေကြတာ တွေ့နိုင်တယ်။ တတ်နိုင်ရင် တတ်နိုင်သလို ရသမျှသင်တန်းတွေတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေနေကြတဲ့ လူငယ် လေးတွေရဲ့ လှုပ်ရှားမှုတွေကို မြင်နေရပါတယ်။ အချို့ဆိုရင် သင်တန်းတွေတက်တိုင်း ရထားတဲ့လက်မှတ်တွေကသေတ္တာ တစ်လုံးစာရှိနေပါပြီ။

အခုခေတ်က ပညာရေးခေတ် ပညာနဲ့ပဲ အသက်ရှင် ရမယ်၊ ပညာရေးကို လိုက်စားမှဖြစ်မယ်ဆိုတဲ့ ခံယူချက်တွေ ခိုင်မာစွာရှိနေကြတယ်။ လူငယ်တွေဟာ ငွေကုန်ခံ၊ အချိန် ကုန်ခံ၊ အပင်ပန်းခံပြီး ပညာဆည်းပူးထားခြင်းက အကောင်းဆုံးရင်းနှီးမြှုပ်နှံခြင်းဆိုပြီး လုံးပန်းနေကြတယ်။ ဒါကိုမှားတယ်လို့ လုံးဝမဆိုလိုပါဘူး။ ခေတ်ရဲ့တောင်းဆိုမှုက ကျွမ်းကျင်ပညာရှင်တွေပါ။ မကြာခင် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားကုမ္ပဏီတွေ လှိမ့်ဝင်လာလိမ့်မယ် လို့ မျှော်လင့်ရတယ်။ လူငယ်တွေ အနေနဲ့ ကိုယ့်ကိုကြိုတင်ပြင် ဆင်ထားရမယ်ဆိုတဲ့ အသိစိတ်နဲ့ပညာတွေ ဆည်းပူးနေတာ ကို အားပေးရမှာပါ။

@ အပြင်ပန်းကိုသာဦးစားပေးတဲ့ခေတ်

ခေတ်လူငယ်တွေကြားမှာ အလုပ်အကိုင် အခွင့်အ လမ်းတွေက များပေမယ့် ပြိုင်ဆိုင်မှုတွေကလည်းများလွန်းပါတယ်။ အလုပ် ၅ နေရာအတွက် လျှောက်လွှာခေါ်ရင် လျှောက်လွှာတင်တဲ့သူက အနည်းဆုံး တစ်ရာ ရှိနေတတ်ပါ တယ်။ အဲဒီတော့ သူ့ထက်ငါသာမှ ဖြစ်မယ်ဆိုတဲ့ စိတ်ထား တွေက လူငယ်တွေအကြားမှာ အခိုင်အမာ နေရာယူထားပါ တယ်။ အဲဒီတော့ ပညာရပ်တွေကို ကျွမ်းကျင်သည်ထက် ပို ကျွမ်းကျင်အောင် ကြိုးစားလေ့လာတယ်။ အင်တာဗျူးသွား တဲ့အခါ ရုပ်မြင်တာနဲ့ အမှတ်ရဖို့ ကိုယ့်ကိုယ်ကိုပြင်ဆင်ရ တယ်၊ အပြောအဆို အနေအထိုင်တွေကို ဆင်ခြင်ရတယ်။ ခန္ဓာကိုယ်အနေအထား၊ မျက်နှာ အနေအထားကအစ ဝတ် စားဆင်ယဉ်ပုံအားလုံးကို အပြစ်တင်စရာ မရှိအောင် ပြင်ဆင် ယူကြတယ်။ ခေတ်အခါရဲ့ တောင်းဆိုမှုကြောင့် “မင်းဘာလဲ ဆိုတာ အရေးမကြီးဘူး။ မင်းကို လူတွေက ဘယ်လိုမြင်သ လဲဆိုတာ ပိုအရေးကြီးတယ်” ဆိုတဲ့ အနေအထားကို ရောက် နေပြီ။ သူတပါးအမြင်မှာ တင့်တယ်တယ်ဆိုရင် လုံလောက် ပြီဆိုတဲ့အတွေးတွေ လွှမ်းမိုးသွားတယ်။

ကျွန်တော်က လူငယ်တွေကို ထိန်းကျောင်းရတဲ့အ လုပ်ကို နှစ်ပေါင်းများစွာ လုပ်နေရတယ်။ သူတို့ကို လစဉ်ခေါ် တွေ့ပြီဆိုရင် အရင်ဆုံး သူတို့မေးတတ်တာက “ဖါသာရ် ကျွန်တော့်ကို ဘာပြောစရာရှိလဲ” ဆိုတဲ့ မေးခွန်းပဲ။ တကယ် တော့ အဲဒီမေးခွန်းရဲ့ ဆိုလိုရင်းက “ကျွန်တော့်ကို ဘယ်လိုမြင် သလဲ” လို့မေးချင်တာပါ။ သူ့အထဲမှာ ဘာတွေဖြစ်နေသလဲဆို တာထက် သူဘယ်လိုပုံစံ ပေါက်နေသလဲ ဆိုတာက ပိုပြီးအဓိ ကကျနေတယ်။ တခါတလေတော့ ကိုယ့်ကိုယ်ကို ပြန်ကြည့် ခိုင်းရတယ်။ “ငါမင်းကို ဘာပြောစရာရှိသလဲ ဆိုတာ ထား လိုက်ပါဦး၊ မင်းကိုမင်း ဘာပြောစရာရှိလဲ။ ငါမင်းကိုသိတာ ထက် မင်းကမင်းကိုမင်း ပိုသိပါတယ်” လို့ ပြောလိုက်ရင် ဘာပြောရမှန်း မသိတော့ဘူး ဖြစ်နေတတ်ကြတယ်။ ကိုယ် ဘာလဲဆိုတာ မသိချင်ဘူး၊ ကိုယ့်ကို အကြီးအကဲတွေ ဘယ် လိုမြင်သလဲဆိုတာကိုပဲ စိတ်ဝင်စားကြတယ်။

@ မျက်လှည့်ပြတတ်ကြတဲ့လူတွေ

“ဒီကောင် အရင်က ဒီလိုမဟုတ်ပါဘူး၊ အခုဘယ်လို ဖြစ်သွားရတာလဲ” ဆိုပြီး အရက်ရဲ့ကျွန်ဖြစ်နေတဲ့ တပည့်တစ် ယောက်ကို ဆရာသမားက အံ့သြခြင်းနဲ့ မှတ်ချက်ပြုတာ ကြားမိပါတယ်။ လူတစ်ယောက်ဟာ အပြင်ပန်းမှာ ကိုယ့် ကိုယ်ကို အကောင်းဆုံး ပုံဖေါ်ထားတဲ့ အခါကျတော့ ဆရာသမား အကြီးအကဲတွေ ယုံကြည်စိတ်ချ ထားကြတယ်။ နောက် တော့မှ သုံးစားလို့မရတဲ့ ကောင်ပါလားဆိုပြီး နောင်တရကြ တယ်။ အလုပ်ဝင်ခါစက ဟုတ်သလိုလိုနဲ့ တဖြည်းဖြည်းဇာတိ ပြလာပြီး မဟုတ်တာတွေ လုပ်လာလို့ အလုပ်ထုတ်ခံရသူတွေ လည်း မနည်းတော့ပါဘူး။

“ဒီကောင်အစက ရည်ရည်မွန်မွန်လေးပါ။ ဘယ်က ဘယ်လို ဖြစ်သွားရတာလဲ” လို့ အံ့သြသံကြားရင် အဖြေက ရှင်းပါတယ်။ ဒီကောင် ဘယ်တုန်းကမှ မရည်မွန်ပါဘူး။ ရည်မွန်တဲ့ပုံပဲ ပေါက်ခဲ့တာ။ ရေရှည်မှာတော့ သူ့ရဲ့ ဇာတိရုပ် အမှန်က အခုမှပေါ်လာတာပါ။ ဒီလို အဖြစ်တွေ တွေ့ကြုံရရင် အပြစ်ရှိတာဘယ်သူလဲလို့ ပြောဖို့ခက်ပါတယ်။ ခေတ်ရဲ့ တောင်းဆိုမှုက ဒီလိုမျက်လှည့်ပြကွက်မျိုး ဖြစ်နေမှတော့ မိုးခါးရေသောက်ကြရတာပါပဲ။

@ လူတစ်ယောက်အတွက် အခြေခံကျတဲ့အရာ

အလုပ်ထဲမှာ မကျွမ်းကျင်၊ အရည်အချင်းမရှိ၊ အတွေ့ အကြုံကလည်း နည်းပေမဲ့ ရာထူးရနေတာ လစာကောင်းနေ တာတွေ တွေ့ဖူးပါလိမ့်မယ်။ လူတစ်ယောက် အောင်မြင်မှု အတွက် နည်းပညာကျွမ်းကျင်မှုထက် စည်းစနစ်ရှိရှိ နေထိုင် ခြင်းက ပိုပြီးအဓိကကျပါတယ်။ တနည်းအားဖြင့် အပြင်အပ ဟန်ပန်အမူအရာထက် အတွင်းမှာရှိတဲ့ ခံယူချက်ကိုပိုပြီး အားပြုနေထိုင်ရမှာ ဖြစ်ပါတယ်။

လူငယ်တွေကြားမှာ စာရိတ္တဆိုတဲ့ဝေါဟာရကို သိပ် ပြီး မကြားရ တော့ပါဘူး။ ခေတ်နောက်ကျကျန်နေခဲ့တဲ့ အရာ တစ်ခုဖြစ်နေပါပြီ။ စာရိတ္တလို့ခေါ်ခေါ် ကိုယ်ကျင့်တရားလို့ ဆိုဆို အဲဒီအရာကတော့ လူတစ်ယောက်ရဲ့ အောင်မြင်မှု အတွက် အဓိကလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ စာရိတ္တမှာ ကျင့်ကြံနေထိုင်ရမယ့် အရာတွေက သိက္ခာတရား၊ သစ္စာတ ရား၊ ရဲရင့်တည်ကြည်ခြင်း၊ သနားကြင်နာခြင်း၊ အထောက် အကူပြုခြင်း၊ တာဝန်ယူတတ်ခြင်း၊ တရားမျှတခြင်းတို့ ပါဝင် ပါတယ်။

ကိုယ့်အထဲမှာ ဒါတွေ ခိုင်ခိုင်မာမာရှိနေပြီးမှ ပညာရပ် တွေကို လေ့လာ ဆည်းပူးကျင့်ကြံမယ်ဆိုရင် အလွန်ကို အောင်မြင်တဲ့ ဘဝသက်တာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ နည်းပညာ ကျွမ်းကျင်မှုအတွက် ငွေကုန်ကြေးကျခံ၊ အပင် ပန်းခံပြီးသင်ယူသလို ခိုင်မာတဲ့ စာရိတ္တကို ကျင့်ကြံနိုင်ဖို့ ခွန် အား စိုက်ထုတ်ကြဖို့လိုပါတယ်။ နည်းပညာတွေ ဘယ် လောက်ပဲ ကျွမ်းကျင်နေပါစေ လူအများ ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက် ဖြစ်မလာဘူးဆိုရင်တော့ အောင်မြင်မှုက ဝေးနေဦးမှာပါ။ ယုံကြည်စိတ်ချရတဲ့ လူတစ် ယောက်ဟာ နည်းပညာမှာ ကျွမ်းကျင်သလို စာရိတ္တအရာမှာ လည်း ခိုင်မာစွာ ကျင့်ကြံသူဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိသမျှ အရည်အချင်းတွေ အကုန်လုံးရှိ နေပါစေ ယုံကြည်စိတ်ချလို့ မရဘူး၊ တာဝန်မယူတတ်ဘူး ဆိုရင် ဘယ်မှာမှ အသုံးတည့်မှာ မဟုတ်ပါဘူး။ တကယ်တော့ ငါဆိုတဲ့ လူတစ်ယောက်က ငါပြောတာ ငါလုပ်တာထက်ပိုပြီး အဓိကျတယ်ဆိုတာ ဖြည်းဖြည်းချင်း သိသာ ထင်ရှားလာပါ လိမ့်မယ်။ ဘယ်လောက်ပဲ အပြောကောင်းကောင်း၊ ဘာတွေ ပဲ လုပ်နိုင်လုပ်နိုင် ငါဆိုတဲ့လူက ခိုင်မာတဲ့ စာရိတ္တ မရှိရင် ဘယ်သူမှ တန်ဖိုးထားမှာ မဟုတ်ပါဘူး။

လူတစ်ယောက်ဟာ တန်ဖိုးရှိရှိ သိက္ခာရှိရှိ အရောင် တလက်လက် ဖြစ်ဖို့ဆိုရင် အသိပညာ အတတ်ပညာ များကို ဆည်းပူးရင်း စာရိတ္တကိုလည်း အထူးကြပ်မတ်ကျင့် ကြံနေထိုင်ဖို့ လိုအပ်ကြောင်း လူငယ်များကို လက်တို့ လိုက်ပါရစေ။
စိုးနိုင် sdb
#CompanionOfYouth #soenaingsdb

Add new comment

3 + 17 =